* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, September 30, 2009

ဉာဏ်ပညာနှင့်ပြည့်စုံသူ... မုနိသုတ်-

မုနိသုတ်- (ဉာဏ်ပညာနှင့်ပြည့်စုံသူ၊ ရဟန်း၊ ဘုရား၊ ရဟန္တာ။)

တဏှာ ဒိဋ္ဌိဟူသော ပေါင်းသင်းဆက်ဆံမှုကြောင့် ကိလေသာဘေး ဖြစ်ရ၏၊ အာရုံခြောက်ပါး တည်းဟူသော အိမ်မှ ကိလေသာမြူ ဖြစ်ရ၏၊ ကိလေသာ အိမ်မရှိသော ပေါင်းသင်းဆက်ဆံမှု မရှိသော ဤနိဗ္ဗာန်ကို ဘုရားတည်း ဟူသော မုနိသည် မြင်နိုင်စွမ်း ပေစွတကား။ 209-1

အကြင် မြတ်စွာဘုရားသည် ဖြစ်ခဲ့ဖူးသော ကိလေသာကို အကြွင်းမဲ့ ပယ်ဖြတ်ပြီး၍ နောင်ဖြစ်ပေါ်လာမည့် ကိလေသာကိုလည်း မစိုက်မပျိုးတော့ပေ၊ ကိလေသာ ဖြစ်ပေါ်လာမည့် အကြောင်းကိုလည်း မဝင်ရောက်စေ၊ ထိုမြတ်စွာ ဘုရားကို မုနိတို့တွင် ကိလေသာ အဖော်မမှီး တစ်ပါးတည်း လှည့်လည် ကြွသွားတတ်သော မုနိဟူ၍ ဆိုကြကုန်၏၊ သီလဂုဏ် ကျေးဇူးကို ရှာမှီးသော ထိုမြတ်စွာဘုရားတည်းဟူသော မုနိသည် ငြိမ်းအေးသော နိဗ္ဗာန်ကို မြင်တော်မူပြီ။ 210-2

အကြင် မြတ်စွာဘုရားသည် ကိလေသာ၏ တည်ရာ ခန္ဓာစသော မြေရာတို့ကို ဉာဏ်ဖြင့် ဆင်ခြင် ပိုင်းခြား၍ အဘိသင်္ခါရဝိညာဉ်ဟူသော မျိုးစေ့ကို ဖျက်ဆီးပြီးလျှင် တဏှာဒိဋ္ဌိဟူသော အစေးကို ထိုမျိုးစေ့သို့ မသက်ဝင်စေ၊ ဇာတိ ကုန်ရာ နိဗ္ဗာန်ကို မြင်သော ထိုမြတ်စွာဘုရားတည်းဟူသော မုနိသည် အကုသလဝိတက်ကို ပယ်ပြီး၍ သတ္တဝါဟူသော ခေါ်ဝေါ်ခြင်းသို့ မရောက်နိုင်တော့ပေ။ 211-3

အကြင် မြတ်စွာဘုရားသည် ကာမဘဝစသော နေရာ အိမ်အားလုံးတို့ကို သိသောကြောင့် ထိုနေရာအိမ်တို့တွင် တစ်ပါးပါးသော အိမ်ကိုမျှလည်း မတောင့်တ၊ ထိုမြတ်စွာဘုရားတည်းဟူသော မုနိသည် မက်မောမှု တဏှာကင်းသည် တပ်မက်မှု မရှိသည်ဖြစ်၍ နိဗ္ဗာန်တည်းဟူသော ကမ်းတစ်ဖက်သို့ ရောက်ပြီး ဖြစ်ရကား ကုသိုလ် အကုသိုလ်ကံကို အားမထုတ်တော့ပေ။ 212-4

ခန္ဓာစသောတရားအားလုံးကို နှိမ်နင်းပြီးသော တရားအားလုံးကို သိပြီးသော ကောင်းသော ပညာရှိသော ခန္ဓာစသော တရားအားလုံးတို့၌ တဏှာဒိဋ္ဌိအားဖြင့် မလိမ်းကျံသော ခန္ဓာစသော တရား အားလုံးကို စွန့်ပယ်ပြီးသော တဏှာကုန်ရာ နိဗ္ဗာန်၌ ညွတ်သော ထိုပုဂ္ဂိုလ်ကိုလည်း ပညာရှိတို့သည် မုနိ ဟူ၍ သိကုန်၏။ 213-5

ပညာတည်းဟူသော အားရှိသော သီလအကျင့်နှင့် ပြည့်စုံသော ကောင်းစွာ တည်ကြည်သော ဈာန်၌ မွေ့လျော်သော သတိရှိကာ ကပ်ငြိမှု 'ရာဂ' မှ လွတ်သော ငါးပါးသော ငြောင့်တံသင်း မရှိသော အာသဝေါ မရှိသော ထိုပုဂ္ဂိုလ်ကိုလည်း ပညာရှိတို့သည် မုနိ ဟူ၍ သိကုန်၏။ 214-6

တစ်ပါးတည်း လှည့်လည်သွားလာသော မောနေယျအကျင့်နှင့် ပြည့်စုံသော မမေ့မလျော့သော ကဲ့ရဲ့ခြင်း ချီးမွမ်းခြင်းတို့ကြောင့် တုန်လှုပ်မှု မရှိသော အသံတို့ကြောင့် မထိတ်လန့်သော ခြင်္သေ့မင်း ကဲ့သို့ အနိစ္စစသည်တို့ကြောင့် မထိတ်လန့်သော ပိုက်ကွန်၌ မကပ်ငြိသော လေကဲ့သို့ ခန္ဓာ စသည်တို့၌ မကပ်ငြိသော ရေဖြင့် မလိမ်းကျံ မကပ်ငြိသော ကြာကဲ့သို့ လောကဖြင့် မလိမ်းကျံ မကပ်ငြိသော သူတစ်ပါးတို့ကို အရိယမဂ်ဖြင့် ဆောင်တတ်သော မိမိကိုမူ သူတစ်ပါးက မဆောင်အပ်သော ထိုပုဂ္ဂိုလ် ကိုလည်း ပညာရှိတို့သည် မုနိ ဟူ၍ သိကုန်၏။ 215-7

အကြင်သူသည် သူတစ်ပါးတို့ ပြောဆိုသော ချီးမွမ်းခြင်း ကဲ့ရဲ့ခြင်းစသော စကားကြောင့် ဝမ်းမြောက်ခြင်း ဝမ်းနည်းခြင်း မဖြစ်မူ၍ ရေချိုးဆိပ်၌ ကြေးပွတ်တိုင်ကဲ့သို့ ဖြစ်၏၊ ထိုသို့ သဘော ရှိသော တပ်စွန်းမှု 'ရာဂ' ကင်းသော ကောင်းစွာ ထားအပ်သော ဣနြေ္ဒရှိသော ထိုပုဂ္ဂိုလ်ကိုလည်း ပညာရှိတို့သည် မုနိ ဟူ၍ သိကုန်၏။ 216-8

အကြင်ပုဂ္ဂိုလ်သည် စင်စစ် တည်ကြည်သော စိတ်ရှိ၏၊ ယက်ဖောက်ကဲ့သို့ ဖြောင့်၏၊ ယုတ်မာသော အကုသိုလ်ကံတို့ကို စက်ဆုပ်၏၊ မညီညွတ်မှု ကာယဝိသမစသည်ကို လည်းကောင်း၊ ညီညွတ်မှု (ကာယသမစသည်) ကို လည်းကောင်း စုံစမ်းဆင်ခြင် တတ်၏၊ ထိုပုဂ္ဂိုလ်ကိုလည်း ပညာရှိတို့သည် မုနိ ဟူ၍ သိကုန်၏။ 217-9

အကြင်ပုဂ္ဂိုလ်သည် ကမ္မဒွါရတို့၌ စိတ်ကို ကောင်းစွာ စောင့်စည်း၏၊ စောင့်စည်းသော စိတ်ရှိသည် ဖြစ်ရကား ပဌမအရွယ်၌ တည်သည်ဖြစ်၍ လည်းကောင်း၊ မဇ္ဈိမအရွယ်၌ တည်သည်ဖြစ်၍ လည်းကောင်း မကောင်းမှုကို မပြု၊ ထို ရဟန္တာမုနိကို ကိုယ် နှုတ်တို့ဖြင့် ထိပါး ခြုတ်ခြယ်ခြင်းငှါ မထိုက်၊ ထိုမုနိသည်လည်း တစ်စုံတစ်ယောက်ကိုမျှ မထိပါး မခြုတ်ခြယ်၊ ထိုပုဂ္ဂိုလ်ကို လည်း ပညာရှိတို့သည် မုနိ ဟူ၍ သိကုန်၏။ 218-10

စားဦးစားဖျားမှသော် လည်းကောင်း၊ စားနေဆဲတစ်ဝက်တစ်ပျက် အလယ်မှသော်
လည်းကောင်း၊ စားပြီး အကြွင်းအကျန်မှသော် လည်းကောင်း ဆွမ်းကို ရခဲ့မူ သူတစ်ပါးတို့ ပေးသည်ကိုမှီ၍ အသက်မွေးရသူ ရဟန်းသည် အဦး အဖျားရသဖြင့်လည်း ချီးမွမ်းရန် မထိုက်၊ အကြွင်းအကျန် ရသဖြင့်လည်း ဆန့်ကျင်ဘက် စကား ပြောရန်မထိုက်၊ ထိုပုဂ္ဂိုလ်ကိုလည်း ပညာရှိတို့သည် မုနိ ဟူ၍ သိကုန်၏။ 219-11

အကြင်သူသည် ပျိုမျစ်နုနယ် ငယ်ရွယ်စဉ် အချို့သော မိန်းမအဆင်း၌ မေထုန် ရာဂဖြင့် မကပ်ငြိ မဖွဲ့ယှက်၊ မောနေယျ အကျင့်နှင့် ပြည့်စုံလျက် လှည့်လည်နေသော မေထုန်အကျင့်မှလည်း ကင်းလွတ်၍ မာန်ယစ်ခြင်း မေ့လျော့ ခြင်းမှလည်း ကင်းလွတ်သော ကိလေသာ အနှောင်အဖွဲ့မှ လွတ်မြောက်သော ထိုပုဂ္ဂိုလ်ကိုလည်း ပညာရှိတို့သည် မုနိ ဟူ၍ သိကုန်၏။ 220-12

ခန္ဓာစသော လောကကို ပိုင်းခြားသိ၍ မြတ်သော နိဗ္ဗာန်ပရမတ္ထသစ္စာကို မြင်ပြီးသော သြဃလေးပါးနှင့် ခန္ဓာ အာယတနစသော သမုဒ္ဒရာကို ကူးမြောက်ပြီး၍ တာဒိလက္ခဏာသို့ ရောက်ပြီးသော ထိုသို့ သဘောရှိသော ထုံးဖွဲ့မှု 'ဂန္တ' ကို ဖြတ်ပြီးသော (တဏှာဒိဋ္ဌိကို) မမှီသော အာသဝေါကင်းသော ထိုပုဂ္ဂိုလ်ကိုလည်း ပညာရှိတို့သည် မုနိ ဟူ၍ သိကုန်၏။ 221-13

ရဟန်းနှင့်လူ နှစ်ယောက်သူတို့သည် မတူညီကြကုန်၊ ဝေးသောနေရာ သေးငယ်သော အသက်မွေးမှု ရှိကုန်၏၊ လူသည် သားမယားကို လုပ်ကျွေး၏၊ ရဟန်းသည် မက်မောခြင်းလည်း ကင်း၍ အကျင့်လည်း ကောင်း၏၊ လူသည် တစ်ပါးသော သတ္တဝါတို့ကို သတ်ဖြတ်မှုမှ မစောင့်စည်း၊ ရဟန်းသည် အမြဲ စောင့်စည်းသည်ဖြစ်၍ သတ္တဝါတို့ကို စောင့်ရှောက်၏။ 222-14

ဦးစွန်းရှိသော စိမ်းညိုသော လည်ရှိသော ဥဒေါင်းငှက်သည် ဟင်္သာ၏ လျင်မြန်ခြင်းကို တစ်ရံတစ်ခါမျှ မမီနိုင် သကဲ့သို့ ဤအတူ လူသည် မုနိဟု ဆိုအပ်သော ကိလေသာမှ ကင်းဆိတ်၍ တော၌ ဈာန်ဝင်စားလေ့ရှိသော ရဟန်း၏ လျင်မြန်ခြင်းကို အတုလိုက်၍ မပြုနိုင် ဟု မိန့်တော်မူ၏။ 223-15

၁၂ - မုနိသုတ်၊ ဥရဂဝဂ်၊ သုတ္တနိပါတ်ပါဠိတော်၊ ခုဒ္ဒကနိကာယ်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP