ခရီးသွားမှတ်တမ်း(၁၁)
“အခုအချိန် မှာ တပည့်တော်ရဲ့ အဖေအမေ နှစ်ပါးစလုံး မရှိတော့ဘူးဘုရား… တပည့်တော် အခုလို ပြည်ပမှာ အလုပ်လုပ်ဖြစ်နေတာ ဟာ တပည့်တော် ချမ်းသာချင်လို့ မဟုတ်ပါဘူးဘုရား၊ တပည့်တော်ဘ၀ အေးအေးဆေးဆေးနဲ့ ငြိမ်းငြိမ်းချမ်းချမ်း နေချင်ပါတယ်။ တပည့်တော် အခု အလုပ်တွေ လုပ်ပြီး အဖေအမေတွေကို ကျွေးချင်တယ်၊မွေးချင်တယ်၊ ဒါပေမဲ့ ကျွေးမွေးခွင့်မရတော့ဘူးဘုရား….ဒါဟာ တပည့်တော်မအတွက် အစားထိုးမရတဲ့ ဆုံးရှုံးမှုကြီးပါပဲဘုရား…… တပည့်တော်လည်း ဒီ siemreap မှာ အမြဲတမ်းနေသွားဖို့ စိတ်မကူးပါဘူး။ တပည့်တော်အသက်က အခုဆို လေးဆယ်ထဲ ရောက်နေပြီ ဒီထက်အသက်ကြီးလာတဲ့အခါ မြန်မာပြည်မှာ အကျိုးပြုလုပ်ငန်းတစ်ခုခု လုပ်ချင်ပါတယ် ၊ တပည့်တော် ရှာဖွေထားတဲ့ ပစ္စည်းတွေကို မိဘမဲ့ကလေးတွေအတွက် မြုပ်နှံချင်ပါတယ်၊ တပည့်တော်ကိုယ်တိုင်ကလည်း ဒီကလေးတွေကို လောကီပညာ သင်ပေးချင်ပါတယ် ဘုရား” လို့ သူ့ရဲ့ရှေ့လျှောက် အကောင်အထည်ဖေါ်မယ့် ခရီးလမ်းကြောင်းကို ပြောပါတယ်။
သူမစကားကြားရသောအခါ စိတ်ထားမွန်မြတ်လိုက်လေခြင်း၊ အနာဂါတ်အတွက် လုပ်ရမယ့်အလုပ်ကို မွန်မြတ်စွာ ရွေးချယ်တတ်လေခြင်း ဆိုပြီး သူမအား စိတ်ထဲက ချီးကျူးမိပါတော့တယ်။
ဒါကြောင့်လည်း သူမအတွက် ပစ္စည်းသုံးစွဲနည်းကို ဘုရားဟောတော်မူထားတဲ့အတိုင်း ပြောပေးချင်တဲ့အတွက် ဖေါ်ပြလိုက်ပါတယ်။
ရှာဖွေလို့ ရတဲ့ပစ္စည်းကို လေးပုံပုံရမယ်၊ တစ်ပုံက အရေးပေါ်ရင်သုံးဖို့ စုထားရမယ်၊ တစ်ပုံက လှူဒါန်းတာနဲ့စားဝတ်နေရေးမှာ သုံးပါ။ နှစ်ပုံက ရင်းနှီးမြုပ်နှံရမယ် လို့ ဘုရားရှင် ဟောကြားတော်မူခဲ့ပါတယ်။ ဒီအတိုင်း ကျင့်သုံးရင် အဆင်ပြေပါလိမ့်မယ် လို့ စေတနာဖြင့် ပြောလိုက်ပါရစေ…..။
အနာဂါတ်မျိုးဆက်သစ် ကလေးငယ်များအတွက် ထောက်ပံ့ချင်တယ်ဆိုတဲ့ အတွေးလေးက အလွန်ကောင်းတဲ့ မွန်မြတ်တဲ့ အတွေးဖြစ်သလို တကယ်လုပ်နိင်ရင်တော့ အကောင်းဆုံးပါပဲ၊ ဒါကြောင့်လည်း အကောင်အထည်ဖေါ်နိုင်ပါစေလို့လည်း ပြောလိုပါတယ်။
မမြင့်မြင့်သန်း က သူ့ရဲ့ ဘ၀ခံစားချက်များကို စာရေးသူတို့အား ကားစီးရင်း ပြောပြပါတယ်။ မိမိဘ၀အောင်မြင်တိုးတက်ပြီး ငြိမ်းချမ်းတဲ့ ဘ၀ကို လိုလားတဲ့ မြန်မာအမျိုးသမီးလေး မမြင့်မြင့်သန်း လိုရာဆန္ဒများ ပြည့်ဝပါစေကြောင်း စိတ်ထဲက မေတ္တာပို့ ဆုတောင်းပေး လိုက်ပါတော့တယ်။
Siemreap ,Mandalay inn Hotel ပိုင်ရှင် ဦးမောင်မောင်၏ စေတနာ
SEIMREAP မြို့တွင်း တစ်နေရာမှာ အင်တာနက်ကနေ ကြိုတင် contact လုပ်ထားတဲ့ Mandalay inn hotel မှာ တည်းခိုကြပါတယ်။ ညနေခင်းမှာ မြို့တွင်း နာမည်ကြီး old mark ဆိုတဲ့ ဈေးကြီးကို သွားရောက်လည်ပတ်ကြပါတယ်။ လက်ဆောင် ပေးဖို့အတွက် သော့တွဲလေးတွေ ၀ယ်ခဲ့တယ်၊ တည်းခိုတဲ့နေရာ ပြန်မယ်လုပ်တော့ မိုးရွာချနေတဲ့အတွက် တုတ်တုတ်လေးကို ၁ ဒေါ်လာပေးပြီး စီးခဲ့တယ်။
ညဦးအချိန်မှာ Mandalayinn hotel မှ ပိုင်ရှင်ဖြစ်သူ ဦးမောင်မောင်က စာရေးသူတို့ထံ လာရောက်တွေ့ဆုံကာ စကားပြောဖြစ်တယ်။ ကမ္ဘောဒီးယားရဲ့ ဘာသာရေးအခြေအနေလည်း မေးဖြစ်တယ်။
စာရေးသူ “ ဒကာမောင်မောင် အိမ်သားက မြန်မာပဲလား”
မောင်မောင် “တပည့်တော်အိမ်သားက ကမ္ဘောဒီးယားသူပါဘုရား”
စာရေးသူ “ ကမ္ဘောဒီးယားမှာ ဗုဒ္ဓဘာသာရဲ့ အခြေအနေ ဘယ်လိုရှိလဲ”
မောင်မောင် “ပြောရင်တော့ တပည့်တော်တို့ နေတဲ့ siem reap မြို့မှာ ဘာသာရေးက အလွန် (weak)ဖြစ်တယ်ဘုရား”
ဦးမောင်မောင် ပြောလို့သာ ဘာသာရေးအားနည်းတယ်လို့ သိရတာပါ။ ဒါကြောင့် ဘာသာရေး တိုးတက်စေရန် ဘယ်ပုံ ပြုလုပ်ရမည်ကို လည်း အကြံပြုခဲ့တယ်။ ကမ္ဘောဒီးယားတွင် အနာဂါတ်မျိုးဆက်သစ်များဖြစ်တဲ့ ဗုဒ္ဓဘာသာဝင် ကလေးများအား ဗုဒ္ဓယဉ်ကျေးမှုများ ဖြန့်ဝေ ပေးဖို့နှင့် ပဋိပတ္တိပိုင်းမှာလည်း ကျွမ်းကျင်တဲ့ ဆရာတော်များကို ပင့်ဆောင်ပြီး ဆောင်ရွက်ကြဖို့ကိုပါ တိုက်တွန်း ပြောဆိုခဲ့ပါတယ်။
ဦးမောင်မောင်ဟာ အီရက်ထရောနစ်ပစ္စည်းကို အလွန် ၀ါသနာပါသူမို့ စာရေးသူတို့နဲ့ ၀ါသနာတူပါ။ ပြီးတော့ သူကလည်း မြန်မာများနဲ့ စကားမပြောရတာ ကြာ၍လောမသိ ပြောမဆုံးပေါင် တောသုံးတောင် ပါပဲ။ သူ့မှာအသင့်ပါလာတဲ့ memorystick(4G)တစ်ခုကို “အရှင်ဘုရားအတွက် လိုအပ်မှာပါ” ဟုဆိုကာ စာရေးသူအား လှူလိုက်ပါတယ်။ ပြီးတော့ “မနက်ဖန် အရှင်ဘုရားများ အန်ကောဝပ်သွားတဲ့အခါ သုံးဖို့ ဟု ဆိုကာ စာအိပ်ဖြင့် အလှူငွေ (ဒေါ်လာ ၁၀၀ )ကို လည်း လှူဒါန်း တဲ့အပြင် အရုဏ်ဆွမ်း ကိုလည်း လှူဒါန်းပါတယ် ၊ မနက်ဖန် အန်ကောဝပ် သွားလည်တဲ့အခါ တောင်ပေါ်ကနေ SUN SET နေ၀င်ဆည်းဆာ အလှကို မြင်ဖို့အတွက် ဆင်စီးပြီး တောင်ပေါ်တက်ရပါတယ်၊ ဆင်ကိစ္စကိုလည်း သူပဲ စီစဉ်ပါ့မယ် ၊ ညနေကျရင် ဆင်စီးတဲ့ နေရာမှ သူ စောင့်နေပါ့မယ်လို့ ပြောပါတယ်။ ဒီလိုနဲ့ စကားများ ဖေါင်ဖွဲ့ အောင် ပြောဆိုကြပြီး ည ၁၁ နာရီခန့်မှာ အိပ်ရာဝင်ခဲ့ကြတယ်။
Angkor မြို့ဟောင်းကြီး
27.5.2009
စာရေးသူကတော့ ထုံးစံအတိုင်း မနက် ၄း၃၀ နာရီမှာ အိပ်ရာမှထပြီး ကွန်ပျူတာဖွင့်ကာ လာခဲ့တဲ့ ခရီးလမ်း အတွေ့အကြုံများ ကို အိတ်သွန်ဖာမှောက်ရေးရင်း မိုးစင်စင်လင်းပါတော့တယ်။
နံနက် ၇နာရီ ထိုးတယ်ဆိုရင်ပဲ မမြင့်မြင့်သန်း ရောက်ရှိလာကာ အန်ကောဝပ်ကို လျှောက်လည်ဖို့အတွက် Guide တစ်ယောက်နဲ့ ကားတစ်စီးပါ ရောက်နေပြီဖြစ်ကြောင်း ပြောလာပါတယ်။ သို့နှင့်
ဟော်တယ်အောက်ထပ်ရှိ Restaurant မှာ နံနက်စာ စားပြီးနောက် အန်ကောဝပ်ကို သွားရောက် လည်ပတ်ကြပါတယ်။
Angkor wat
အန်ကောဝပ်မှာ လေ့လာဖို့အတွက် ပါလာတဲ့ guide လေးရဲ့ နာမည်က Pie ‘ပင့်’ လို့ ခေါ်တယ်။ မြန်မာလိုက စိန်လို့ အမည်ရပါသတဲ့။ အန်ကောဝပ်တွင် Gide မရှိလျှင် သွားလာ ဖို့ မလွယ်ပါ။ တစ်ချို့ကတော့ အချိန်ယူပြီးစာအုပ်ဖတ်ကာ Gide မပါဘဲ သွားကြသူတွေလည်း ရှိပါတယ်။ စာရေးသူတို့ကတော့ စာဖတ်ချိန်မရတဲ့အတွက် Gide တစ်ယောက်လိုတယ် ဆိုတဲ့အကြောင်းကို siem reap မှ မမြင့်မြင့်သန်းအား မှာကြားခဲ့ပါတယ်။
သို့နှင့် Gide အတွက် တစ်နေ့လျှင် ဒေါ်လာ ၂၀ ပေးရပါတယ်၊ သွားလာဖို့ ကားကိုတော့ တစ်နေ့လုံးအတွက် ငှားရန်းခ ဒေါ်လာ ၂၀ ပေးရပါတယ်။ Angkor ကိုရောက်တယ်ဆိုရင်ပဲ ဂိတ် ၀င်ကြေး တစ်ယောက်ကို ဒေါ်လာ(၂၀)ပေးရပါတယ်။ အန်ကောမြို့ဟောင်းထဲ သို့ ကားနဲ့ဝင်လာတဲ့အခါ တစ်ချို့ချို့နေရာတွေမှာ လက်မှတ်စစ်ကြတဲ့အတွက် ဒေါ်လ (၂၀)တန်လက်မှတ် ထုတ်ပြရပါတယ်။
Angkor ဆိုတာက ယခင်မြို့ဟောင်းရဲ့ နာမည်ပါ။ အဲဒီမြို့ဟောင်းအတွင်းမှာ ဘုရားကျောင်းကြီးရှိပါတယ်၊ အဲဒီဘုရားကျောင်းကြီးကိုမှ angkorwat လို့ ခေါ်တာပါ။ angkor မြို့ဟောင်းမှာ ဘုရင့်နန်းတော်ဟောင်းကြီး ရှိတယ်။ angkor မြို့ဟောင်းရဲ့ area ဟာ ၉ ကီလိုမီတာရှိတယ်လို့ပြောပါတယ်။
Byon နတ်ဘုရားကျောင်း
ပထမဦးစွာ Byong ဆိုတဲ့ နတ်ဘုရားကျောင်းကြီးကို ရောက်ရှိပါတယ်။ Byong နတ်ဘုရားကျောင်းဟာ အလွန်အံ့သြစရာကောင်းပါတယ်၊ ကျောက်တုံးများကို အင်္ဂတေလုံးဝမပါဘဲ တစ်တုံးအပေါ် တစ်တုံးဆင့်ပြီးတင်ထားတယ်၊ ဒီလို ကျောက်တုန်းတွေ တစ်တုံးပြီးတစ်တုံးဆင့်တင်တဲ့နေရာမှာ တစ်ခုနဲ့ တစ်ခုကို အစပ်ခြင်း စေ့နေဖို့လိုတယ်၊ အဲဒီအတွက် ကျောက်တုံး ရဲ့မျက်နှာပြင်များကို ညီအောင် လုပ်နိုင်ဖို့ ဆိုတာ လွယ်ကူတဲ့အရာ မဟုတ်ပါဘူး၊ အမိုးကိုတော့ အစောင်းတစ်ဖက်ဖြတ်ထားတဲ့ ကျောက်တုံးများဖြင့် တစ်တုံးပေါ် တစ်တုံးဆင့်ပြီးတက်ထားတယ်၊ ယခုတိုင်ပြိုလဲတာ သိပ်မတွေ့ရပါဘူး၊ ထိုအဆောက်အဦးပေါ်မှာ သစ်ပင်များ ပေါက်ရောက်နေတဲ့အတွက် အနည်းငယ် ပျက်စီးနေတာ မြင်ရပါတယ်။ အံ့သြစရာကောင်းတဲ့ ကမ္ဘာ့အံ့ဖွယ်ထဲမှာ အန်ကောဝပ်လည်း တစ်ခုအပါအ၀င်ပေါ့။
အန်ကောမြို့ဟောင်းထဲက တစ်ချို့ယိုယွင်းနေတဲ့ အဆောက်အဦများကို မပြုမပြင်ဘဲ၊ မပျက်စီးအောင် ကာကွယ်ထားကြတာကို တွေ့ရပါတယ်။ ဒီလိုကာကွယ်ရုံ ကာကွယ်ထားတာက ရှေးဟောင်းအမွေအနှစ် အစစ်အမှန်များအဖြစ် တည်ရှိနေအောင်လို့ပဲဖြစ်တယ်။ ဒါကြောင့်လည်း ကမ္ဘာလှည့်ခရီးသည်များ သန်းချီပြီး လာရောက်ကြတာကို သိခဲ့ရပါတယ်။
Byong နတ်ဘုရားကျောင်းကြီးဟာ ဟိန္ဒူ တွေပဲ ဦးစီးလုပ်ဆောင်ကြတယ် လို့သိရပါတယ်။ ဒါကြောင့်လည်း Byoug နတ်ဘုရားကျောင်းကြီးမှာ ဟိန္ဒူ အငွေ့အသက်တွေ အများကြီး ကျန်ခဲ့တယ်။ အချို့နေရာတွေမှာဆိုရင် ဟိန္ဒူ သျှီဝနတ်ဘုရားရဲ့ လိင်ပုံသဏ္ဍာန်များကို များစွာတွေ့ရသလို ဟိန္ဒူနတ်ဘုရားရုပ်တုများကိုလည်း မြင်ခဲ့ရတယ်။ ရှင်းရှင်းပြောရင်တော့ ဒီနတ်ဘုရားကျောင်းကြီးဟာ ဟိန္ဒူနတ်ဘုရားကျောင်းကြီး တစ်ခုပါ။ ဒါပေမဲ့ တစ်ချို့နေရာတွေမှာတော့ ဗုဒ္ဓဘုရားရှင်ရဲ့ မျက်နှာတော်ပုံများကို သေသပ်စွာ ထွင်းထုထားပါတယ်။ ဘုရားမျက်နှာတော်ပုံ ထွင်းထုထားတဲ့ ဗိသုကာလက်ရာများဟာ အများအားဖြင့် 3D ပုံစံများ ဖြစ်နေတာကို တွေ့မြင်ရပါတယ်။
ဒါကြောင့်ပဲလားမသိ၊ Siem Reap Angkor Visitors Guide မှာ ဒီ byong ရဲ့ Religion က Buddhism လို့ ရေးထားပါတယ်။ patrom ဘုရင် ဂျာယာဝမန် (၇) လက်ထက် (၁၃)ရာစု စောစောပိုင်းလောက်မှာ byong temple ကို တည်ဆောက်ပြီးစီး ခဲ့တယ်လို့ ဆိုပါတယ်။
အန်ကောမြို့ဟောင်းအတွင်းက သမုတ်သိမ်
သို့နှင့် အံ့သြဖွယ်ရာ တည်ဆောက်ထားတဲ့ နတ်ဘုရားကျောင်းကို လေ့လာပြီးတဲ့အခါ သမုတ်သိမ်တစ်ခုသို့ ရောက်သွားပါတယ်။ အဲဒီသမုတ်သိမ်ရဲ့ ကျောက်ဆစ်ပုံများဟာ ပုဂံခေတ်က လက်ရာနဲ့ အဆင်တူနေပါတယ်။ ဒါ့အပြင် သိမ်နိမိတ်တိုင်များက ကျောက်ပြား နိမိတ်တိုင်များဖြစ်ပြီး၊ ထိုနိမိတ်တိုင်များအနက် တစ်ခုမှာ မြန်မာလို ရေးထားတဲ့ ကမ္ဗည်းကျောက်တစ်ချပ် တွေ့ခဲ့တယ်၊ စာလုံးတွေက မထင်ရှားတော့ပါ၊ ရေးထားတဲ့အထဲက (တပေါင်းလဆန်း ၁၇ ရက်) ဆိုတာလေးကိုတော့ ထင်ထင်ရှားရှားမြင်ရပါတယ်။ မြန်မာစာနဲ့ ရေးထားတဲ့ ကာယကံရှင်ဟာ ဒီသမုတ်သိမ်ကို ပြန်ပြုပြင်တဲ့သူလည်း ဖြစ်ချင်ဖြစ်မယ်၊ ဒီနေရာကို ရောက်လို့ ရေးခဲ့တာလည်း ဖြစ်ချင်ဖြစ်နိုင်တယ်။ ဘာဘဲဖြစ်ဖြစ် ဒီလိုနေရာမျိုးမှာ စာရေးသူတို့ရဲ့ မြန်မာစာနဲ့ လက်ရာတစ်ခုကို တွေ့ရတာဟာ စိတ်ထဲ ပီတိဖြစ်မိတာတော့ အမှန်ပါပဲ။
သိမ်သမုတ်အတွင်း ထိုင်တော်မူဘုရားကြီးဆိုရင်လည်း ဥာဏ်တော် ဘယ်လောက်ရှိတယ်ဆိုတာ မသိပေမယ့် အနည်းဆုံး ပေ၃၀ အထက်မှာ ရှိတယ်လို့ ယူဆရပါတယ်။ ဒီသမုတ်သိမ်ကြီးဟာ မြန်မာ့တို့ရဲ့ ပုဂံခေတ် လက်ရာများ ဖြစ်နိင်တယ်လို့ ယူဆရတဲ့အပြင် တစ်ချိန်က ဒီနေရာကို ဘုရင့်နောင် ရောက်ခဲ့တယ်လို့ ဂိုက်လေးရဲ့ပြောစကားအရ သိခဲ့ရတယ်။ သမုတ် သိမ်ကြီးကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၆၀၀ ခန့်က တည်ဆောက်ခဲ့တယ် လို့ ပြောပါတယ်။
ခမာတို့ရဲ့ ဘုရင့်နန်းတော်
ဒီလိုနဲ့ သမုတ်သိမ်ကို လေ့လာပြီးတဲ့နောက် ဘုရင့်နန်းတော်ကြီးကို ရောက်ပါတယ်။ နန်းတော်ရဲ့မျက်နှာစာဟာ အလွန်ကျယ်ဝန်းပြီး ရှည်လျားလှပါတယ်။ နန်းတော်ကြီးရဲ့ အရှေ့မျက်နှာစာမှာ ဗိုလ်ရှုခံ တစ်ခုရှိပြီး၊ တံတိုင်းရဲ့ အရှေ့နံရံတွေမှာ ဆင်ပုံများ ကို ထွင်းထုထားတာ တွေ့ရပါတယ်။
ယခင်က ထိုဗိုလ်ရှုခံနေရာမှာ ကိစ္စမျိုးစုံကြောင့် တိုင်းတစ်ပါးက ရောက်လာတဲ့ သူတွေဆိုရင် ဒီဗိုလ်ရှုခံကနေတဆင့် ဘုရင်ထံကို အခစား ၀င်ကြရတယ်၊ မျက်နှာစာရဲ့ ညာဖက်မှာတော့ ကြာပွင့်ပုံသဏ္ဍာန်ကြီးတစ်ခုရှိုပြီး၊ ၄င်းနေရာဟာ ဘုရင်များ နတ်ရွာစံရင် မီးသဂြိုလ်တဲ့ နေရာ ဖြစ်ပါသတဲ့။ တဖက်မှာလည်း ဒူးထောက်ထိုင်နေပုံ ထုလုပ်ထားတဲ့ ယာမမင်းနတ်ရုပ်တု တစ်ခုရှိပြီး ယခုတိုင် အမွှေးတိုင်တို့ဖြင့် ပူဇော်ထားဆဲ ပါ။ ဒါတင်မက Siemreap မြို့ထဲက တစ်ချို့နေရာတွေမှာလည်း ယာမမင်းရုပ်တုကို အဆောက်အဦနှင့်ကျကျနနထားပြီး ယခုတိုင် ပူဇော်ထားတာကို တွေ့ရပါတယ်။ ဒါဟာ ဟိန္ဒူတို့ရဲ့ အငွေ့အသက်တွေလို့ ဆိုရမှာပါ။ (ဆက်လက်ရေးသားပါဦးမည်)

0 comments:
Post a Comment