* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, October 20, 2009

ဘုရားရှင် ၀ါကပ်တော်မူခဲ့တဲ့နေရာများ

အမေး။ ။ အရှင်ဘုရား………တပည့်တော်များ ဘာသာရေးစာပေများကို ဖတ်တဲ့အခါ ဘုရားရှင် ၀ါကပ်တော်မူခဲ့တဲ့ နေရာများကို များစွာ တွေ့ရပါတယ်။ တပည့်တော်သိချင်တာက မြတ်စွာဘုရားသက်တော်ထင်ရှား ရှိတော်မူစဉ်က ၀ါကပ်တော်မူခဲ့တဲ့နေရာများကို စုံစုံလင်လင် သိချင်ပါတယ်။ အားလုံးလည်းသိရအောင်လို့ အဖြေပေးတော်မူပါအရှင်ဘုရား။
မနွယ်နွယ်အေး
ရန်ကုန်

အဖြေ။ ။မြတ်စွာဘုရား ဘုရားအဖြစ်သို့ ရောက်တော်မူပြီးတဲ့အခါ ပဌမဗောဓိလို့ ခေါ်တဲ့ ၀ါတော်(၂၀)အတွင်း ကျွတ်ထိုက်တဲ့ ဝေနေယျများရှိရာ နေရာအသီးသီးသို့ ကြွရောက်ကာ ၀ါကပ်တော်မူခဲ့ပါတယ်။ ဒါကြောင့် ပဌမဗောဓိဆိုတဲ့ ၀ါတော် (၂၀)အတွင်း ၀ါကပ်တဲ့နေရာဌာနများကို အနိဗဒ္ဓ ၀ါဆိုရာဌာနများ လို့ ခေါ်ဆိုရပါတယ်။
(၁) ဘုရားရှင်ဟာ ဗာရာဏသီပြည်အနီး ဣသိပတန မိဂဒါဝုန်တောမှာ ပဉ္စ၀ဂ္ဂီ ငါးဦးတို့အား တရားရေအေး တိုက်ကျွေးတော်မူပြီး၊ ဗာရာဏသီပြည်ကို ဂေါစဂံပြုကာ မိဂဒါဝုန်တော မှာ ပဌမ၀ါ ကပ်တော်မူခဲ့ပါတယ်။
(၂-၃-၄) ရာဇဂြိုလ်ပြည်ကို အမှီပြုပြီး ဝေဠုဝန်ကျောင်းတိုက်မှာ ဒုတိယ၀ါ ၊ တတိယ၀ါ၊ စတုတ္ထ၀ါ ကပ်တော်မူခဲ့ပါတယ်။
(၅) ဝေသာလီပြည်ကို အမှီပြုပြီး မဟာဝုန်တောအုပ် အတွင်းမှာစုလစ်မွန်းချွန် အထွတ်တတ်တဲ့ ကျောင်းတော်မှာ ပဉ္စမ၀ါ ကပ်တော်မူခဲ့ပါတယ်။
(၆) မကုဋတောင် ချယားတောကျောင်းမှာ ဆဋ္ဌ၀ါ ကပ်တော်မူခဲ့ပါတယ်။
(၇) တာဝတိံသာနတ်ပြည် ပင်လယ်ကသစ်ပင်ရင်း ခင်းထားတဲ့ ပဏ္ဍုကမ္ဗလာ မြကျောက်ဖျာထက်မှာ အဘိဓမ္မာတရားတော်များကို ဟောကြားတော်မူကာ သတ္တမ၀ါ ကပ်တော်မူခဲ့ပါတယ်။
(၈) ဘဂ္ဂတိုင်း သုသုမာရဂိရ ပြည်ကို အမှီပြုပြီး သားတို့ကို ဘေးမဲ့ပေးရာဖြစ်တဲ့ ပဲစင်းခုံတော (တနည်း= ဘေသကဋ္ဌာအမည်ရှိတဲ့ ဘီလူးမ စိုးအုပ်တဲ့ တောအုပ်)မှာ အဋ္ဌမ၀ါ ကပ်တော်မူခဲ့ပါတယ်။
(၉) ကောသမ္ဗီကို အမှီပြုပြီး ဃောသိတာရုံကျောင်းတိုက်မှာ န၀မ၀ါ ကပ်တော်မူခဲ့ပါတယ်။
(၁၀) ပါလိလေယျကတောအုပ်(ပလလဲတောအုပ်)မှာ ပလလဲဆင်မင်းရဲ့ ပြုစုလုပ်ကျွေးမှုကို ခံယူတော်မူကာ ဒသမ၀ါ ကပ်တော်မူခဲ့ပါတယ်။
(၁၁) နာဠအမည်ရတဲ့ ပုဏ္ဏားရွာကို အမှီပြုပြီး နာဠိကာရုံကျောင်းတိုက်မှာ ဧကာဒသမ၀ါ ကပ်တော်မူခဲ့ပါတယ်။
(၁၂) ဝေရဉ္ဇာပြည်ကို အမှီပြုပြီး၊ နဠေရု ဘီလူးအုပ်စိုးတဲ့ တမာပင်အနီးမှာ ဒွါဒသမ၀ါ ကပ်တော်မူခဲ့ပါတယ်။
(၁၃) စာလီပြည် ဇန္တုရွာကို အမှီပြုပြီး၊ စာလီယတောင်ကျောင်းမှာ တေရသမ၀ါ ကပ်တော်မူခဲ့ပါတယ်။
(၁၄) ကောသလတိုင်း သ၀တ္ထိပြည်ကို အမှီပြုပြီး၊ ဇေတ၀န်ကျောင်းတိုက်မှာ စုဒ္ဒသမ၀ါ ကပ်တော်မူခဲ့ပါတယ်။
(၁၅) သက္ကတိုင်း ကပိလ၀တ်ပြည်ကို အမှီပြုပြီး၊ နိဂြောဓာရုံကျောင်းမှာ ပန္နရသမ၀ါ ကပ်တော်မူခဲ့ပါတယ်။
(၁၆) အာဠ၀ီပြည်ကို အမှီပြုပြီး၊ အဂ္ဂါဠ၀ နတ်ကွန်းကျောင်းတိုက်မှ သောဠသမ၀ါ ကပ်တော်မူခဲ့ပါတယ်။
(၁၇) မဂဓတိုင်း ရာဇဂြိုလ်ပြည်ကို အမှီပြုပြီး၊ ဝေဠုဝန်ကျောင်းတိုက်မှာ သတ္တရသမ၀ါ ကပ်တော်မူခဲ့ပါတယ်။
(၁၈-၁၉) စာလီယပြည် ဇန္တုရွာကို အမှီပြုပြီး၊ စာလီယတောင်ကျောင်းမှာ အဋ္ဌာရသမ၀ါ ၊ ဧကူန၀ီသတိမ၀ါ ကပ်တော်မူခဲ့ပါတယ်။
(၂၀) မဂဓတိုင်း ရာဇဂြိုလ်ပြည်ကို အမှီပြုပြီး ဝေဠုဝန်ကျောင်းတိုက်တော်မှာ ၀ီသတိမ၀ါ ကပ်တော်မူခဲ့ပါတယ်။
ဒါက ပဌမဗောဓိ ၀ါတော်(၂၀)အတွင်း ၀ါကပ်တော်မူခဲ့တဲ့နေများပါ။
(၂၁-၂၄) ၂၁ ၀ါမှစကာ ၂၄၀ါအထိ ၄၄ ၀ါတိုင်အောင် ကောသလတိုင်း သာဝတ္ထိပြည်ကို အမှီပြုပြီး၊ ဇေတ၀န်ကျောင်းတိုက်တော်နဲ့ ပုဗ္ဗာရုံကျောင်းတိုက်တော်တို့မှာ ၀ါကပ်တော်မူခဲ့ပါတယ်။
နောက်ဆုံး ၄၅ ၀ါမြောက်ကိုတော့ ပရိနိဗ္ဗာန်စံခါနီး ဝေသာလီပြည် ဝေဠုဝရွာငယ်မှာ နောက်ဆုံး ပဉ္စစတ္ထာလီသမ၀ါ ကပ်တော်မူခဲ့ပါတယ်ဆိုတာ ဖြေကြားပေးလိုက်ပါတယ်။
(မဟာဗုဒ္ဓ၀င်၊ တတွဲ၊ နှာ၁၆၁-၁၆၃)


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP