စိတ်သာရှင်စော...(၄) [ALL IS MIND-by David Samuel]

All Is Mind
David Samuel
စိတ်သာရှင်စော
ဘာသာပြန်- အလှတရား
အခန်း(၃)
သတ်မှတ်ခြင်း(Identification)
ဥယျာဉ်ထဲမှာ အလံတစ်ခု လွှင့်ထူထားတော့ လေတိုက်တဲ့အခါ တဖျပ်ဖျပ်လှုပ်နေတာပေါ့။ အဲဒါကိုတွေ့တဲ့လူတစ်ဦးက "လေ လှုပ်နေသဟ"လို့ ပြောလိုက်သတဲ့။ ဒီတော့ နောက်တစ်ဦးက " လေကလှုပ်နေတာမဟုတ်ဘူး။ အလံက လှုပ်နေတာပါ"လို့ ဆိုလိုက်တယ်။ အဲဒီစကားတွေကို လမ်းလျှောက်လာတဲ့ အဘိုးအိုကကြားတော့ အခုလို ၀င်ရောက်ဆွေးနွေးတယ်။ "သင်တို့ နှစ်ဦးစလုံးမှားတယ်။ လေကလှုပ်တာလည်း မဟုတ်သလို အလံကလှုပ်နေတာလည်း မဟုတ်ဘူး။ သင်တို့ရဲ့ စိတ်ကသာလှုပ်နေတာ ဖြစ်ပါတယ်။"တဲ့။
တစ်ခုခုကို အာရုံစိုက်နေတုန်း အရိပ်တစ်ခု ဖြတ်သွားတာမျိုးလို အခန်းထဲကို တစ်စုံတစ်ခု ဖြတ်သွားတဲ့အခါ (အသံကြားရတဲ့အခါမှာလည်း အဲဒီလိုပါပဲ) ခင်ဗျားရဲ့ အာရုံစိုက်မှုက အဲဒီအရိပ်နောက်(အသံနောက်)ကို လိုက်သွားတယ်။ နဂိုက ခင်ဗျားစူးစိုက်နေတဲ့ အရာဝတ္ထုက အခြားတစ်နေရာကို ရွေ့သွားတာ မဟုတ်ဘူးနော်။ ခင်ဗျားရဲ့ စိတ်ကသာ ၀တ္ထုတစ်ခုကနေ အခြားတစ်ခုကို ရွေှ့ပြောင်းစူးစိုက်သွားတာ ဖြစ်တယ်။ ဒါဟာ သတ်မှတ်ခြင်း ရဲ့ အခြေခံသဘာဝပဲ။ ဒါတွေဟာ စိတ်အခြေအနေ ပြောင်းလဲမှုဖြစ်စဉ်တွေအတွက် အရေးပါပါတယ်။
အတွေးတစ်ခုခု ဒါမှမဟုတ် ဖြစ်ရပ်တစ်ခုခုမှာ နစ်မျောပျော်ဝင်သွားခြင်းဟာ စိတ်အခြေအနေပြောင်းလဲမှု ကို ပဲ့ကိုင်တဲ့ အကြောင်းရင်း ဖြစ်တယ်။ ဒီလိုနစ်မျောပျော်ဝင်သွားတတ်တဲ့ သဘောကို သတ်မှတ်ခြင်း (identification) လို့ ဆိုလို့ရတယ်။ (identification က စိတ်ပညာ စကားလုံးဖြစ်ပြီးတော့ မသိစိတ်က မိမိနဲ့ မိမိမဟုတ်တဲ့ အခြားသူများကို ပုံဖော် ခွဲခြားသတ်မှတ်နေခြင်းမျိုးကို ရည်ရွယ်သုံးနှုန်းပါတယ်။ ဘာသာပြန်သူ)
ဒီဖြစ်စဉ်က ဘယ်အချိန်မှာ စတင်သလဲဆိုရင် ဖြစ်ရပ်တစ်ခုကို အသိ၊ သတိမပါတဲ့ သတ်မှတ်မှုကို ပြုလိုက်ခြင်းကနေ စတင်တယ်။ ဒါဟာ အသိ၊ သတိမပါဘဲ စိတ်ခံစားချက်အပေါ် သက်ရောက်ခွင့်ပြုလိုက်တာနဲ့ အတူတူပဲ။ သာမန်အားဖြင့် အဆုတ်ဟာ သန့်စင်တဲ့လေပဲဖြစ်ဖြစ် ညစ်ညမ်းတဲ့လေပဲဖြစ်ဖြစ် ဘယ်လိုလေပဲလာလာ တပြေးညီပဲ ရှူရှိုက်သလို စိတ်ကလည်း သူရရှိတဲ့ အဆင်း၊ အသံ၊ အနံ့တွေကို တစ်သဘောထဲထားပြီး ခံစားတယ်။ သတ်မှတ်ခြင်း ဖြစ်ပေါ်လာတဲ့ အခါမှာတော့ စိတ်ဟာ ပတ်ဝန်းကျင်မှာ နစ်မျောပျော်ဝင်သွားရပြီး ပတ်ဝန်းကျင်အလိုအတိုင်း အာရုံကောင်းတွေနဲ့တွေ့လို့ ပျော်ရွှင်တာတွေ အာရုံဆိုးတွေနဲ့တွေ့လို့ ၀မ်းနည်းဒေါသထွက်တာတွေ ဖြစ်လာမယ်။ သတ်မှတ်ခြင်း မပြုတဲ့ စိတ်ဟာ ခံစားလိုတဲ့အတိုင်း ရွေးချယ်ခံစားလို့ရတယ်။
သတ်မှတ်ခြင်းဟာ ရိုးစင်းတဲ့ အယူအဆတစ်ရပ်ပါ။ ဥပမာအားဖြင့် ခင်ဗျားဟာ တုပ်ကွေးရောဂါရှိနေတဲ့လူတွေနဲ့ အတူတူနေမယ်၊ သူတို့နှာချေထုတ်တဲ့လေကို ရှူမယ်ရှိုက်မယ်၊ သူတို့သောက်တဲ့ ဖန်ခွက်ကို သောက်မယ် ဆိုရင် ခင်ဗျားအနေနဲ့ ရောဂါရဖို့အခွင့်အလန်း များပါတယ်။ စိတ်ရဲ့ အခြေအနေတွေဟာလည်း ဒီအတိုင်းပါပဲ။ ပတ်ဝန်းကျင်က ခင်ဗျားစိတ်အခြေအနေနဲ့ ခင်ဗျားရဲ့ခံစားချက်တွေအပေါ် ဘယ်လိုသက်ရောက်နေသလဲဆိုတာကို အသိ၊သတိနဲ့ စောင့်ကြည့်ပြီးမနေရင် ပတ်ဝန်းကျင်ပြောင်းသလို ခင်ဗျားရဲ့စိတ်အခြေအနေကလည်း ပြောင်းမှာပဲ။ စိတ်ရဲ့ ခုခံမှုစနစ်က ဘာလဲ ဆိုတော့ အခုနက ပြောခဲ့တဲ့ ရောဂါဖြစ်နိုင်တဲ့ အနေအထားအပေါ် အသိ၊သတိ ထားခြင်းနဲ့ မိမိကိုယ်ကို စောင့်ကြည့်ခြင်းပါပဲ။
တုပ်ကွေးရောဂါရှိနေတဲ့လူတွေရဲ့ အခန်းထဲကို သွားတဲ့အခါ နှာခေါင်းစည်းကို တပ်သွားရင် ရောဂါမရနိုင်သလို စိတ်နဲ့စိတ်ခံစားမှုရဲ့ သတ်မှတ်ခြင်းကို ကာကွယ်ဖို့ နှာခေါင်းစည်းလိုတယ်။ အဲဒါကတော့ ရောဂါဖြစ်နိုင်ခြေကို အသိ၊သတိရှိဖို့ပဲ။ အသိသတိရှိဖို့က ဘာဖြစ်ဖို့လိုမလဲဆိုတော့ နိုးကြားနေဖို့လိုမယ်။ အိပ်မောကျနေရင်တော့ ကူးစက်ခံသွားရမှာပဲ။
လွန်ခဲ့တဲ့ ခုနစ်နှစ်တုန်းက ကျွန်တော်ဟာ စပိန်ကနေ ရောမကို ရထားနဲ့ ခရီးရှည်တစ်ခု ထွက်ခဲ့တယ်။ နေ့တွေရက်တွေ ကုန်ကုန်သွားတာနဲ့ အညီ ကျွန်တော်တို့ဟာ နွမ်းလျဖျော့တော့နေတဲ့ ဇနပုဒ်တွေကို တစ်ခုပြီးတစ်ခု ကျော်လွန်လာခဲ့တယ်။ နောက်တော့ ကျွန်တော်ကိုယ်တိုင် ပင်ပန်းနွမ်းလျပြီး ညှိုးငယ်ထိုင်းမှိုင်းလို့ လာတယ်။ နာရီများစွာ ကုန်လွန်သွားပြီးတဲ့နောက် ကျွန်တော်တို့ဟာ မြေထဲပင်လယ် ကမ်းခြေတစ်လျှောက် ကို ရောက်တယ်။ လူတွေက ကမ်းခြေမှာ ဆော့ကစားလို့။ ပင်လယ်ပြင်နဲ့ နေရောင်ခြည်ကို နှစ်လိုစွာခံစားလို့။ အဲဒီနားကိုရောက်တော့ ကျွန်တော်ဟာ ချက်ချင်းပဲ ပျော်ရွှင်တက်ကြွသွားခဲ့တယ်။ ဒါဟာ သတ်မှတ်ခြင်းကို ဥပမာပေးဖို့ အကောင်းဆုံးပါပဲ။ လက်ဦးက ကျွန်တော်ဟာ ဆင်းရဲနွမ်းပါးနေတဲ့ လူတွေကို မြင်တွေ့ခဲ့ရပြီးတော့ သူတို့ရဲ့ပတ်ဝန်းကျင်ကို လိုက်ပြီး ကျွန်တော်ဟာလည်း ညှိုးငယ်ထိုင်းမှိုင်းလာခဲ့တယ်။ မြင်ကွင်းက လှပတဲ့ ရှုခင်းရှုကွက်၊ ပျော်ရွှင်နေတဲ့ လူတွေအဖြစ် ပြောင်းလဲသွားတဲ့ အခါမှာတော့ ကျွန်တော့်ရဲ့ စိတ်အခြေအနေဟာလည်း ကျွန်တော်မြင်ရတဲ့အတိုင်း လိုက်လံပြောင်းလဲသွားခဲ့တယ်။
ဆက်ရန်...




0 comments:
Post a Comment