* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, July 8, 2009

ပုံပြင် ( ၂၅ )

( ထင်းထမ်း မင်းသုဘဒ္ဒ )

ဗာရာဏသီပြည်သား ထင်းထမ်းသမား သုဘဒ္ဒသည် ထင်းထမ်း၍ ရောင်ချ အသက်မွေးရသည်။ သူသည် ထင်းထမ်း၍ သွားလာနေရင်း ပါးစပ်ကိုမထား။ ဘုရားဂုဏ်တော်များကို ရွတ်ဆိုနေလေ့ရှိသည်။ သူသည် နမော တဿ နှင့် ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ တို့ကို ထပ်တလဲလဲရွတ်ဆိုရင်း ထင်းရောင်း၏။ တနေ့သ၌ ထင်းခွေသွားရာ ပင်ပန်း၍ သစ်ပင်အောက်၌ နားနေစဉ် နမော တဿ ဘုရားရှိခိုးနှင့် သရဏဂုံပါဠိကို ရွတ်ဆိုနှလုံးသွင်းနေ၏။ ထိုအခိုက် သိကြားမင်းသည် ပုဏ္ဏားအသွင်ဖြင့်လာ၍-အမောင် ဘာကိုရွတ်ဆိုနေသနည်း-ဟုမေးရာ ဘုရားဂုဏ်တော်ကို ရွတ်ဆိုနေပါသည်။ အသင်ကား မည်သူပါနည်း-ဟု သုဘဒ္ဒက ပြန်မေး၏။ သိကြားမင်းသည်လည်း ပုဏ္ဏားအသွင်ဖျောက်၍ မူလပကတိအသွင်ဖြင့် -အမောင် ငါကား သိကြားမင်းဖြစ်သည်။ အမောင့်ကို မ,မည်။ အမောင် အဘယ်ကို လိုသနည်း-ဟု မေးလေ၏။

သုဘဒ္ဒ ထင်းသည်က အကျွန်ုပ် ဗာရာဏသီပြည်၌ မင်းဖြစ်လိုပါသည်-ဟု ဆို၏။ သိကြားမင်းက ကောင်းပြီ၊ သင်သည် ဘုရားဂုဏ်,တရားဂုဏ်ကို အမြဲရွတ်ဆို ပွားများနေသူဖြစ်၍ မင်းအဖြစ်နှင့် ထိုက်တန်၏။ ငါသည် မင်းအဖြစ်ဆုကို သင့်အားပေး၏။ သင်သည် အဘယ်မျှကြာအောင် မင်းဖြစ်လိုသနည်း-ဟုမေးလျှင် သုဘဒ္ဒက တသက်ပန်ပင် မင်းဖြစ်လိုပါသည်-ဟုဆို၏။ သိကြားမင်းက တသက်ပန် မင်းအဖြစ်ကို ငါမပေးနိုင်-ဟုဆိုသော် နှစ်ငါးဆယ်မျှ ပေးပါ-ဟုတောင်း၏။ နှစ်ငါးဆယ်လည်း မပေးနိုင်ဟုဆို၍ နှစ်ဆယ့်ငါးနှစ်၊ ဆယ်နှစ်၊ ငါးနှစ်၊ တနှစ် စသည် တဖြည်းဖြည်းလျှော့လာရာ နောက်ဆုံး တနေ့နှင့်တညဥ့် မင်းအဖြစ်သာ ရလေ၏။



သုဘဒ္ဒသည် တနေ့နှင့်နညဥ့် မင်းအဖြစ်သာရ၍ စိတ်ညစ်ညစ်ဖြင့် ဤသစ်ပင်အောက်မှာပင် ဘုရားရှိခိုး၍ အိပ်လိုက်သည်။ ထိုအချိန်မှာပင် ဗာရာဏသီပြည်တွင် မင်းလစ်လပ်၍ ဖုဿရထား စေလွှတ်ပြီး မင်းလောင်းရှာလေသည်။ ဖုဿရထားသည် သစ်ပင်အောက်၌ အိပ်နေသော သုဘဒ္ဒ၏ ခြေရင်း၌ ဆိုက်လေ၏။ သုဘဒ္ဒသည် အိပ်ရာမှထ၍ အကြောင်းစုံ မေးသည်။ ပုရောဟိတ်တို့သည် လက္ခဏာကြီးငယ်ကိုကြည့်၍ ဤသူသည် ပြည်ကြီး အစီးအပွားကို ဆောင်နိုင်မည့်သူတည်း-ဟု ဆို၍ မင်းမြောက်တန်ဆာတို့ကို ဆင်ယင်လျက် တိုင်းပြည်သို့ ဆောင်ကာ မင်းမြှောက်ကြလေ၏။



သုဘဒ္ဒသည် တနေ့နှင့် တညဥ့်သာ မင်းဖြစ်ရမည့်သူဖြစ်သည်-ဟု စဉ်းစားလျက် ဘဏ္ဍာတိုက်မှ ရတနာတို့ကို ထုတ်ကာ စိတ်ရှိသမျှ လှူဒါန်းလေ၏။ ထမင်းဟင်းတို့ကို များစွာချက်စေ၍ လာသမျှတို့အား ကျွေးမွေးလေ၏။ အ၀တ်တန်ဆာတို့ကိုလည်း များစွာ လှူဒါန်းပေးကမ်း၏။ တနေ့လုံး လှူဒါန်း၍ာနေပိုင်းတွင် နတ်တို့ကို အမျှဝေ၏။



ထိုအခါ မြို့စောင့်နတ်တို့သည် သာဓုခေါ်၍ သုဘဒ္ဒမင်းအား အလွန်နှစ်သက်သည်ဖြစ်၍ သိကြားမင်းထံသွားကာ သုဘဒ္ဒအား တသက်ပန် မင်းအဖြစ်ကိုပေးရန် တောင်းပန်ကြကုန်၏။ ထိုအခါ သိကြားမင်းက နတ်တို့အလိုသို့လိုက်၍ သုဘဒ္ဒအား တသက်ပန် မင်းအဖြစ် တည်စေသော်-ဟု အခွင့်ပေးလိုက်သည်။ သုဘဒ္ဒသည်လည်း ဗာရာဏသီမင်းအဖြစ် တသက်ပတ်လုံး တည်လေသတည်း။


( ဤကား -ဗုဒ္ဓါနုဿတိ ဘာဝနာတွင် ဒါနအကျိုး ထပ်လောင်း၍ ကောင်းမှုကုသိုလ် ဆက်လက်ကာ တသက်ပန် မင်းဖြစ်ရသော ထင်းထမ်း မင်းသုဘဒ္ဒ၀တ္ထု ဖြစ်ပါသတည်း။

( လင်္ကာသာရ )
********************************************************************************

( စေတနာ မပြတ်သူ )

ဂေါတမမြတ်စွာဘုရားသည် သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် အခါက ဖြစ်သည်။ ယင်းသာဝတ္ထိပြည်တွင် နေထိုင်သည့် အာဂန္တုက အပုတ္တက အမည်နှစ်မျိုးရသော သူဌေးကြီး ကွယ်လွန်လေသည်။ ထိုသူဌေးတွင် အမွေဆက်ခံမည့်သူ မရှိပေ။ ထို့ကြောင့် သူဌေးပိုင် ဥစ္စာပစ္စည်းများကို ဘုရင့်ဘဏ္ဍာအဖြစ် သာဝတ္ထိပြည့်ရှင် ဘုရင်ပသေနဒီ ကောသလမင်းကြီးက သိမ်းယူရသည်။ ဥစ္စာပစ္စည်းများမှာ များလွန်းသဖြင့် ခုနစ်ရက်တိုင်အောင်ပင် သယ်ယူရသည်။

ထိုသို့ သယ်ယူသိမ်းဆည်းပြီးနောက် မင်းကြီးသည် မြတ်စွာဘုရားထံသို့သွား၍ ရိုသေစွာရှိခိုးပြီးလျှင်- ဘုန်းတော်အလွန်ကြီးမြတ်တော်မူလှသော မြတ်စွာဘုရား၊ အာဂန္တုက အပုတ္တက သူဌေးသည် ဥစ္စာပစ္စည်း ပေါများပါလျက် ဘုရား ရဟန်းတို့အားလည်း လှူဒါန်းပူဇော်ခြင်း မရှိ၊ သူတောင်းစားတို့အားလည်း ပေးကမ်းခြင်း မရှိ၊ မိမိကိုယ်တိုင်လည်း သုံးဆောင်ခြင်း မပြုဘဲ သိမ်းဆည်းစောင့်ရှောက်၍သာ နေသွားပါသည်။ အဘယ်သို့သောကုသိုလ်ကို ပြုသောကြောင့် ချမ်းသာရပါသနည်း၊ အဘယ်သို့သော စေတနာကြောင့် သုံးဆောင်ခြင်းငှါ မထိုက်ပါသနည်း-ဟု မေးလျှောက်လေသည်။ ထိုအခါ မြတ်စွာဘုရားက ပြန်လည်ဖြေကြားတော်မူသည်မှာ-

ရှေးလွန်လေပြီးသောအခါက ဗာရာဏသီပြည်တွင် သူကြွယ်တဦးရှိလေသည်။ တနေ့တွင် ထိုသူကြွယ်သည် ဘုရင့်နန်းတော်သို့လာစဉ် လမ်းခရီး၌ ပစ္စေကဗုဒ္ဓါတပါးကို တွေ့ရသည်။ ထိုအခါ လှူလိုသော စိတ်စေတနာ ပေါ်ပေါက်လာသဖြင့် မိမိအဖော် တပည့်အား-ဤအရှင်မြတ်ကို အိမ်သို့ပင့်သွားပြီး ဆွမ်း-ခဲဖွယ်-ဘောဇဉ်တို့ကို လှူဒါန်းရမည်-ဟု မှာကြားကာ အိမ်သို့ပြန်လွှတ်လိုက်သည်။

သူကြွယ်၏တပည့်လည်း အိမ်သို့ရောက်သော် သူကြွယ်မှာသည့်အတိုင်း သူကြွယ်မအား ပြောကြားသည်။ သူကြွယ်မလည်း သဒ္ဓါထက်သန်ရင်းရှိသော မိန်းမဖြစ်သည့်အားလျော်စွာ ကောင်းမွန်မြိန်မြတ်သော ခဲဘွယ်ဘောဇဉ်တို့ကို သပိတ်အပြည့် ဆက်ကပ်လှူဒါန်းလိုက်လေသည်။

ပစ္စေကဗုဒ္ဓါ အရှင်မြတ်လည်း ပြန်ကြွခဲ့ရာ လမ်းခရီးတွင် သူကြွယ်နှင့် ပြန်ဆုံသည်။ ထိုအခါ သူကြွယ်က အရှင်ဘုရား-ဆွမ်းရခဲ့ပါ၏လော-ဟု မေးလျှောက်သည်။ ထို့နောက် သပိတ်ကိုလည်း ဖွင့်၍ကြည့်သည်။ ထိုအခါ ဤဆွမ်းကို ငါ၏အမှုလုပ်တို့အား ကျွေးမွေးပြီး စေခိုင်းရမူ ငါ့အား စီးပွားဥစ္စာတိုးတက်ရာ၏။ ဤပုဂ္ဂိုလ်အား ပေးကမ်းရခြင်းသည် အကျိုးမဲ့လေပြီ-ဟု တွေးတောကာ လွန်စွာနှမြောစိတ်ဖြင့် အပရစေတနာ တွန့်တိုမိခဲ့လေသည်။

ထိုသူကြွယ်သည် ပစ္စေကဗုဒ္ဓါအား ဆွမ်းလှူလိုသော ပုဗ္ဗစေတနာအစွမ်းကြောင့် နတ်ပြည်၌ ခုနစ်ကြိမ်၊ ဤသာဝတိံ္ထပြည်၌ သူဌေး ခုနစ်ကြိမ်၊ ဖြစ်ခဲ့သည်။ လှူပြီးနောက် အပရစေတနာ တွန့်တိုမိသောကြောင့် မိမိဥစ္စာကို မိမိကိုယ်တိုင်လည်း မသုံးဆောင်နိုင်၊ သူတပါးတို့အားလည်း လှူဒါန်းပေးကမ်းခြင်းကို မပြုနိုင်ဘဲ သိမ်းဆည်းစောင့်ရှောက်၍သာ နေရခြင်းဖြစ်လေသည်-ဟု ဟောပြတော်မူခဲ့လေသည်။
အကိုး။ ။ ဓမ္မပဒ အဋ္ဌကထာ။

( မောင်အောင်ဝင်း-ထူးကြီး )

( မြတ်မင်္ဂလာ ၁၉၉၈-ခု ဇွန်လ )


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP