* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, September 27, 2009

မြတ်ဗုဒ္ဓ၏ အဋ္ဌမဝိပါက်တော်

ရှေးလွန်လေပြီးသော ကမ္ဘာတခု၌ ဘုရားအလောင်းတော်သည် ပဒေသရာဇ်မင်း ဖြစ်တော်မူသည်။ ထိုအခါ မိုက်မဲယုတ်မာသောသူများနှင့် သေရည်သေရက် သောက်စားပြီး ပျော်ပါးမူးယစ်နေလေ့ရှိသည်။
တနေ့သောအခါ အလောင်းတော်သည် သေရည်သေရက်သောက်စား၍ မူးယစ်လာသောအခါ အပြစ်မရှိသူတယောက်ကို သူမကြိုက်သော အကြောင်းတခုနှင့် ပတ်သက်ပြီး အလွန်ဒေါသဖြစ်မိသည်။

ထိုအခါ ထိုသူကို ငါးများကို ဓားနှင့်မွန်းသလို ရက်ရက်စက်စက် ညှဉ်းဆဲတော်မူခဲ့လေသည်။ ထို့နောက် သေလောက်အောင် တခါတည်း ပွဲချင်းပြီး ထိုးသတ်လိုက်လေသည်။ ထိုအကုသိုလ်ကံဆိုးကြောင့် အပါယ်ငရဲတွင် ကြိမ်ဖန်များစွာ ခံစားခဲ့ရသည်။ နောက်ဆုံးဘုရားဖြစ်တော်မူသောဘဝတွင် ဤဝိပါက် အဆက်ပါလာပြီး ဆရာဇီဝက၏ ခြေမတော်၌ ဓားဖြင့်ခွဲ၍ ကုသခြင်းကို ခံရလေသည်။

ဘုရားကို သတ်ရန် ဒေဝဒတ်သည် ဂိဇ္ဈဂုဋ်တောင်စောင်းမှ ကျောက်မောင်းဆင်၍ လှိမ့်ချရာ ကျောက်တုံးကြီးနှင့် မထိမခိုက်ဘဲ လွဲချော်သွား၏။ သို့သော် ကျောက်တုံးကြီးအဆင်းတွင် ကျောက်နံစောင်းကို ထိပြီး ကျောက်လွှာလွင့်စဉ်လာသည်။ ထိုလွင့်စဉ်လာသော ကျောက်ချပ်ထိမှန်သောကြောင့် ခြေမတော်အဖျား ပေါက်ပြဲပြီး သွေးစိမ်းတည်၍ နေလေသည်။ ထိုအနာသည် လွယ်ကူစွာ မပျောက်ဘဲ နာကျင်တော်မူလှသဖြင့် ဆရာဇီဝကအား ကုသစေသည်။ ဆရာဇီဝကသည် ခြေမတော်မှာ ကိန်းနေသော သွေးစိမ်းများကို ဓားဖြင့်ခွဲ၍ ကုသပေးသောအခါမှ ကောင်းစွာ ပျောက်ကင်းသွားလေသည်။

ဤနေရာတွင် ကုသိုလ်စိတ်ထားနှင့် အကုသိုလ်စိတ်ထား အကျိုးပေးပုံကို သတိပြုသင့်လှ၏။ ဆရာဇီဝကသည် ဘုရားခြေမတော်ကို ဓားဖြင့်ခွဲသော်လည်း ဝေဒနာပျောက်ကင်းစေရန် စေတနာဖြင့် ပြုလုပ်ခြင်းကြောင့် အကုသိုလ်မဖြစ်သည့်အပြင် ကုသိုလ်ကောင်းကျိုးပင် များစွာရလေသည်။
ကောင်းမှု မကောင်းမှုများတွင် စေတနာသည် အရေးကြီးသောအကြောင်းဖြစ်ပုံကို သတိပြု အရေးထားဖွယ်အဖြစ် ထင်ရှားသည်။ ဘုရားအလောင်းတော်သည် ထိုအကုသိုလ်ကံကြောင့် ငရဲကျရောက်ပြီး နောက်ဆုံး ပရိနိဗ္ဗာန်ပြုရမည့်ဘဝတွင် အရှိန်မပျောက်ဘဲ အကုသိုလ်အကျိုးဆက်ကို ပေးဆပ်သွားရသေးသည်။

ထိုအကုသိုလ်အကျိုးဆက်ကို လယ်တီပဏ္ဍိတ ဆရာ ဦးမောင်ကြီးက လင်္ကာစပ်ဆိုပုံမှာ-
ကျော်လွှာခတ်လို့၊ သွေးဓာတ်ဆူပူ၊
ခြေမတော်ဦး၊ ထွတ်ဖူးတဆူ၊
သွေးညိုကိန်းလို့၊ ကျိန်းစပ်တော်မူ၊
ဇီဝက ခွဲရ-ဘယ်ဝဋ်ဟူ။

ပဒေသရာဇ်၊ မင်းဖြစ်စဉ်ဝယ်၊
မူးယစ်သောက်စား၊ ဖောက်ပြားမဖွယ်၊
လူရှင် လတ်လတ်၊ ထိုးသတ်ပြန်တယ်၊
ဓားဝိပါက် အဆက်-သူကနွယ်။

မောင်အဂ္ဂ

( မြတ်မင်္ဂလာ ၂ဝဝ၁-ခု မတ်လ )

မြတ်ဗုဒ္ဓ၏ သတ္တမဝိပါက်တော်

ဒေဝဒတ်သည် သတ်လိုသော စေတနာနှင့် ဗုဒ္ဓအား သတ်ရန် ချက်ကောင်းကို အမြဲကြံစည်၍ စောင့်နေ၏။ သို့သော် ရှင်တော်ဘုရား၏ ဘုန်းသမ္ဘာကြောင့် တခါမျှ အကြံမအောင်ပေ။ တနေ့တွင် မိမိအား ယုံကြည်ကိုးကွယ်သူ အဇာတသတ်မင်းနှင့် တိုင်ပင်ပြီး အလွန်ဆိုးဝါးသော နာဠာဂီရိဆင်ကြီးကို အရက်တိုက်လွှတ်လိုက်သည်။ ထိုဆင်ကြီးသည် ဆွမ်းခံကြွနေသော ရှင်တော်ဘုရားနှင့် သံဃာတော်များ၏ ရှေ့တည့်တည့်တွင် ရောက်ရှိလာသည်။ တိုင်းသူပြည်သား လူအများတို့သည် ခေါင်းနပန်းကြီးပြီး ကြက်သီးတွေ တဖြန်းဖြန်းနှင့် ထိတ့်လန့်နေကြသည်။ အရှိန်နှင့် ပြေးလာသော ဆင်ကြီးသည် ရှင်တော်ဘုရားနှင့် ရင်ဆိုင်တွေ့တော့သည်။

ထိုအခါ ဘုရားရှင်၏ မေတ္တာတော်အဟုန်ကြောင့် မြတ်ဘုရား၏ ခြေတော်ရင်းမှာ ဝပ်တွားဦးခိုက်နေရှာသည်။ ဒေဝဒတ်နှင့် အပေါင်းအသင်းတွေကလည်း အံ့သြဖွယ်ရာအဖြစ်ကို မြင်ရတော့ ဝေးရာပြေးပြီး ရှောင်တိမ်းပုန်းကွယ်နေကြသည်။ မြတ်စွာဘုရားနှင့် သံဃာတော်များကတော့ ခါတိုင်းလိုပဲ ဆွမ်းခံလမ်းတွင် ဆက်လက်ပြီး ဆွမ်းအလှူခံနေကြသည်။ ထိုဖြစ်ရပ်သည် အဘယ်အကြောင်းကြောင့်ဆိုလျှင်-

ရှေးလွန်လေပြီးသော အတိတ်ဘ၀က ဗာရာဏသီပြည်၌ ဘုရားအလောင်းတော်သည် ဆင်ထိန်းဆင်ကျောင်းအမျိုးမှာ ဖြစ်တော်မူခဲ့သည်။တနေ့တွင် ဆင်စီးပြီး မြို့တွင်းသို့ လှည့်လည်ရာ လမ်းမှာ ဆွမ်းခံကြွလာသည့် ပစ္စေကဗုဒ္ဓါတပါးနှင့် ပက်ပင်းဆုံမိသည်။ ထိုအခါ အလောင်းတော်ဆင်ထိန်းက ကြိမ်းဝါးမောင်းမဲပြီး-ဦးပြည်းရဟန်း၊ ရှောင်ပေးပါ၊ ဆင်နဲ့တိုက်ပြီး အသေခံချင်လို့လား၊ မရှောင်ရင် ဆင်နဲ့တိုက်လိုက်မယ်။ ဤကဲ့သို့ ခြိမ်းခြောက်သည်။ ဒီလိုခြိမ်းခြောက်ပေမဲ့ ပစ္စေကဗုဒ္ဓါ အရှင်မြတ်ကတော့ တုန်လှုပ်ခြင်းမရှိပါ၊ ရဟန်းတို့၏ ဣနြေ္ဒ မပျက်စေဘဲ သွားရိုးသွားစဉ်အတိုင်းသာ ကြွသွားတော်မူသည်။ ဒါကို ဆင်ထိန်းက မြင်တော့ ပိုပြီးဒေါသထွက်လာတယ်။

သင် ရဟန်းဟာ ငါ့ကို သက်သက် မထီလေးစားလုပ်တာပဲ-လို့ ကြိမ်းဝါးပြီး ဆင်ကြီးနှင့် တိုက်ပြန်သည်။ ထိုအခါ ရှင်ပစ္စေကဗုဒ္ဓါက လျင်မြန်စွာ ဈာန်ယာဉ်စီးပြီး ကောင်းကင်ခရီးသို့ ပျံကြွတော်မူသည်။ ဆင်ရိုင်းကြီးဘေးမှ လွတ်သွားသော်လည်း ရုတ်တရက် ကောင်းကင်သို့ ပျံကြွရသည့်အတွက် ရုံတော်မူထားသည့် သင်္ကန်းတော်ကား လျှောကျကျန်ခဲ့သည်။ ထိုသင်္ကန်းကို ဆင်ကြီးက အတင်းနင်းပြီး ကြေမွသွားအောင် ဆွဲဆုတ်ပစ်လိုက်သည်။ ဘုရားလောင်း ဆင်ထိန်းဟာ ထိုအကုသိုလ်ကြောင့် ငရဲမှာ ကြာရှည်စွာ ခံစားရပြီး အဆုံးဘ၀ ဘုရားဖြစ်တော်မူသည့်အခါ နာဠာဂီရိဆင်နှင့် တိုက်သတ်သည့် ဝဋ်-ခံတော်မူရသည်။

ထိုဝဋ်တော်နှင့် စပ်လျဉ်း၍ လယ်တီပဏ္ဍိတ ဦးမောင်ကြီးက-
ဆွမ်းခံကြွမြန်း၊ ထိပ်ပန်းဘုန်းကြွယ်၊
မုန်ကျဆင်ကြီး၊ ခရီးအကျယ်၊
ဒေဝဒတ်မိုက်၊ လွှတ်လိုက်ပြန်တယ်၊
ရင်ဆိုင်တွေ့၊ ဆင်ဝှေ့ ဘယ်ဝဋ်နွယ်။

ဆင်ထိန်းဆင်ကျောင်း၊ အလောင်းဖြစ်တုံ၊
ရှင်ပစ္စေက၊ လမ်းမအဆုံ၊
ဒေါသထားလို့၊ ပြစ်မှားသုန်မှုန်၊
ဆင်နှင့်တိုက်၊ ဝဋ်လိုက်စေဖို့ ကြုံ-ဟု စပ်ဆိုတော်မူခဲ့သည်။

မောင်အဂ္ဂ

( မြတ်မင်္ဂလာ ၂ဝဝ၁-ခု ဖေဖော်ဝါရီလ )


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP