* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, September 27, 2009

*ေဗာဇၥ်င္တရား ခုနစ္ပါး(၇)*

နောက်ဆုံး ဗောဇ္ဈင်တရားသည် ဥပေက္ခာ သမ္ဗောဇ္ဈင် ဖြစ်၏။ ဥပေက္ခာ သဘောသည် စိတ်၏ မတိမ်းမစောင်း ညီညာသည့် သဘော၊ တည်ကြည်သည့် သဘောကို ဆိုလိုသည်။ အမှုခပ်သိမ်းတို့တွင် အဆင်ပြေ အဆင်ချောနေသည့် အခါတွင်လည်း အရမ်း စိတ်တက်ကြွခြင်း၊ ပလွှားခြင်းမျိုးလည်း မဖြစ်၊ အမှုခပ်သိမ်း အဆင်မပြေ အဆင်မချောသည့် အခါမှာလည်း အရမ်း စိတ်ဓါတ်ကျခြင်း မရှိ၊ ပကတိ တည်ကြည်ခိုင်မြဲသော စိတ်ဖြင့် အမှုခပ်သိမ်းကို အညီအမျှ သဘောထား၍ ဆက်ဆံတတ်ခြင်းသည် ဥပေက္ခာ မည်ပါသည်။ ဥပေက္ခာကို ဥပမာအားဖြင့် ကမ္ဘာမြေကြီးပေါ်၌ ထွန်းပလျက်ရှိသော နေနှင့် နှိုင်းယှဉ်ပြလေ့ ရှိ၏။ နေသည် တစ်ချို့သော သူကိုသာ ထွန်းလင်းစေပြီး တခြားသော သူတို့ အပေါ်မှာမူ မထွန်းလင်းဟူသော သဘောမရှိ။ နေမင်းသည် အရာခပ်သိမ်းတို့ အပေါ်ဝယ် အညီအမျှသာလျှင် ထွန်းလင်းသည်။ နေမင်းသည် ကမ္ဘာသူ ကမ္ဘာသား အားလုံးတို့ အပေါ်တွင် မခွဲမခြား တစ်သဘောတည်း ထား၍သာ ဆက်ဆံသည်။ ဥပေက္ခာသည် အရာခပ်သိမ်းတို့ အပေါ် သဘောထား တစ်မျိုးတည်းဖြင့် လက်ခံခြင်း၊ သိမ်းဆည်းခြင်း သဘောသာ ဖြစ်သည်။ ငြင်းဆန်သည့် သဘော၊ လက်မခံဘဲ မျက်နှာလွှဲသည့် သဘော မဟုတ်ချေ။

လျစ်လျူရှုသည် ဆိုသော မြန်မာစကားသည် အရှိကို အရှိအတိုင်း၊ အဖြစ်ကို အဖြစ်အတိုင်း လက်ခံခြင်း သဘောဖြစ်၏။ ဥပေက္ခာ သဘောကို ဆင်ခြင်၍ ဆက်ဆံရာသည်။ ထို့ကြောင့် အလွန်ပျော်ရွှင် ချမ်းသာဖွယ် အခြေအနေ အခါအခွင့်နှင့် ရင်ဆိုင်ရသော အခါမှာလည်း ကျွန်ုပ်တို့သည် အသင့်အတင့် နှလုံးသွင်း၍ ထိုချမ်းသာ ပျော်ရွှင်ဖွယ် အခြေအနေကို မှန်ကန်စွာ သုံးသပ်နိုင်သည်။ သူတို့သည် သူတို့ အတိတ်က စိုက်ပျိုးသည့် ကံမျိုးစေ့တို့၏ အသီး အပွင့်များကို ရိတ်သိမ်း သုံးဆောင် နေကြရခြင်းသာ ဖြစ်သည်ဟု သဘောထားနိုင်သည်။ သို့မဟုတ်မူ၍ အကြင်သူသည် အတိဒုက္ခ ရောက်နေသည်ကို ကြုံတွေ့ရသော အခါမှာလည်း ထိုသူတို့အပေါ် ကရုဏာစိတ် ပွားများခြင်းဖြင့် ကမ္မနိယာမ၏ အကျိုးပေးခြင်း သဘောကို ဆင်ခြင်၍ စိတ်နှလုံး တုန်လှုပ်ခြင်း ကင်းစွာ နေနိုင်ပါတော့သည်။ ဥပေက္ခာသည် ဂရုမစိုက် အရေးမထားသည့် သဘော မဟုတ်ပါ။ ဥပေက္ခာသည် အရာရာကို ညီမျှသော ခိုင်ခံ့သော အင်အားကောင်းသော စိတ်ဖြင့် အသင့်အတင့် နှလုံးသွင်းလျက် ဆက်ဆံခြင်း၊ လက်ခံခြင်းမျိုးသာ ဖြစ်ပါသည်။

ကမ္မဋ္ဌာန်းတရား အားထုတ်သော အခါ စိတ်သည် မရမာဏုမြူအဆင့် ရုပ်နာမ်ခ ပ်သိမ်းတို့၏ ခဏမစဲ တသဲသဲ တလှုပ်လှုပ် တဖြုတ်ဖြုတ်နှင့် ရုတ်ရုတ်သဲသဲ ဖြစ်လိုက် ပျက်လိုက်နှင့် ပြောင်းလဲ ဖြစ်ပေါ်နေသည့် အခြင်းအရာကို ထိုးထွင်း သိမြင်သော ကာလ ဤဥပေက္ခာ သမ္ဗောဇ္ဈင်သည် စိတ်ကို ထိုရုပ်နာမ်တို့၏ ဖြစ်ပျက်နေမှုကား ငါမဟုတ်၊ ငါ့ဟာမဟုတ်၊ သူ့သဘော သူဆောင်၍သာ ဖြစ်ပျက်နေကြ ကုန်သည်ဟု အသင့်အတင့် နှလုံးသွင်း၍ ရှုနေနိုင်အောင် ထိန်းကျောင်းပေး ပါသည်။

ဤကား ဗောဇ္ဈင်ခုနစ်ပါး မြတ်တရား ဖြစ်၏။ ထို ဗောဇ္ဈင်ခုနစ်ပါးကို ခိုင်မာ ရင့်ကျက်လာအောင် ကျွန်ုပ်တို့၏ တရားအားထုတ်မှု ကမ္မဋ္ဌာန်းခွင်ထဲတွင် လေ့ကျင့် အားထုတ်ရပါသည်။ ဗောဇ္ဈင် ခုနစ်ပါးတွင် သုံးပါးသော ဗောဇ္ဈင် တရားသည် စိတ်ကို နှိုးဆွသော ဗောဇ္ဈင်တရားများ ဖြစ်ပါသည်။ အခြား သုံးပါးသော ဗောဇ္ဈင် တရားကား စိတ်ကို ဆိတ်ငြိမ်စေသော ဗောဇ္ဈင် တရားများ ဖြစ်ပါသည်။ ဓမ္မ၀ိစယ (ပညာ) သမ္ဗောဇ္ဈင်၊ ၀ီရိယ သမ္ဗောဇ္ဈင်နှင့် ပီတိ သမ္ဗောဇ္ဈင် တို့သည် စိတ်ကို နိုးကြားအောင်၊ စိတ်ကို ရှင်သန် ဖျတ်လတ်မှု ရှိအောင် နှိုးဆွနိုင်သော သတ္တိရှိသည့် ဗောဇ္ဈင် တရားများ ဖြစ်ပါသည်။ ပဿဒ္ဓိ သမ္ဗောဇ္ဈင်၊ သမာဓိ သမ္ဗောဇ္ဈင်နှင့် ဥပေက္ခာ သမ္ဗောဇ္ဈင် တို့သည် စိတ်ကို တည်ကြည်အောင်၊ ငြိမ်သက်အောင်၊ ခိုင်ခံ့အောင် ပြုလုပ်ပေးသော ဗောဇ္ဈင် တရားများ ဖြစ်ကြပါသည်။

ထို ဗောဇ္ဈင် တရား ခြောက်ပါးတို့သည် အချင်းချင်း အညီအမျှ သဟဇာတ ဖြစ်ဖို့ လိုပါသည်။ အကယ်၍ စိတ်ကို လှုံ့ဆော်မှုဘက်က အရှိန် ပြင်းထန်လွန်း လျှင်လည်း စိတ်သည် မငြိမ်မသက် မရပ်မနားဘဲ လှုပ်ရှားနေတတ် ပါသည်။ စိတ်ကို ငြိမ်သက် တည်ကြည်စေသော ဗောဇ္ဈင် တရားများ ဘက်က အားကောင်းသွားပြန် လျှင်လည်း စိတ်မှာ သုန်မှုန် ထိုင်းမှိုင်းပြီး အိပ်ပျော်သွားတတ် ပါသည်။ ထိုသို့ စိတ်တက်ကြွလွန်းပြီး မငြိမ်မသက် လှုပ်လှုပ်ရွရွ ဖြစ်ခြင်းမှ လည်းကောင်း၊ စိတ်ထိုင်းမှိုင်း လေးလံပြီး အိပ်ပျော်သွားခြင်းမှ လည်းကောင်း ကင်းဝေးစေပြီး နိုးကြားစွာ အခြားသော ဗောဇ္ဈင် တရားများ ကိုလည်း အားကောင်းအောင် ထိန်းသိမ်းပေးသော တရားမှာ သတိ သမ္ဗောဇ္ဈင် ဖြစ်၏။

ဤသို့ စိတ်အစဉ် ဖြစ်ပေါ် တိုးတက်မှု ဖြစ်စဉ်သည် ဤမဂ်လမ်းတွင် တရား အားထုတ်သူ၏ စိတ်ကို နှိုးဆော်မှုများ၊ အားပေးမှုများဖြင့် ပြည့်နှက်စေ ပါသည်။ သတိ သမ္ဗောဇ္ဈင်၊ ဓမ္မ၀ိစယ သမ္ဗောဇ္ဈင်၊ ၀ီရိယ သမ္ဗောဇ္ဈင်၊ ပီတိ သမ္ဗောဇ္ဈင်၊ ပဿဒ္ဓိ သမ္ဗောဇ္ဈင်၊ သမာဓိ သမ္ဗောဇ္ဈင်၊ ဥပေက္ခာ သမ္ဗောဇ္ဈင် စသော ဗောဇ္ဈင် ခုနစ်ပါးနှင့် ပြည့်စုံအောင် အားထုတ်ထားသော စိတ်အခြေ အနေကို စဉ်းစားကြည့်ပါ။ ထိုစိတ်သည်ကား အရောင်အ၀ါ ထွန်းပသော ၀မ်းမြောက်ခြင်း များဖြင့် ပြည့်စုံသောစိတ် ဖြစ်နေပါပြီ။ ထိုစိတ်မျိုး ဖြစ်ပေါ်လာအောင် ယခု ဤနေရာမှာ ကျွန်ုပ်တို့ အားထုတ်နေကြခြင်း ဖြစ်ပါသည်။

ဗောဓိဉာဏ်ကို ဖြစ်စေသော ဤ ဗောဇ္ဈင် တရားများသည် မျက်မှောက် ခဏအတွက်သာ စိတ်ချမ်းသာမှု သုခကို ပေးစွမ်းနိုင်သည် မဟုတ်ပါ။ နိဗ္ဗာန်သို့ လည်းကောင်း၊ သဗ္ဗညုတ ဉာဏ်သို့ လည်းကောင်း၊ သံသရာမှ လွတ်မြောက်ကြောင်း ၀ိမုတ္တိသို့ လည်းကောင်း လျှောကျ သက်ဝင်စေနိုင် ပါသည်။

တစ်ခါတစ်ရံ နေ့စဉ်ရက်ဆက်ပင် ခန္ဓာကိုယ်မှာ နာကျင်မှု၊ ကိုက်ခဲမှုတွေ ဖြစ်ပေါ်ပြီး စိတ် ယောက်ယက်ခတ် နေခြင်းဖြင့်သာ ရင်ဆိုင်နေရသည့် အတွက် ကျွန်ုပ်တို့ ဘာလုပ်နေကြသလဲ ဆိုသည်ကိုပင် အလွယ်တကူ မေ့သွားတတ်ကြ ပါသည်။

သို့သော မမြင်နိုင်ဘဲလျက် ခဏတိုင်း ခဏတိုင်းမှာ သေချာပေါက် ဖြည်းဖြည်းချင်းသာလျှင် ဤ ဗောဇ္ဈင်တရား ခုနစ်ပါးသည် ဖွံ့ဖြိုး တိုးတက်လျက် နေပါသည်။ ကျွန်ုပ်တို့ လုပ်ခဲ့ပြီးသမျှ အလုပ်များသည် ကြီးကျယ်သော အလုပ်များ ဖြစ်ခဲ့ပါပြီ။ ဤကား စိတ်၏ အမြင့်မြတ်ဆုံး ဆင့်ကဲ တိုးတက်နေမှု ဖြစ်စဉ်ပင် ဖြစ်ပါသည်။

>>> ဗောဇ္ဈင်တရား ခုနစ်ပါးအကြောင်း ပြီး၏။

>>> ဆရာဦးဆန်းလွင်နှင့် ဆရာဦးဟန်ဌေးတို့ ဘာသာ ပြန်ဆိုသော ဂိုးလ်စတိန်း၏ ကိုယ်တွေ့ ၀ိပဿနာ စာအုပ်မှ ကူးယူဖော်ပြ မျှဝေအပ် ပါတယ် ခင်ဗျာ...။


လေးစားစွာဖြင့်
ဖိုးသား

9/27/2009, SUN:, 12:33:25 AM



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP