* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, August 20, 2009

မေးခွန်းရဲ့ အဖြေလို့.. (ဆင်းရဲသားပပျောက်ရေးတရားတော်...)


မေးခွန်းရဲ့ အဖြေလို့


ကိုင်း………တရားဆုံးပြီဆိုတော့ ပထမတုန်းက၊ နိုင်ငံခြားက ဒေါက်တာကလေးမေးတဲ့ မေးခွန်းပြန်ဖြေကြစို့။ တို့ ဗုဒ္ဓဘာသာ နိုင်ငံတွေ တကယ်ပဲ ဆင်းရဲသလား ဆိုတာ စစ်ကြရအောင်၊ ဥပမာ- မြန်မာနိုင်ငံ ဆိုပါစို့၊ ဒါနကံတွေပြုနေကြပါလျက် တကယ်ပဲ ဆင်းရဲနေသလား၊ ဒီမေးခွန်းကိုဖြေမည် ဆိုလျှင် ကံ နှင့် ကံအကျိုးပေးကို ပြန်စစ်ဆေးရမှာ ဖြစ်တယ်။


“ကံနှစ်မျိုး” ။ ။ ကံဆိုတာက ရှေးဘ၀က လုပ်ခဲ့တဲ့ကံ၊ ယခုဘ၀မှာ မှ လုပ်တဲ့ကံ လို့ နှစ်မျိုးရှိတယ်။ ယခုဘ၀ လုပ်တဲ့ ကံတွေထဲမှာ တချို့ ကံတွေက ဒိဋ္ဌဓမ္မ ဝေဒနိယ ကံဖြစ်ပြီး၊ ယခုဘ၀မှာပဲ အကျိုးပေးတာလည်း ရှိပါတယ်။ သူချည်းတော့ အကျိုးကြီးကြီး မပေးနိုင်ပါဘူး။ ရှေးဘ၀က ကံနှင့် ပူးပေါင်း နိုင်မှ အကျိုးကြီးပါတယ်။ မောင်ပုဏ္ဏသူဋ္ဌေး တို့ ကာက၀လ္လိယ သူဋ္ဌေး တို့ မေဏ္ဌက သူဋ္ဌေးလောင်းတို့ ထူးထူးခြား ခြား အကျိုးပေးကြတယ် ဆိုတာက ယခုဘ၀ ကံကလည်း စွမ်းအားကြီးပြီး၊ အတိတ်ကံကလည်း ရှိခဲ့ ကြတဲ့ အတွက် အကျိုးကြီးကြတာပါ။


ကံကို တားမြစ်နိုင် အခွင့်သာစေနိုင်တဲ့ အခြေအနေ လေးမျိုး။ ။ နောက်ပြီးတော့ ကံတွေ အကျိုးပေးကြတဲ့ နေရာမှာ၊ အကျိုးမပေးနိုင်အောင်၊ တားမြစ်ဖျက်ဆီး နိုင်တဲ့ အကျိုးပေးနိုင်အောင် အခွင့်သာစေနိုင်တဲ့ အခြေအနေ (၄)မျိုး ဆိုတာလည်း ရှိပါသေးတယ်။

၁။ ဂတိ. ၂။ ကာလ. ၃။ ဥပဓိ. ၄။ ပယောဂ လို့ (၄)မျိုး ရှိပါတယ်။


၁။ ဂတိ……… ဆိုတာ အမြင့်ဆုံး စကားနဲ့ ပြောတော့ လူ့ဘ၀၊ နတ်ဘ၀၊ တိရစ္ဆာန် စတဲ့ အပယ်ဒုဂ္ဂတိ ဘ၀ တွေ ရှိပါတယ်။ တစ်နိုင်ငံမှ တစ်နိုင်ငံ တစ်နေရာမှ တစ်နေရာ ရာထူး အလုပ်အကိုင် ၊ အပြောင်းအရွှေ့က အစ အကျုံးဝင်ပါတယ်။ ပြည့်စုံလျှင် ကုသိုလ်ကံ တွေ အကျိုးပေးခွင့်ရသလို၊ မပြည့်စုံဘူး ဆိုလျှင် အကုသိုလ်ကံ တွေ အကျိုးပေးခွင့် ရတတ်ပါတယ်။


၂။ ခေတ်ကာလ …………. သက်တမ်းအလွန်ရှည်ကြာတဲ့ ခေတ်၊ စကြာမင်းခေတ်မှ အစ ပဒေသရာဇ်ခေတ်၊ အရင်းရှင် ခေတ်၊ ကွန်မြူနစ်ခေတ်၊ ဆိုရှယ်လစ်ခေတ် စတဲ့ ခေတ်တွေ အကုန်လုံး အကျုံးဝင်ပါတယ်။

နိုင်ငံ တစ်နိုင်ငံ ရဲ့ ခေတ်ကို အစိုးရမင်းများ အုပ်ချုပ်တဲ့ အချိန်ကာလ နှင့် ဆုံးဖြတ်လေ့ ရှိပါတယ်။ ထင်ရှား တဲ့ လူထု ခေါင်းဆောင်၊ ထင်ရှားတဲ့ ဘာသာရေးခေါင်းဆောင် တွေနှင့် လည်း သတ်မှတ်ကြ ပါတယ်။ သူတို့ (သို့) ထင်ရှားတဲ့ ခေါင်းဆောင်ရဲ့ စည်းရုံးမှု/ နည်းစနစ် ကောင်းလျှင် ကောင်းသလို / မကောင်းလျှင် မကောင်းသလို၊ နည်းစနစ် အကောင်းအထည် ဖေါ်ပုံ ကျွမ်းကျင်လျှင် ကျွမ်းကျင်သလို၊ မကျွမ်း ကျင်လျှင် မကျွမ်းကျင်သလို၊ နိုင်ငံ သူ နိုင်ငံ သားတွေရဲ့ ကုသိုလ်ကံ အကျိုးပေးခွင့်၊ အကုသိုလ် ကံ အကျိုးပေးခွင့်၊ အလှည့်ရတတ်ပါတယ်။


အဲဒီထဲမှာ မိမိ တို့ ဒေသ၊ မိမိတို့ ရပ်ရွာ၊ မိမိတို့ မိသားစု အထိ၊ ဘယ်သူ့ လက်ထက် ဘယ်သူ့ခေတ် လို့ ပြောရ လောက်အောင်၊ ကုသိုလ်ကံ အကုသိုလ်ကံ အကျိုးပေါ်ဖို့ အရေး၊ ခေတ်တွေ က အဓိက ကျပါတယ်။ ခေတ် ဆိုတာ ကြီးကို၊ မိမိ မိသားစု က အစ၊ နိုင်ငံ နှင့် ကမ္ဘာအထိ အစိုးရ ရှိသူတွေက ဖန်တီးနိုင်ပါတယ်။ ခေတ် ကောင်းလျှင် ကုသိုလ်ကံ တွေ အကျိုးပေးခွင့် သန်သလို၊ ဘာမှ မဟုတ်တဲ့ ကုသိုလ်ကံ ကလေးတွေက တောင်၊ အကြီးကျယ် အကျိုးပေးနိုင်သလို၊ တစ်ဘက်က ကြည့်လျှင် လည်း တော်ရုံတန်ရုံ ကြီးမားတဲ့ ရှေးက ပြုခဲ့ တဲ့ အကုသိုလ် ကံ ကြီးတွေတောင် အကျိုးပေးခွင့် မရကြတော့ ပါဘူး။

ခေတ်မကောင်းလျှင်တော့ အကုသိုလ်ကံ တွေက အကျိုးပေးခွင့် သန်ကြပြန်ရော။ မပြောပ လောက်တဲ့ အကုသိုလ်ကံကလေးတွေ ကတောင်၊ ထထ အကျိုးပေးခွင့် ရနေကြတယ်။ တော်ရုံ တန်ရုံ ကုသိုလ် ကံကြီးတွေ လည်း အကျိုးပေးခွင့် မရ၊ ခေါင်းမဖေါ်နိုင်အောင် ဖြစ်တတ်ပါတယ်။ ဒါကြောင့် ခေတ်တစ်ခေတ် ကောင်းဖို့ အရေး အားလုံးမှာ တာဝန် ရှိပါတယ်။ အားလုံးရဲ့ ကံ တွေ အပေါ် သက်ရောက်နေတာ ကိုး။


၃။ ဥပဓိ……… ဥပဓိ ဆိုတဲ့ နေရာမှာ ရုပ်ဆင်း အင်္ဂါ ကို အဓိက ထားပြီး ပြောတာပါ။ ရုပ်ဆင်းအင်္ဂါ နှင့် ပတ်သက်တဲ့ မွန်မွန်ရည်ရည်နေထိုင်မှု ၊ ပြောဆိုမှု ၊ ဆက်ဆံ မှုတွေလဲအကျုံးဝင်သလို၊ ကိုယ်နေတဲ့ အဆောက်အဦး၊ ရပ်ရွာ ရပ်ကွက်က အစ အားလုံးအကျုံးဝင်ပါတယ်။ သန့်သန့် ရှင်းရှင်း၊ သပ်သပ်ရပ်ရပ်၊ ခန့်ညား ထည်ဝါမှု ရှိ/မရှိ စသဖြင့်ပေါ့။ အားလုံး အကျုံးဝင်ပါတယ်။ ဥပဓိ အသွင်အပြင် ကောင်းလျှင် ကောင်း သလောက်၊ ကုသိုလ် ကံတွေ အကျိုးပေးတတ်သလို၊ မကောင်းလျှင် မကောင်းသလောက် အကုသိုလ်ကံ တွေ အကျိုးပေးတတ်ပါတယ်။


၎။ ပယောဂ ………… အဲဒါကတော့ အရေးကြီးဆုံးပါပဲ။ ပယောဂ ဆိုတာ ပါဠိ လိုပြောတာပါ။ ဗမာလိုတော့ ´အလုပ်´ ကို လုပ်ကိုင်အားထုတ်မှု လို့ ခေါ်ပါတယ်။ အားထုတ် လုပ်ကိုင်တဲ့ အလုပ်အကိုင်က ကုသိုလ် အပြည့် အ၀ အကျိုးပေးခွင့် သာတဲ့ အလုပ်မျိုးဖြစ်မှ ကုသိုလ်ကံ က အပြည့်အ၀ အကျိုးပေးပါတယ်။ အားထုတ် လုပ်ကိုင် တဲ့ အလုပ်ဟာ ကုသိုလ်ကံ တွေ အပြည့် အ၀ ရနိုင်တဲ့ အလုပ် မဟုတ်ဘူး ဆိုလျှင် ကုသိုလ် ကံ က လည်း အပြည့်အ၀ အကျိုးမပေးနိုင်ပါဘူး။ ဥပမာ- တစ်နေ့ တစ်သိန်း ၀င်ငွေ ရအောင် အကျိုးပေးနိုင်တဲ့ ကုသိုလ်ကံ ရှိသော်လည်း ထိုသူလုပ်နေတဲ့ အလုပ်က တစ်ထောင်လောက် ၀င်ငွေ ရနိုင်တဲ့ အလုပ်မျိုးဖြစ်နေလျှင် ကုသိုလ်ကံ က အလွန်အကျွံဆုံး တစ်သောင်းလောက်ရ အောင်သာ လုပ်ပေးနိုင်ပါတယ်။ ထိုသူမှာ ကုသိုလ်ကံ အပြည့်အ၀ အကျိုးပေးခွင့် မရလို့၊ ကိုးသောင်းတိတိ ဆုံးရှူံးနစ်နာပါတယ်။ အကျိုးပေးခွင့် ရပြီးတဲ့ ကုသိုလ်ကံ ဟာလဲ အရှိန်ကုန်လျှင် နောက်ထပ်လဲ အကျိုးမပေးတော့ပါဘူး။


အကုသိုလ် အကျိုးပေးခွင့် ရစေနိုင်တဲ့ အလုပ်မျိုး လုပ်လျှင်တော့ အကုသိုလ် ကံတွေ က အကျိုးပေးတတ်ပါတယ်။
တစ်ချိန်တည်းမှာ ကုသိုလ်ကံ ရော၊ အကုသိုလ်ကံ ရော အကျိုးပေးခွင့် တူနေလျှင် ကုသိုလ်ကံ ရော၊ အကုသိုလ်ကံ ရော အကျိုးပေးဖို့ အခြေအနေ ရောက်နေလျှင် ဒီလေးမျိုး ပြည့်စုံမှု မပြည့်စုံမှု အပေါ်မှာ မူတည်ပြီးတော့၊ အကျိုးပေးခွင့် ရမှု မရမှု တွေ ဖြစ်တတ်ပါတယ်။ ဒီလေးမျိုးက သာ ပြုခဲ့ တဲ့ ကုသိုလ်ကံ အကုသိုလ်ကံတွေရဲ့ အစွမ်းသတ္တိကို တားမြစ်နိုင်သလို၊ အကျိုးပေါ်ဖို့ အခွင့်သာအောင် လုပ်ရာမှာလည်း အဓိက အဖြစ်ပါဝင်ပါတယ်။ အလွန်စွမ်းအားကြီးမားတဲ့ ဂရုကံ လို ကံမျိုးကြီးတွေ ကတော့ အရာရာကို လွှမ်းမိုးပြီး အကျိုးပေးတတ်ပါသေးတယ်။



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP