စကတ်တိုယဉ်ကျေးမှု
(၁)
နေ့စဉ်တွေ့မြင်နေရသော လူငယ်ကလေးများမှာ သွက်သွက်လက်လက် ဖြတ်ဖြတ်လတ်လတ်နှင့် ဖြစ်သည်။ တာဝန်ယူတတ်သော မျက်နှာပေးနှင့် ဖြစ်သည်။ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နေသော မျက်နှာပေးနှင့်ဖြစ်သည်။ လူကြီးတစ်ယောက်၏ ဟန်ပန်အမူအရာနှင့် ဦးညွတ်ခြင်း၊ လက်ဆွဲနှုတ်ဆက်ခြင်း၊ ပဋိသန္ဓာရစကားဆိုခြင်းတို့ကို လုပ်ဆောင်နေရပြီ ဖြစ်သည်။ ပြစ်တင်ရှုံ့ချခြင်း၊ ဝေဖန်ခြင်း၊ စိန်ခေါ်ခြင်းများကို ဖြေရှင်းနေရပြီ ဖြစ်သည်။
ဂျင်းဘောင်းဘီဝတ်ထားသော ကောင်ကလေး နှင့် စကတ်အတိုဝတ်ထားသော ကောင်မလေးတို့သည် မက်ဒေါ်နယ်အမြန်စားဆိုင်မှ ထွက်လာကြသည်။ ထို့နောက် မချင့်မရဲဖြစ်လာဟန်နှင့် လမ်းလယ်မှာရပ်ကာ ရင်ချင်းအပ်၍ နမ်းနေကြသည်။ ဖြတ်သွားဖြတ်လာတို့က အရေးစိုက်ခြင်းမရှိ၊ အမှုမဲ့ ဖြတ်သွားကြသည်။ နမ်းပြီးတော့ အနီးက ဆေးရုံထဲဝင်သွားကြသည်။ ထိုလူငယ်ကလေးနှစ်ယောက် သည် ဂျူတီကုတ်များကို ၀တ်ဆင်လိုက်သောအခါ ဆရာဝန်ကလေးများ ဖြစ်သွားကြသည်။ သူတို့၏နှုတ်မှ ဆေးပညာကျင့်ဝတ်နှင့် နည်းပညာမူများကို မချတမ်း ပြောနေတတ်သည်။ ဟန်ပန်က "ငါဒါကိုလုပ်နိုင်တယ်၊ ဒါဟာ ငါ့တာဝန်ဖြစ်တယ်" ဆိုတဲ့ ဟန်ပန်။ မူဘောင်စည်းကမ်းများအရ ပရော်ဖက်ဆာကို လူနာကြည့်ပေးဖို့ အရေးဆိုတော့မည့် ဟန်ပန်။ လူနာများကို ကိုယ့်သားသမီးများသဖွယ် ကြင်နာလိုက်မည် ဆိုသည့် ဟန်ပန်။
ဤကား ကမ္ဘာ့အနောက်ဘက်ခြမ်းမှ ရှုကွက် အချို့ ဖြစ်ပါသည်။
ငယ်ရွယ်ခြင်း၊ ဖြတ်လတ်ခြင်း၊ တိုတောင်းခြင်း၊ ရဲရင့်ခြင်း၊ ပွင့်လင်းခြင်းနှင့် တာဝန်ယူတတ်ခြင်း၊ ကျင့်ဝတ်စံများပြောင်းလဲခြင်း။ သို့မဟုတ် ယင်းစိတ္တဇနာမ်များဖြင့် အတိပြီးသော ခေတ်။
(၂)
ရုရှားစကားသင်ရင်း သူငယ်တန်းကြီး အဆင့်လောက် ရောက်လာတော့ ဆရာမက ကျွန်တော်တို့ကို ပုံပြင်တစ်ပုဒ် ပြောပြသည်။
"မုန်လာဥကို ကြွက်ကလေးက နုတ်တယ်။ နုတ်တယ် နုတ်တယ်။ ကျွတ်ပြီလားဟေ့။ မကျွတ်သေးဘူးခင်ဗျ။ အေးအေး- မကျွတ်သေးရင် ငါလာကူမယ်လို့ ပြောပြီး ကြွက်ကလေးရဲ့ခါးကို ကြောင်က လာဖက်တယ်။
-မုန်လာဥကို ကြွက်ကလေးက ဖက်ထားတယ်။ ကြွက်ကလေးခါးကို ကြောင်ကဖက်ထားတယ်။
နုတ်ဟေ့ နုတ်ဟေ့။ နုတ်တယ်နုတ်တယ်။ ကျွတ်ပြီလားဟေ့။ မကျွတ်သေးဘူးခင်ဗျ။ အေးကွယ် မကျွတ်သေးရင် ငါလာကူမယ်လို့ ပြောပြီး ကြောင်ရဲ့ခါးကို လူကလေးက လာဖက်တယ်။
-မုန်လာဥကို ကြွက်ကလေးက ဖက်ထားတယ်။ ကြွက်ကလေးရဲ့ခါးကို ကြောင်ကဖက်ထားတယ်။ ကြောင်ရဲ့ခါးကို ကောင်ကလေးက ဖက်ထားတယ်။
နုတ်ဟေ့နုတ်ဟေ့။ နုတ်တယ် နုတ်တယ်။ ကျွတ်ပြီလားဟေ့။ မကျွတ်သေးဘူးခင်ဗျ။ အေးကွယ် မကျွတ်သေးရင် ငါလာကူမယ်လို့ ပြောပြီး လူကလေးရဲ့ခါးကို သူ့အဘွားကလာဖက်တယ်။
-မုန်လာဥကို ကြွက်ကလေးက ဖက်ထားတယ်။ ကြွက်ကလေးရဲ့ ခါးကို ကြောင်ကဖက်ထားတယ်။ ကြောင်ရဲ့ခါးကို ကောင်ကလေးက ဖက်ထားတယ်။ ကောင်ကလေးရဲ့ခါးကို သူ့အဘွားကဖက်ထားတယ်။
နုတ်ဟေ့ နုတ်ဟေ့။ နုတ်တယ် နုတ်တယ်။ ကျွတ်ပြီလားဟေ့။ ကျွတ်ပြီခင်ဗျ။ ဒုန်း"
တဲ့။
အဲဒါက မူလတန်းကလေးလေးတွေ ဆိုရတဲ့ ကဗျာပုံပြင်ကလေးဆိုပဲ။ ဆရာမက အသံနေအသံထား၊ အမူအရာနှင့်တကွ သင်ပြပေးသည်။ ကျွန်တော်တို့တတွေ မူလတန်းကလေးတွေလို ရယ်ရင်းမောရင်း လိုက်ဆိုကြသည်။ ညီညီညွတ်ညွတ်လုပ်ရင် မုန်လာဥကျွတ်ရမည်ဟု ဆိုလိုတာလား၊ "လူညီလျှင် ဤကကျွဲ" ဖြစ်တာကို ပြောချင်တာလားတော့မသိ။
အဲဒီပုံပြင်ကိုကြားရတော့ မူလတန်းဖတ်စာအုပ်ထဲက အဘိုးအိုနှင့် သားသုံးယောက် ပုံပြင်ကို သတိရမိသည်။ အဘိုးအိုက သူ့သားသုံးယောက်ကို ထင်းချောင်းများနှင့် ဥပမာပေးသည်။ ထင်းချောင်း တစ်ချောင်းတည်းဆိုလျှင် ထင်းတွေက ကျိုးအောင်ချိုးဖို့ မလွယ်ဘူးလား။ လွယ်သည်။ ထင်းစည်းတစ်စည်းလုံး ဆိုလျှင်တော့ ကျိုးအောင်ချိုးဖို့ မလွယ်ကူ။ "အေး အဲဒီထင်းစည်းဥပမာကို သင်ခန်းစာ ယူပြီး ငါမရှိတဲ့နောက်မှာ မင်းတို့ညီအစ်ကိုသုံးယောက်ဟာ စည်းစည်းလုံးလုံး ချစ်ချစ်ခင်ခင် နေကြထိုင်ကြရမယ်ကွယ့်။ စည်းစည်းလုံးလုံးနေရင် သူတစ်ပါး ရန်ပြုလို့မရဘူး။ စည်းစည်းလုံးလုံးမနေရင်တော့ သူတစ်ပါးရန်ပြုဖို့လွယ်တယ်။"
အိမ်အောက်မှာ ၀ါးထင်းစည်း ကလေးတွေဝယ်ထားတာ ရှိသည်။ လက်မတစ်လုံးစာလောက်သာ တုတ်သော ကြိမ်ဝါး ကလေးများကို ခုနစ်လုံးရှစ်လုံးပူးကာ စုချည်ထားသော ထင်းစည်းကလေးများ။ ထင်းချောင်းကလေးများကို တစ်ချောင်းချင်းစီ ဖြည်၍ ဒူးပေါ်တင်ကာ ချိုးကြည့်သည်။ အမေတွေ့သွားပြီး ဆော်ပလော်တီးသည်။
"ထင်းတစ်စည်းရဲ့ တန်ဖိုးက ဘယ်လောက်လဲ။ နင်သိရဲ့လား"
"နှစ်ကျပ်ပါအမေ"
"အေး၊ ထင်းတစ်စည်းက နှစ်ကျပ်ဆိုရင် ထင်းတစ်ချောင်းက ဘယ်လောက်တန်သလဲ"
"နှစ်ကျပ်ဆိုတော့ ပြားဖွဲ့ရင် ပြားနှစ်ရာ၊ ထင်းတစ်စည်းမှာ ထင်းရှစ်ချောင်းပါတော့ ပြားနှစ်ရာကို ရှစ်နဲ့စား"
စိတ်ထဲမှာ အလုပ်များသွားရသည်။ အဘိုးအိုနဲ့သားသုံးယောက်ပုံပြင်ကို စမ်းသပ်နေတာပါလို့ ဘာဖြစ်လို့မပြောမိလိုက်ရပါလိမ့်။ အဲဒီတုန်းကမီးဖိုက ထင်းမီးဖို။
ညီတွေ ညီမတွေ လက်ထက်ရောက်တော့ ထင်းမီးဖိုကနေ လွှစာမီးဖို ဖြစ်လာသည်။ ညီလတ်က လွှာစာမီးဖိုနှင့် မီးတွေမွှေးလာရသည်။ ကျွန်တော်က လွှစာထောင်းပေးရသည်။ မီးဖိုက သံရေပုံးအဟောင်းတစ်လုံးထဲကို ရွှံ့ထည့်ကာမံပြီး အခြောက်ခံထားခြင်း ဖြစ်သည်။ မီးမွှေးခါနီး အခါကျရင် မီးဖိုထဲကို တုံးလေးတစ်တုံး ဒေါင်လိုက်ထည့်။ အဲဒီတုံးလေးရဲ့ ပတ်ပတ်လည်မှာ လွှစာမှုန့်တွေပြည့်သိပ်နေအောင် ထောင်းထည့်ပြီးမှ တုံးလေးကို သာသာလေး ဆွဲနှုတ်ရသည်။ "ညက်နေအောင်ထောင်းနော်၊သားကြီး" ဟု အမေက သတိပေးတတ်သည်။ ညက်အောင်မထောင်းလျှင် လွှစာမှုန့်သည် ချက်နေရင်းတန်းလန်းနှင့် ပြိုကျတတ်သည်။
အနာခံမှ အသာစံရမည်ဟု ဆိုလိုတာလား၊ နာနာထုလေ သံကောင်းလေလို့ ဆိုလိုတာာလား၊ နာနာသွေးလေ ဓားထက်လေလို့ ဆိုလိုတာလား။
"ဒီမယ်ဟေ့ ခင်ခင်။ ငါ့ဘ၀မှာ မင်းနဲ့တွေ့မှ လွှစာဖိုထဲထည့်ပြီး အထောင်းခံရတဲ့ လွှစာမှုန့်များလို ဖြစ်နေရတာကွ။ အထောင်းလည်းခံရတယ်။ မီးအမြှိုက်လည်းခံရတယ်။"
အဲဒါကတော့ လွှစာမီးဖိုကိုကြည့်ပြီးရေးထားတဲ့ ကိုယ်ပိုင်ဝတ္ထုထဲက ဇာတ်လိုက်မင်းသားရဲ့ စကား။
လက်တွေ့ဘ၀ရောက်လာတော့ လွှစာမှုန့်လို အထောင်းခံနေရတဲ့ ဇာတ်ကောင်တွေ၊ မီးအမြှိုက်ခံရတဲ့ဇာတ်ကောင်တွေကို တကယ်တွေ့လာရသည်။ စိတ်က မချင့်မရဲ။ ကဗျာနှင့်နူးညံ့အောင်ပြင်ရင်း အဖေထားချင်တဲ့ ကျောင်းကြီးကြီးကို လက်မတင်ကလေး ရောက်သွားသည်။
"အိမ်ပြန်ချင်စိတ်က နူးညံ့သိမ်မွေ့ ပြီး
အိမ်ပြန်ရောက်ဖို့ လုံ့ လ၀ီရီယက ကြမ်းတမ်းတယ်။
ဟိုးခပ်ငယ်ငယ်
ချောင်းကမ်းနံဘေးဆော့ကစား
မြွေကြိုက်တဲ့ခရာချုံခရာသီး ခူးစားသလို
ဘ၀က အဆိပ်နားနီးတယ်။" (ခိုင်မြဲကျော်စွာ)
ခရာချုံထဲက ခရာသီးခူးစားသလို အဆိပ်ကောင်တွေဝိုင်းနေတဲ့ ဘ၀ထဲက ချိုမြိန်ခြင်း အသီးအချို့အ၀က်ကိုပဲ ကျွန်တော်တို့က မက်မောနေခဲ့တာ မဟုတ်ဘူးလား။ မမက်မောဘူးလား။ မက်မော၏။
(၃)
ကျောင်းပိတ်လို့ အိမ်ပြန်ရောက်ရင် နှစ်နှစ်သုံးနှစ်အရွယ် ညီမကလေးကို ပုခက်လွှဲသိပ်ရင်း ပုံပြင်ပြောပြဖို့ ကြိုးစားသည်။ "ရှေးရှေးတုန်းက ကြောင်ကြီး တစ်ကောင် သောင်းကျန်းနေတဲ့ အိမ်ငယ်လေးတစ်လုံးမှာ ကြွက်အပေါင်းတို့ မှီတင်းနေထိုင်ကြသတဲ့ကွယ်" ဟုပြောပြီး အမူအရာလုပ်ပြသည်။ ညီမကလေးက တခစ်ခစ်ရယ်သည်။
အဲသည်ကြောင်ကြီးက ကြွက်တွေကို တစ်ကောင်ပြီးတစ်ကောင် ဖမ်းစားနေတော့ ကြောင်ကြီးရန်က လွတ်ကင်းရေးအတွက် ကြွက်အပေါင်းက စည်းရုံး တိုင်ပင်ကြသတတ်။ နောက်ဆုံးတော့ ကြွက်ကလေး တစ်ကောင်က အကြံပေးသည်။ ကြောင်ကြီးကို ချူဆွဲပေးရအောင်တဲ့။ ခြူသံကြားရင် ကြွက်အားလုံး ပြေးနိုင်တာပေါ့တဲ့။ အားလုံးက သဘောတူကြသည်။ လက်ခုပ်လက်ဝါးတွေ တီးလို့။ ပျော်ကြမြူးကြလို့တဲ့။ သူတို့အတွက် အဖြေရှာပေးသည့် ကြွက်ကလေးကို ကျေးဇူးတွေတင်ကြသည်။ ဒါပေမဲ့ အချက်အချာကျတဲ့ မေးခွန်းကို ကြွက်အိုကြီး တစ်ကောင်က ထပြီးမေးမြန်းလိုက်လေသည်။ "ကောင်းပြီ၊ ဒါဖြင့် ကြောင်ကို ဘယ်သူကခြူဆွဲပေးကြမှာလဲ"။
လူတွေက သိတာ တတ်တာတွေ များလာသောအခါ လက်တွေ့ဖြစ်ရပ်များကို သတိလစ်သွားတတ်သလား။
အဲသည် သင်္ခန်းစာမပြီးဆုံးမီ ညီမကလေးက ဖြတ်ပြီးပြောသည်။ "ကိုကိုကြီး၊ ကိုကိုကြီး၊ အိုက်ပူရှမ်းတွေပါ၊ အိုက်ပူရှမ်းတွေပါ" မပီကလာပီကလာနဲ့မို့ နားမလည်။ "မောင်တူရမောင်တူရ"တဲ့။
"မေမေ၊ ကောင်မလေး ဘာတွေပြောနေတာတုန်း"
"အိုက်ပူရှမ်းတွေပါလို့ ပြောနေတာဟေ့။ မင်းလုပ်တာနဲ့ ဒီကလေးကတော့ အိပ်တော့မှာပဲ။ "မောင်သူရကလေး"ကဗျာထဲက ဗိုက်ပူရှမ်းတွေ ကို ဆိုခိုင်းနေတာ။"
"အမေတို့ကဗျာကလည်း ကျွန်တော်မသိပါလား။ "မောင်သူရကလေး"တော့ မသိဘူး။ "မနီကလေး"ပဲ သိတယ်။ ဆရာတင်မိုးကဗျာ"
"မသိသာမသိတယ်။ နင်တို့ ဒါနဲ့ကြီးလာတာပဲ။"
"သားကဘာလို့မသိတော့တာတုန်း"
"နင့်အသက်ကြီးတော့ မေ့သွားတာနေမှာပေါ့" လို့အမေက အငေါ်တူးသည်။ အမေက သူ့သမီးကို သူ့ဖာသာကဗျာ ဆိုပြပြီး ချော့သိပ်သည်။ နားထောင်လို့တော့ အကောင်းသား။ ဗိုက်ပူရှမ်းတွေပါ ဆိုသည့် စာသားကိုရောက်တော့ ညီမကလေးက မပီကလာနှင့် "အိုက်ပူရှမ်းတွေပါ"လို့ လိုက်ဆိုသည်။ ညီအစ်ကိုတွေ နားထောင်ပြီး တခိခိကြိတ်ရယ်သည်။
ညီမကလေးနှင့် ပတ်သက်ပြီး ညီလတ်က မင်းလူ၏ ၀တ္ထုစာအုပ်တစ်အုပ် ငှားလာသည်။ "မိညီမ" တဲ့။ အစ်ကိုသုံးယောက်နှင့် ညီမကလေးတစ်ယောက် ၀တ္ထု။ အစ်ကိုသုံးယောက်ဘက်က စာနာမိခဲ့သလား ဘာလားတော့မသိ။ ဇာတ်လိုက်မင်းသမီး ဓာတ်ပုံရိုက်နေတုန်း နောက်ကဖြတ်လျှောက်ရင်း ဓာတ်ပုံထဲပါသွားသော အူကြောင်ကြောင် ဇာတ်လိုက်မင်းသား အကြောင်းသာ မှတ်မိသည်။ ဒီတိုင်းဆိုလျှင်တော့ မလွယ်။
ခုခေတ်မှာ အနုစာပေ ကဗျာ၊ ၀တ္ထု၊ အက်ဆေး ကောင်းကောင်းမွန်မွန်က နည်းသွားပြီး သတင်း၊ အတင်းနှင့် အသုံးချရေး စာပေတွေက ပိုမိုခေတ်စားလာသည်။ စာအုပ်စာပေရဲ့တန်ဘိုးကို ရုပ်ပိုင်းဆိုင်ရာ လိုအပ်မှုသက်သက်နှင့် တိုင်းတာရင် ပြည့်စုံမှုရှိနိုင်ပါ့မလားဟု မေးစရာရှိလာသည်။ အတတ်ပညာ နယ်ပယ်။ အသိပညာနယ်ပယ်။ ယဉ်ကျေးမှုနယ်ပယ်။ အတွေးအမြင်နယ်ပယ်။ ဘာသာရေးနယ်ပယ်။ လူမှုရေးနယ်ပယ်။ စီးပွားရေးနယ်ပယ်။ နိုင်ငံရေးနယ်ပယ်။ စကြာဝဠာနယ်ပယ်။
တလောကတော့ စာနယ်ဇင်းတွေနှင့် အွန်လိုင်းက သတင်းဘလော့တွေမှာ စကတ်တိုတိုနှင့် မြန်မာမိန်းကလေးတွေကို ဓာတ်ပုံနှင့်တကွ ဝေဖန်ချက်တွေ ရေးသားထားတာတွေ တွေ့ရသည်။ စကတ်တိုယဉ်ကျေးမှုက နေ့စဉ်လူမှုဘ၀ထဲ ရောက်လာခဲ့သည့် သဘောလား။ ဆရာမြသန်းတင့်ရဲ့ "ဓားတောင်" ထဲက "ခေတ်ရေစီးကြောင်းလား၊ ခေတ်မြောင်းပုပ်လား"ဆိုတဲ့ စကားလုံးများကို သတိသွားရမိသည်။ နံပါတ်ဖိုးနှင့် ဟစ်ပီယဉ်ကျေးမှုကို ဖိုးစွဲနေသည့် ရဲမြင့်တို့က ခေတ်ရေစီးကြောင်း ဟုမြင်သည်။ စာရေးဆရာကိုနန္ဒက မြောင်းပုပ်ဟု မြင်သည်။
"ယဉ်ကျေးမှုဆိုတာ ဒုတိယသဘာဝဖြစ်တယ်။ သဘာဝက သတ်သတ်တစ်ခု။ လူသားတွေ တီထွင်ဖန်တီးလိုက်တဲ့ ယဉ်ကျေးမှုက ဒုတိယသဘာဝ ဖြစ်တယ်" လို့ ဂေါ်ဂင်က ပြောဖူးကြောင်း ဆရာကြည်နိုင်ရဲ့ ရသစာတမ်းတစ်ပုဒ်ထဲမှာ ဖတ်ရသည်။
"အကယ်၍ နောင်တစ်ချိန်လိုအပ်လာခဲ့ရင် စကတ်တိုတွေဝတ်ရင် ဒေါက်မြင့်ဖိနပ်နဲ့မှ တင့်တယ်တာတို့၊ ဘောင်းဘီတိုဆိုရင် ဝေါ့ကင်းရှူး နဲ့မှတို့၊ ပွဲနေပွဲထိုင်မှာ (မရိုသေ့စကား) ပန်တီဟို့စ်မပါရင် ရိုင်းတယ်တို့ဘာတို့ကို ပညာပေးရရင် မကောင်းဘူးလား"
အမျိုးသမီး မိတ်ဆွေတစ်ယောက်က အကြံပြုသည်။ "စကတ်တို ဒေါက်မြင့်ဖိနပ်နဲ့ ခြေလှမ်းရေ တစ်မိနစ် ၁၂၀ နှုန်းလျှောက်တဲ့ အသားဖြူ အမျိုးသမီးတွေကို မြင်ရရင် ငါတို့အ၀ါမိန်းကလေး တွေက ဘောင်းဘီတိုသလောက် ခြေလှမ်းမသွက်သေးဘူးလို့ စဉ်းစားမိတယ်ဟယ်" တဲ့။
"အဲဒီတော့ ဘာဖြစ်လဲ။"
"အဲဒီတော့ မလှဘူးပေါ့ဟဲ့"တဲ့။ "စကတ်တိုဝတ်ပြီး လှုပ်လီလှုပ်လဲ့လျှောက်ရင် ရွံစရာကြီး"
သူမကလည်း ဆရာဝန်မ ပီပီ လက်တွေ့ပိုင်းကိုပဲ ကြည့်ပြီး ဘယ်လိုပညာပေးရမလဲပဲ စဉ်းစားနေသည်။ စကတ်တိုယဉ်ကျေးမှု ကို နံပါတ်ဖိုးယဉ်ကျေးမှုလို ခေတ်မြောင်းပုပ်လို့ ပြောဖို့ကလည်း မဖြစ်နိုင်။
နောင်ဆယ်နှစ်ကြာရင် ညီမကလေးကို စကတ်တိုပေးဝတ်မလား ပေးမ၀တ်ဘူးလားလို့ ညီအစ်ကိုတွေ တိုင်ပင်ကြသည်။ ညီလတ်ကတော့ ပေးမ၀တ်ဘူးတဲ့။ ညီအငယ်ဆုံးကတော့ ပေးဝတ်မတဲ့။ "အစ်ကိုကြီး၊ သူတို့ခေတ်ကြရင် ကိုရီးယားကားထဲကလို စကတ်တိုက ကျောင်းယူနီဖောင်းတောင် ဖြစ်လာနိုင်တာကွ။"တဲ့။ ကိုရီးယားကားထဲက စကတ်တိုနှင့် ပန်တီဟိုစ့်နှင့် ကျောင်းဝတ်စုံ ယူနီဖောင်း ၀တ်ထားသော ကောင်မလေးများကို မြင်ယောင်မိသည်။
ထမင်းပန်းကန်ထဲက ထမင်းလုံး ကြမ်းပြင်ပေါ်သို့ကျလျှင် အမှိုက်တွေနဲ့သိမ်းကျုံး လှည်းကျင်းတာခံရသည်။ ဒါဖြင့် ညင်ညင်သာသာလေး ကောက်ပြီး ထမင်းပန်းကန်ထဲ ပြန်ထည့်လိုက်မလား။
(၄)
ဘ၀က အဆိပ်နားနီးသည်။ အပြောမတတ်လျှင် မောင်ချောနွယ်၏ ကိုက်လမ်းကဗျာထဲကလို "ငါ့သစ္စာတရားက ငါ့အသက်ကို နှုတ်ယူသွားကြပေါ့" ဟူ၍ ဖြစ်သွားမည်။ ဂျင်းဘောင်းဘီနှင့် စကတ်တို၏ ရည်ရွယ်ချက်က ခရီးတွင်မှုနှင့် သက်တောင့်သက်သာ ရှိမှုတို့ ဖြစ်သည်။ မြန်မာမိန်းကလေးတွေကရော ဘယ်လောက်အမြန်နှုန်းနှင့် လျှောက်နေကြရသလဲ။ ဓာတ်ပုံထဲမှာမို့ ကျွန်တော်တို့ မမြင်ရ။ ကင်မရာမှာ အမြန်နှုန်းတိုင်းတာစက်၊ သို့မဟုတ် ယုံကြည်မှုတွေပါသော မျက်နှာပေးကိုပါ ထည့်ရိုက်ထားဖို့ ကောင်းသည်။
"ကမ္ဘာကြီးဟာ ရွာကြီးတစ်ရွာ ဖြစ်လာရင် ယဉ်ကျေးမှုတွေ ပေါင်းဆုံစုစည်းသွားကြမယ်" တဲ့။ ဟောပြောသူ မပြောဘဲ ချန်သွားသော အချက်က အမျိုးသားရေး စိတ်ဓာတ်နှင့် တံခါးပိတ်ဝါဒတို့ဖြင့် တုံ့ပြန်တွန်းလှန် လာနိုင်သည်ဟူသော အချက်ဖြစ်သည်။ ဂလိုဘယ်လိုက်ဇေးရှင်လားက ပိုအားကောင်းသလား၊ ယဉ်ကျေးမှုများတိုးတိုက်မိခြင်းက ပိုအားကောင်းသလား။
ကျွန်တော်တို့လူငယ်များမှာရော "ငါဒါကိုလုပ်နိုင်တယ်၊ ငါ့မှာတာဝန်ရှိတယ်၊ ငါ့ကိုယ်ငါ အပြည့်အ၀ တာဝန်ယူနိုင်တယ်" ဆိုတဲ့ ဟန်ပန်တွေ ရှိချင်ရှိ မနေနိုင်ဘူးလား။ ရဲတင်းပွင့်လင်းသည့် ဟန်ပန်တွေ ရှိမနေနိုင်ဘူးလား။ အသူ အတပ်ဆိုနိုင်သနည်း။
ထင်းတစ်ချောင်းစီဖြစ်နေတော့ မုန်လာဥက ကျွတ်ဖို့ခက်သည်။ လွှစာမှုန့်လို အထောင်းလည်းခံ မီးလည်းအမြှိုက်ခံရလျှင် ခြူဆွဲပေးမဲ့သူလည်း ရှိလာမည် မဟုတ်ပေ။ ဒါနဲ့ ထမင်းလုံးတွေအားလုံးကို သိမ်းကျုံးလှည်းကျင်း ပစ်ရတာက အလွယ်ဆုံး ဖြစ်လေတော့သည်။

0 comments:
Post a Comment