* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, September 30, 2009

ဖတ္မိသမွ်စာမ်ား(၄)

သာသနာတော် သန့်ရှင်း၊ တည်တံ့ ၊ ပြန့်ပွားရန်
ဖတ်မိသမျှစာများမှ သာသနာတော် သန့်ရှင်း၊ တည်တံ့ ပြန့်ပွားနိုင်ရန်အတွက် မကွေးဆရာတော်ကြီးရဲ့ သာရဏီရကထာကို ဖေါ်ပြပေး လိုက်ပါတယ်။
ပြည်ထောင်စု မြန်မာနိုင်ငံတော် ဆဋ္ဌမအကြိမ် နိုင်ငံတော်သံဃနာယကအဖွဲ့(၄၇)ပါးစုံညီ သတ္တမ အစည်းအဝေးတွင် မိန့်ကြားတော်မူအပ်သော သဘာပတိဥက္ကဌ အဘဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ၊ မကွေးမြို့ မဟာဝိသုတာရာမတိုက်သစ် ဆရာတော် ဘဒ္ဒန္တကုမာရ မဟာထေရ၏ သာရဏီယ သြ၀ါဒကထာမှ ကောက်နှုတ်ဖေါ်ပြပါသည်။
နိုင်ငံတော် သံဃမဟာနာယက ဆရာတော် အရှင်မြတ်တို့ဘုရား…
ဆရာတော်အရှင်သူမြတ်တို့ သာသနာတော် သန့်ရှင်းတည်တံ့ ပြန့်ပွားရေးဟူသော ဦးတည်ချက်ဖြင့် စုံစုံညီညီ ကြွရောက်တော်မူလာကြသည့် အတွက် “ယာဝကီဝဉ္စ ဘိက္ခဝေ ဘိက္ခု သမဂ္ဂါ သန္နိပတိဿန္တိ၊ သမဂ္ဂါ ၀ုဋ္ဌဟိဿန္တိ၊ သမဂ္ဂါ သံဃကရဏီယာနိ ကရိဿန္တိ၊ ၀ုဒ္ဓိယေ၀ ဘိက္ခဝေ ဘိက္ခူနံ ပါဋိကင်္ခါ နောပရိဟာနိ(ဒီ၊ ၂၊ ၆၅) ဟူသော ဘိက္ခု အပရိဟာနိယ ဒေသနာတော်နဲ့ ညီညွတ်သည့်အတွက် နှစ်သစ်ရွှင်လန်း ၀မ်းမြောက်ရပါသည် ဘုရား။

ဆရာတော်အရှင်မြတ်တို့ဘုရား…
ဘုရားတပည့်တော်တို့၏ သံဃာ့အဖွဲ့အစည်းအဆင့်ဆင့် ဖွဲ့စည်းမှု၏ ရည်ရွယ်ချက် (၇)ချက်တို့တွင် (က)တွင် သာသနာတော်သန့်ရှင်း တည်တံ့ပြန့်ပွားရန် ဖြစ်သည်ဟု ဆိုထားရာ ဘုရားတပည့်တော်တို့ ဆောင်ရွက်ရမည့် သာသနာတော်ကိစ္စများမှာ-
သာသနာတော် သန့်ရှင်းရန်၊
သာသနာတော်တည်တံ့ရန်၊
သာသနာတော် ပြန့်ပွားရန်တို့ ဖြစ်ပါသည်။
ထိုရည်ရွယ်ချက် (၃)ရပ်တို့တွင် သာသနာတော်သန့်ရှင်းရန်အတွက် ဂိုဏ်းပေါင်းစုံ သံဃအဖွဲ့အစည်း ဖွဲ့စည်းပြီး၊ ပထမငါးနှစ်အတွင်းတွင် ရဟန်းတု ရဟန်းယောင်များကို ဖယ်ရှားခြင်း၊
ပိဋကတ်တော်နှင့်မညီသော ရေးသားခြင်း၊ ဟောပြောခြင်း၊ ပြသခြင်း၊ ပြုလုပ်ခြင်းများကို နိုင်ငံတော် သိခြားဝိနည်းဓိုရ်အဖွဲ့များဖြင့် ဓမ္မ-အဓမ္မ ဆုံးဖြတ် စေခြင်းစသည်ဖြင့် သာသနာတော် သန့်ရှင်းရန်ကိစ္စများကို ဆောင်ရွက်ခဲ့သဖြင့် အထိုက်အလျောက် အောင်မြင်ခဲ့ပါသည်ဘုရား။
သို့ရာတွင် နှစ်ကာလ ကြာမြင့်လာသောအခါ ထိုရဟန်းတု ရဟန်းယောင်များ အဓမ္မ၀ါဒများ တစ်စတစ်စ ခေါင်းထောင်လာသည်ကို ဆရာတော်များ ကြားသိတော်မူကြပြီး ဖြစ်ပါလိမ့်မည်ဘုရား..
ဆရာတော် အရှင်မြတ်တို့ဘုရား..
နိုင်ငံတော်သံဃနာယကအဖွဲ့ဝင် ဆရာတော်အရှင်သူမြတ်တို့သည်-
(၁)ခမာ-အရာရာ၌ သည်းခံခြင်းဂုဏ်၊
(၂) ဇာဂရိယ- နိုးကြားခြင်းဂုဏ်၊
(၃)ဥဋ္ဌာန- ထကြွလုံ့လ၀ီရိယ ရှိခြင်းဂုဏ်၊
(၄) သံဝိဘာက- ခွဲခြားဝေဖန်ခြင်းဂုဏ်၊
(၅) ဒယာ- သနားငဲ့ညှာခြင်းဂုဏ်၊
(၆)ဣက္ခဏ- စေ့စေ့ငုငှု ကြည့်ရှုဆင်ခြင်းဂုဏ် ဟူသော နာယကဂုဏ်အင်္ဂါခြောက်ပါးတို့နှင့် ပြည့်စုံတော်မူကြသည့် အရှင်မြတ်များချည်းသာ ဖြစ်ကြရပါမည်ဘုရား။
ဤနာယကဂုဏ် ခြောက်ပါးတို့တွင်လည်း နောက်ဆုံးဖြစ်သော စေ့စေ့ငုငု ကြည့်ရှုဆင်ခြင်ခြင်းဟူသော “ဣက္ခဏ” ဂုဏ်အင်္ဂါကို ကိစ္စကြီးငယ် သွယ်သွယ်၀၀ ဟူသမျှတို့၌ ရှေ့ဂုဏ်အင်္ဂါ ခြောက်ပါးထက် အလွန်အကြူး အထူးအားဖြင့် အလိုရှိသင့်၊ အလိုရှိထိုက်၊ ပြည့်စုံစေသင့် ပြည့်စုံစေထိုက်လှပါသည်ဘုရား။
အဘယ်ကြောင့်နည်းဟူမူ အကြီးအမှူး ဦးစီးနာယက ဖြစ်ကြသော ပုဂ္ဂိုလ်တို့သည် မိမိတို့ကြီးမှူးရာ နယ်ပယ်အတွင်း၌ အကြောင်းအရာ ၀တ္ထုအစုစုတို့ကို တစ်ခုမကျန် ဝေဖန်ပိုင်းခြား ပြတ်သားစွာ သိမြင်အောင် ကြည့်ရှုဆင်ခြင်ပြီး၊ ပဂ္ဂဟ၊ နိဂ္ဂဟ ကိစ္စကြီးငယ် အသွယ်သွယ်တို့ကို ဆောင် ရွက်ပြုလုပ်မှသာလျှင် ချို့ယွင်းချက်မရှိ တိကျမှန်ကန်သော ဆောင်ရွက်ချက်ဖြစ်သဖြင့် လိုအပ်သော အကျိုးများ ပြီးစီးအောင်မြင်နိုင်သောကြောင့် ဖြစ်ပါသည်ဘုရား။
သို့ရာတွင် နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ကြီးသည် ကျောင်း၊ကျောင်းတိုက် ပိုင်ဆိုင်မှု အငြင်းပွားခြင်း၊ ကျောင်းသစ်ဆောက်လုပ်မှု အတည်ပြုခြင်း အစရှိသော အသေးအဖွဲကိစ္စများကိုသာ ဆောင်ရွက်နေကြရသည်က များပါသည်ဘုရား။
လွန်စွာ အရေးကြီးသည့် သာသနာသန့်ရှင်းရေးကိစ္စများကိုမူ စိတ်ပါဝင်စားသော အရှင်မြတ်များ အနည်းငယ်မျှသာ ရှိသည်ဟု ထင်မြင်ယူဆမိပါသည်ဘုရား။
နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ကြီးသည် သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်တွင် အမြတ်ဆုံး အဖွဲ့အစည်းကြီး ဖြစ်သည့်အတွက် သာသနာတော်သန့်ရှင်းရေးကိစ္စများသည် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကြီးမှာ တာဝန်အရှိဆုံး ဖြစ်ပါသည်။
ထို့ကြောင့် ဗုဒ္ဓမြတ်စွာ သာသနာတော်ကြီး၌ မည်သည့် အညစ်အကြေးများ၊ မည်သည့် ဘေးရန်များ၊ မည်သည့် အနှောက်အယှက်များ ဖြစ် ပေါ်နေသည်ဟု တိကျပြတ်သားစွာ သိမြင်အောင် ဆင်ခြင်ထောက်လှမ်း စုံစမ်းလေ့လာမှု အမြဲပြုနေကြဖို့ လိုပါသည်ဘုရား။
ယခုအခါ ပိဋကတ်တော်နှင့် မညီညွတ်သော ရေးသားခြင်း၊ ပြသခြင်း၊ ပြုလုပ်ခြင်း၊ ဟောပြောခြင်းများ ပေါ်ပေါက်နေသည်ကို လည်းကောင်း၊ ယခင် ကအဓမ္မဟု ဆုံးဖြစ်အပ်ခဲ့ပြီးသော အဓမ္မ၀ါဒများ ပြန်လည်ခေါင်းထောင်နေသည်ကို လည်းကောင်း ကြားသိတွေ့မြင်နေရပါ သည်ဘုရား။
ယင်းကိစ္စများသည် သာသနာတော်အတွက် ကြောက်မက်ဖွယ်ကောင်းသည့် လွန်စွာကြီးမားသော အညစ်အကြေးများ ဖြစ်ကြပါသည်ဘုရား။
ထိုသာသနာ့ဘေးရန်ကို မည်သို့မည်ပုံ တားဆီးကာကွယ်ရမည်၊ သုတ်သင်ပယ်ရှားရမည် စသည်တို့ကို လေးလေးနက်နက် စဉ်းစား နှိုင်းချိန်၍ မိမိတို့အချင်းချင်းလည်းကောင်း၊ နိုင်ငံတော် ဗဟိုသံဃ၀န်ဆောင် ဆရာတော်များနှင့်လည်းကောင်း၊ အခြားပညာရှင်မှားနှင့်လည်းကောင်း၊ တိုင်ပင်ညှိနှိုင်း၍ အလေးအနက်ထားကာ ဆောင်ရွက်တော်မူကြပါရန် လျှောက်ထားပါသည်ဘုရား။

အပြည့်အစုံသို့ »



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP