မြန်မာပြည်မှ အမိန့်ရ အေးဓားပြ ပြင်ပ အထူးကုဆေးခန်းများ
မြန်မာပြည်မှ အမိန့်ရ အေးဓားပြ ပြင်ပ အထူးကုဆေးခန်းများ
အမြင်
ရွှေလမ်းငွေလမ်းဝင်းကြည်
အင်း… ဒီကိစ္စ ဒီအကြောင်းလေးကို မရေးချင်ပေမဲ့ ဘလော့မိတ်ဆွေ http://anam308.blogspot.com
အနမ်းရဲ့ ၀မ်းနည်းကြောင်းလေးကို ဖတ်ရလို့ ဇာတ်လမ်းတစ်ပုဒ် အဖြစ် ရွေးထုတ်တင်ပြလိုက်မိပါ တယ်ကွယ်။ ကျမ်းမာရေးအတွက် လူတိုင်းအထူး သံဝေဂယူကြစေချင်ပါတယ်။
ကျွန်တော့်ရဲ့ ညီလေးက လည်ချောင်းကင်ဆာနဲ့ အဆုတ်ရောဂါနှစ်မျိုး ခံစား နေရတာပါ။ ပထမအကြိမ် အဆုတ်ရောဂါက တစ်နှစ်တိတိဆေးထိုး၊ ဆေးစားနဲ့ ကုသလို့ ပျောက်ကင်းခဲ့ပါတယ်။ လည်ချောင်းကင်ဆာကိုတော့ မသေခင်(၂)လ အလိုကမှ သိခဲ့ရပါတယ်။ မစားနိုင်တာကတော့(၆)လလောက် ခံစားခဲ့ရပါတယ်။ ကင်ဆာလို့ ဆေးစစ်သိရချိန်မှာ ယခင်က အဆုတ်ရောဂါပါ ပြန်လည်တွေ့ရှိရပါတယ်။
နယ်မှာ ကုမရတော့ ဆရာဝန်ကြီးများညွှန်ကြားစာနဲ့ ပထမအကြိမ် မန္တလေးဆေးရုံကြီးကို သွားရောက်ကုသပါတယ်။ သက်ဆိုင်ရာ ဆရာဝန်ကြီးက ပြင်ပအထူးကုဆေးခန်းမှာဆိုတော့ အဲဒီဆေးခန်းကို သွားရောက်ပြသရပါတယ်။ လည်ချောင်းက အစာ၊ရေ လုံးဝမမြိုနိုင်တော့ ဗိုက်ခွဲပြီး ပိုက်တပ်ရမယ်၊ အစာသွင်းရမယ်၊ အားပြည့်လာရင် လည်ချောင်းကို ချဲ့မယ်။ပြီးရင် ဓာတ်ကင်ကြမယ် လို့ပြောပါတယ်။ ဒီပြင်ပအထူးကုဆေးခန်းမှာ စုစုပေါင်း ကုန်ကျငွေ(၆)သိန်း ကုန်ပါမည်။ (စားစရိတ်၊ကားခများမပါသေးပါ)။ ကုန်စရာငွေ မတတ်နိုင်ကြောင်း ရင်ဖွင့် ပြောရပါတယ်။ ဒါကြောင့် အဲဒီဆရာဝန်ကြီးက မန္တလေးတိုင်းဆေးရုံကြီးကို တက်ရန် လက်မှတ်ရေးထိုးပေးပါတယ်။ ငွေမတတ်နိုင်ကြောင်း ပြောလို့ တိုင်းဆေးရုံမှ စိုက်ထုတ် ကုသပေးရန် ပြောပါတယ်။ ဒါပေမဲ့ ဗိုက်ခွဲခါနီးမှာ ကျွန်တော့ညီက မခွဲရဲတော့ပါ။ ကြောက်တာရယ်၊ ခွဲပြီး(၂)လ (၃)လ နေရရင် မဖြစ်ဘူး ဆိုပြီး ပြန်ဆင်းလာခဲ့ပါတယ်။ မန္တလေးတိုင်းရင်းဆေးရုံကြီးကို ပြောင်း၍ တက်ရောက်ကုသပါတယ်။ အနည်းငယ် သက်သာလာ ခဲ့ပါတယ်။ သက်သာလို့ နယ်အိမ်ကိုပြန်ဆင်းလာခဲ့ပါတယ်။ အစာက ဆန်ပြုပ် ခပ်ကျဲကျဲ ကိုသောက်နိုင်လာပါတယ်။မန်းမှာ (၂၅)ရက်လောက်ကြာခဲ့ ပါတယ်။
အိမ်ပြန်ရောက်တော့ တစ်ပါတ်လောက်နေပါတယ်။ ရောဂါများ မသက်သာပြန်လို့ ရန်ကုန်မြို့ကိုဆင်းကုကြပြန်တယ်။ ပြသမဲ့ဆရာဝန်ကြီးက ပြင်ပ အထူးကုဆေးခန်းမှာဆိုတော့ သူရှိရာကို လိုက်လံပြသခဲ့ပါတယ်။ ဆရာဝန်ကြီးက ဒီပြင်ပဆေးခန်းမှာ လုပ်ရင် ငွေကုန်ကြေးကျများမယ်၊ ငွေ(၁၀)သိန်းလောက်ကုန်လိမ့်မယ်သိရပါတယ်။ ဒါကြောင့် ရန်ကုန် ဆေးရုံကြီးကို တင်ပေးလိုက်ပါတယ်။ အထူးကူညီပေးရန်စာလည်း ရေးပေး လိုက်ပါတယ်။ ငွေကုန်ကြေးကျလည်း တော်တော်သက်သာပါတယ်။ ဗိုက်ခွဲ၍ ပိုက်တပ်ပြီး အစာ၊ဆေးများကို သွင်းပေးပါတယ်။ တစ်ပါတ်လောက်ကြာတော့ ဆေးရုံကဆင်းပေးပါတယ်။ (၂၃)ရက်နေ့ ပြန်ပြသရန်ပြောပါတယ်။ မသက်သာရင် ရန်ကုန်(သို့မဟုတ်) တောင်ကြီးကို ပို့ပြီးကုပေးမယ် ပြောပါတယ်။ ဒါကြောင့် နယ်က အိမ်ကိုပဲပြန်လာပါတယ်။
အိမ်ပြန်ရောက်တော့ တီဘီဆေးကို ပိုက်ကပဲ နံနက်(၅)နာရီအချိန်မှန် နေ့စဉ်သွင်းပေးပါတယ်။ အစာကို တစ်ရက်(၄)ကြိမ် ပိုက်ကပဲ သွင်းပေးရပါတယ်။ (၄)(၅)ရက်အတွင်း လူကတော်တော်လေး မာလာပါတယ်။ ပြောနိုင်၊ဆိုနိုင်၊သွားနိုင်၊လာနိုင်ကြီးပါ။ အဲ တစ်ညနေမှာ ဗိုက်ဖေါက်တပ်ထားတဲ့ ပိုက်က ကျွတ်ထွက်လာပါတော့တယ်။ အစာတွေ အပေါက်က ပန်းထွက်လာပါတယ်။ အရေးပေါ် မော်တော်ဆိုင်ကယ်နောက်က တင်စီးပြီး မြို့ထဲက မိသားစုဆရာဝန်ဆေးခန်းကို သွားပါတယ်။ ဆေးခန်းကပိတ်ထားတာကို တွေ့ရပါတော့တယ်။ ဒါနဲ့ အဲဒီဆေးခန်းနဲ့ကပ်လျှက်(……..) နာမည်သုံးလုံးပါတဲ့ ပြင်ပအထူးကုဆေးခန်းကြီးကို အားကိုး တကြီးနဲ့ ၀င်လိုက်မိပါတော့တယ်။ ဆေးခန်းနာမည်ကိုတော့ မပြောလိုတော့ပါဗျာ..။
ဆရာဝန်ကို သွားခေါ်နေတာက တစ်နာရီလောက်ကြာမယ်။ ရောက်လာပြန်တော့ ဟိုလူငေါက်၊ ဒီလူငေါက်နဲ့ပါ။ ကဲလာ ခွဲရမယ်..ပြောပါတယ်။ လူနာ ဆေးခန်းကိုရောက်တာက ညနေ(၆)နာရီပါ။ ကုန်ကျငွေကို သိပါရစေ ဆိုတော့ (၃)(၄)သိန်းကျမယ်။ လုပ်မှာလား၊ မလုပ်ဘူးလား၊ မလုပ်ရင် တိုင်းဆေးရုံကြီးကိုသွား။ လာမဲ့အပါတ် အင်္ဂါနေ့မှ ခွဲရမယ်။ (၅)ရက်စောင့်နေရမယ်ဟု ပြောနေပါတယ်။ ဒါနဲ့ ငွေကိုရအောင်ရှာရမှာပဲ လူက အရေးကြီးပါတယ်။ ခွဲပါဆရာရယ် လို့တောင်းပန်ပြီးအပ်လိုက်ပါတယ်။ ဒါတောင် သူ့ရှေ့မှာ တစ်ယောက်ရှိနေသေးတယ်။ စောင့်ရပါဦးမယ်ပြောလို့ စောင့်နေရပါတယ်။ ည(၁၁)နာရီမှာ ကျွန်တော့်ညီကို ခွဲစိတ်ခန်းထဲကထွက်လာရပါတယ်။
လူနာမှာ အစာမစားနိုင်တာရယ်၊ အရင်ရန်ကုန်ဆေးရုံကြီးမှ ခွဲတဲ့ချုပ်ရိုးဖြီထားရတော့ အသား မကျက်သေးပါ။ အဲဒီဘေးက ဓါးတစ်ကြောင်းရာ ထပ်ခွဲရတာဆိုတော့ တော်တော်လေးကို ခံစားနေရပါတော့တယ်။ မျော့မျော့လေးသာ နေရပါတော့တယ်။ (အော် ..လူနာရဲ့ ခံနိုင်ရည်အားကို မကြည့်ပဲ သူတို့ ငွေရရေးကိုသာ အထူးအလေးထားကြတာကိုး) ဟု စဉ်းစားမိပါတော့တယ်ဗျာ..။ လူနာ မေ့ဆေးပြေတော့ သူတို့ဗိုက်ခွဲပြီးတပ်ပေးတဲ့ပိုက်ကနေ ဆေးသွင်းပါတယ်။ မရတော့ပါ။ ခဲရာခဲစစ် နာရီဝက် တစ်ခါသွင်းပါမှ နည်းနည်းသာ ၀င်ပါတော့တယ်။တာဝန်ခံဆရာမကိုသွားပြောတော့(ကျမတို့ဆေးခန်းမှာ ဒါမျိုးကေ့စ်မလုပ်ဘူးပါတဲ့။ ဗိုက်ကိုထပ်ခွဲပြီး အထဲကပိုက်ကိုပြန်ပြင်ရမည်ဟု ပြောပါတယ်။ မလုပ်ပါနဲ့ဗျာ..ငွေထပ်မကုန်သော်လဲ လူနာက ယဲ့ယဲ့လေးသာကျန်ပါတော့တယ်..ထပ်တော့ မခွဲပါရစေနဲ့လို့တောင်းပန်ရပါတော့တယ်..။)။ ခွဲပေးသော ဆရာဝန်ကြီးကလည်း တစ်ရက် တစ်ခေါက်လာကြည့်သော်လည်း လူနာကို လုံးဝကိုင်မကြည့်ပဲ ဆရာဝန်ကြေးငွေ(၂၀၀၀) ကျပ်ပေးရပါတယ်။ ပြောသွားတဲ့ စကားကလည်း (ကျူပ်တာဝန်က ခွဲပြီးပြီ.. ကျန်တာကို သမားတော် လာကြည့်လိမ့်မယ်…။) တဲ့ဗျာ….။ တစ်ရက်ထက် တစ်ရက် လူနာက အစာမ၀င်တော့ ပိုဆိုးလာပါတော့တယ်..။ အကြောင်းမထူးတော့ပါ။ အထူးကုဆေးခန်းက မလိုအပ်ပဲ ၀ယ်ထားရတဲ့ဆေးတွေနဲ့ ငွေတောင်းတဲ့ ဘောက်ချာစာရွက်တွေကသာ လူနာကို တစ်ကိုယ်လုံး လုံအောင် ခြုံလို့ပေးရင်ရပါတော့မည်….။အထူးကုဆေးခန်းက ဆေးဝယ်ရတဲ့ ဈေးနှုန်းတွေကလည်း အပြင်ဆေးဆိုင်တွေထက် တစ်ဝက်ပိုများနေပါတယ်။ (၃)ရက်မြောက်နေ့မှာ အခြေအနေ မကောင်းတော့ လူနာကို ဆေးရုံပေါ်ကအတင်းဆင်းခိုင်းလိုက်ပါတယ်..။ နေ့(၃)နာရီမှဆေးရုံကဆင်းပြီး အိမ်ရောက် တော့ ညနေ(၆း၃၀)နာရီမှာ ကျွန်တော့ညီလေး သေဆုံးသွားပါတော့တယ်…..။
ကျွန်တော် ဘယ်သူ့ကိုမှတော့ အပြစ်မဆိုချင်တော့ပါ။ ညီလေးရဲ့ ကံတရား..အကျိုးပေးကိုက ကိုယ်ချင်းစာစိတ်မရှိ၊(ငွေရရှိရေးကိုသာ အဓိကထားကြတဲ့) ဗြဟ္မာစိုရ်တရားခေါင်းပါးသူတွေ လောကမှ အမြန် လွတ်ထွက်သွားပြီ.. ဟုသာခံစားတင်ပြလိုက်ရပါသတည်း။
လူတိုင်း၊လူတိုင်း ကျမ်းမာနေစဉ် အသေတတ်၊ အနေတတ်စေမဲ့ တရားတွေဖြင့် နာယူ၊ ကျင့်ကြံ နိုင်ကြပါစေ….။
ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၀၉ ခု၊အောက်တိုဘာလ(၁၉)ရက်၊နေ့(၁း၄၀)နာရီတွင် ရေးပါသည်။

0 comments:
Post a Comment