* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, July 8, 2009

အောင်မြင်ခြင်းပန်းတိုင်သို့


From pic

ကိုယ်ကျင့်တရားဟူသည် ကျင့်မှရသောတရားဖြစ်သည်။ စွဲမြဲသောအလေ့အထကို လည်းလုပ်ယူနိုင်မှ ရပေ သည်။ စာရေးသူသည် နံနက်အိပ်ယာထတွင် ရေအ၀သောက် လေ့ရှိသည်။ အလေ့အကျင့်မရမီကဆိုလျှင် (အရည်ပင် ဖြစ်သော်လည်း) မျိုမကျနိုင် လောက်အောင်ပင်ဖြစ်သည်။ အေးချမ်းသည့်ဆောင်းရာသီမျိုးတွင် သာ၍ပင်သောက် မရ ဖြစ်သည်။ နိဗဒ္ဓ၀တ်ထား၍ သောက်ရသော်လည်း အရသာမရှိချေ။ ယခုစွဲစွဲမြဲမြဲသောက် လာသောအခါ၌ကား အရသာလည်းရှိ၍ သောက်ရန်လည်းဝန်မလေးတော့ပေ။

နံနက်အိပ်ယာထပြီးနောက် ရေကိုသောက်ခြင်းသည် အလွန်ကောင်းမွန်သည်။ ဆီးဝမ်း ကိုသွားစေသည်။ လျှာ ကွဲခြင်း ပသက်နာ ၀က်ခြံတို့ဖြစ်ပေါ်ခြင်းဘေးမှ ကာကွယ်သည်။ လူ့ခန္ဓာကိုယ် စက်အိုးကြီးတွင် ရေဟောင်း ရေသစ်လဲပေးသည်နှင့်လည်းတူသည်။ ၀မ်းသွားခြင်းကိုပင် အချိန်မှန်မှန်ကန့်သတ်ထားနိုင်လျှင် ကောင်းပေ သည်။ အချိန်မှန် သွားအောင် အကျင့်လုပ်ထားလျှင် ရနိုင်ပါသည်။ အချို့က ”၀မ်းသွားတာပဲ တခမ်းတ နားစည်းကမ်းတွေ ကလနားတွေ သပ်နေရဦးမလား”ဟု ဆိုကြပေလိမ့်မည်။ အချိန်ထား ကြည့်ကြပါ။

မိမိခန္ဓာကိုယ် ကျန်းမာရေးကို နေ့စဉ်စစ်ဆေးသည့်အလေ့အထရခြင်း၊ အလုပ်တွင်ကျယ်ခြင်းများကို ကိုယ်တွေ့ ကြုံကြရပါလိမ့်မည်။ “သတိမမူ ဂူမမြင်၊ သတိမူ လျှင်မြူကိုပင်မြင်သည်” ဟု မြန်မာစကားပုံ၌ရှိသည်။ အဖိုးတန် လှသည့် စကားရပ်ပင် ဖြစ်သည်။ လူတို့သည် ပေါ့ပေါ့တန်တန်နေတတ်ကြသည့် သဘာဝရှိသည်။ “မြင်းစီး၍ အထီးမှန်း အမမှန်းမသိ” ဆိုသကဲ့သို့ နမော်မိ နမော်မဲ့ နေတတ်ကြသည်။ အရာရာတွင် လေးလေးနက်နက် ကြည့်တတ်ရှု့တတ်လျှင် မြူကိုပင်မြင်နိုင်ကြောင်း စကားပုံက အဆိုအမိန့်ပြုထားသည်။ နေရာတိုင်း၌ သတိအမြဲ ရှိနေစေရန် သတိပေးခြင်းဖြစ်သည်။

အင်္ဂလန်နိုင်ငံတွင် အသက်ရာကျော်ပုဂ္ဂိုလ်များကို စာရင်းကောက်ရာ အဖိုးအဖွား ၆-ဦး ကိုတွေ့ရသည်။ မည် သည့်အတွက် ဤသို့အသက်ရှည်ကာ ကျန်းမာလျက်ရှိကြောင်း မေးရာ မိမိအား အိန္ဒိယယောဂီတဦးက နေ့စဉ် အသက်မှန်မှန်ရှုရန် သင်ကြားပေးသွား ကြောင်း ဤသို့အသက်မှန်မှန်ရှုခြင်းနှင့်ပင် အသက်ရာကျော်ရှည်ကာ ကျန်းမာလျက်ရှိ ကြောင်းအဖွားတဦးကပြောပြလေသည်။ အသက်ကိုမှန်မှန်ရှုသူတို့သည် အသက်ရှုမှန် ရန်ကို သာအာရုံစိုက်နေရသဖြင့် လူတို့၏နှလုံးသားအိမ်တွင် သိုလှောင်ထားတက်သော လောဘ ဒေါသ အာဃာတ စိတ်များ ကင်းဝေးလျက် စိတ်ရွှင်လန်းနေသဖြင့် ကျန်းမာ ခြင်းဖြစ်ကြောင်း လောကဓာတ်ဆရာဝန်များကလည်း ထောက်ခံကြသည်။

ဤသို့ဆိုသော် အသက်ရှုမှန်ခြင်းသည် မည်မျှအဖိုးတန်ပါသနည်း။ သို့သော်နေ့စဉ်မှန် မှန် အသက်ရှုမှန်ဘို့မှာ စွဲမြဲသောအလေ့အထရှိမှ ဖြစ်နိုင်ပေမည်။ အနောက်တိုင်း စိတ်ပညာဆရာကြီးများ၏ အလိုအားဖြင့် နေ့စဉ် အလုပ်မလုပ်မီ အားရပါးရအ၀အသက် ရှုသောသူတို့သည် အလုပ်ပို၍ပြီးမြောက်ပြီး အသက်ရှည်ကြသည်ဟု အဆိုရှိသည်။

စာရေးသူသည် အသက်(၁၂၀)နှစ်ရှိအဖွားတဦးကို ညောင်ပင်ကုန်းရွာ၌ တွေ့ရဘူးပါ သည်။ အဖွား ဤသို့ အသက်ရာကျော်ရှည်၍ ကျန်းမာနေရန် ဘယ်ဆေးများကို အမြဲမှီဝဲ နေပါသလဲဟုမေးရာ မည်သည့် ဆေးဝါးမျှ အမြဲမှီဝဲခြင်းမရှိကြောင်း သို့သော် ငယ်စဉ်က ပင်ဆားအနည်းငယ်မျှကို လျက်၍ သံပရာသီးလေးများကို ခုံခုံ မင်မင်စုတ်တတ်ကြောင်း၊ ယခုထိ သံပရာသီးလေးများကို စုတ်နေကြောင်း၊ အစာကြေဆေးလျှက်ဆားတို့ကို လည်း နှစ်သက်ကြောင်း ပြောပြပါသည်။

အဖွားရုပ်ရည်သည် ဤအသက်ဤအရွယ်ထိ ရည်မွန်ခန့်ညားနေသည်။ မိန်းမသားပင် ဖြစ်သော်လည်း အရပ် အမောင်းထွားသည်။ မျက်နှာပြားပြား၊ နားကားကားနှင့် လက်ဖ ၀ါးတို့က ပျံ့ပျူးရှည်သွယ်လှသည်။ မျက်လုံး အိမ်တွင် မျက်ရေခွံတို့ ဖုံးအုပ်နေ၍ မမြင်ရ ခြင်းမှတပါး သွားနိုင်လာနိုင်သည်။ သန်မာသည်။ သူငယ်ပြန်ခြင်း မရှိ။ ရှေးဟောင်း နှောင်းဖြစ်များကို သတိမမေ့ပဲ ပြန်ပြောင်းပြောနိုင်သည်။

စာရေးသူသည် သက်ကြီးရွယ်အိုများကို တွေ့လျှင်ခုံမင်ယုယတတသည့် ၀ါသနာအတိုင်း အဖွားကြိုက်တတ် သည်ဆိုသဖြင့် ဘုန်းကြီးဘို ရှာပွတ်ဆေး၊ ဦးရွှေကြေး လျက်ဆားတို့ကို မကြာမကြာဝယ်ယူ ပို့ပေးခဲ့ဘူးသည်။ အဖွားသည် မည်သည့်ဆေးကို မျှအမြဲမှီဝဲခြင်းမရှိပါဆိုသော်လည်း ဆားအနည်းငယ်မျှကိုလျက်ခြင်း၊ သံပရာသီး ကို စုတ်ခြင်းတို့ကိုမှုစွဲစွဲမြဲမြဲ မှီဝဲခဲ့ကြောင်း ထင်ရှားသည်။ ဤသို့ဆားနှင့်သံပရာသီးကို အမြဲစုတ်ခြင်းကြောင့် အသက်ပိုရှည်သည်ဟု တွေးထင်စရာဖြစ်သည်။ တိကျသောအ ဖြေကိုမှု သုတေသီနှင့် လောကဓာတ်ဆရာဝန် တို့က ပေးကြလမ့်မည်။

လောကုတ္တရာကျမ်းတို့၌ ရှေးကသီလကောင်းခဲ့သူတို့သည် အသက်ပို၍ရှည်တတ် ကြောင်းဖေါ်ပြကြသည်။ မည် သို့ဆိုစေ ဤသို့အသက်မှန်မှန်ရှုခြင်းစသော အလေ့အထ များသည်လက်တွေ့ မြည်းစမ်းလိုသူတို့အတွက် ပုံနှိုင်းတန္တု စံပြုဘွယ်ရာဖြစ်ပါသည်။ ခေတ်အမျိုးအမျိုကို လေ့လာကြည့်လျှင် လွန်ခဲ့သည့်နှစ်ပေါင်း (၂၅၀၀) အချိန်လောက် ကနာမ်ပိုင်းဆိုင်ရာ စွမ်းရည်သတ္တိတို့သည် အထွဋ်ထိပ်သို့ရောက်ရှိခဲ့သည်။

ဈာန်တန်ခိုးဖြင့်မြေလျှိုးမိုးပျံနိုင်သော ဘုရားရဟန္တာတို့ ပေါ်ပေါက်ခဲ့ဘူးသည်။ ဤသို့ နာမ်ပိုင်းဆိုင်ရာ စွမ်းရည် သတ္တိတို့ ထွန်းပြောင်ခဲ့သည်မှာ ထိုခေတ်လူသားတို့သည် နာမ်ပိုင်းဆိုင်ရာတွင် စွဲမြဲစွာ လေ့လာစူးစမ်းရှာဖွေမှု ပြုခဲ့ကြသောကြောင့်ပင်ဖြစ်ပေသည်။

လူရယ်လို့ဖြစ်လာရန် သို့မဟုတ် သတ္တ၀ါဖြစ်လာရန် ခန္ဓာကိုယ်တည်းဟူသော အိမ်ကို အဘယ်လက်သမားသည် တည်ဆောက်လိုက်သနည်း။ လူတို့၏ နှလုံးသားသည် တပ်မက်မှု၊ ခက်ထန်ရက်စက်မှု၊ မုန်းတီးရွံရှာမှု၊ စသည် များဖြင့် အမြဲတမ်းပူလောင်နေ၍ သောကကိုရင်မှာပျိုးလျက် မျက်ရည်မိုးတို့ဖြင့် ဘ၀လမ်း ခရီးဝယ် လျောက်၍ နေကြရသည်။ နှလုံးသား၏ ထာဝရငြိမ်းချမ်းမှုကို အဘယ်နည်ဖြင့်ရရှိနိုင်သနည်း။ သောကနှင့် မျက်ရည်တို့ပြွမ်း သော ဘ၀၏ချုပ်ငြိမ်းရာကား အဘယ်နည်းဟု စစ်တမ်းထုတ်လေ့လာခဲ့ ကြသည်။

ဗုဒ္ဓမြတ်စွာသည် ဤပြာဿနာရပ်များ၏ အဖြေကို ကိုယ်တော်တိုင် စတင်တွေ့ရှိခဲ့၏။ ထိုတွေ့ရှိချက်တို့ကို လူသားတို့အား ညွှန်ပြဟောကြားခဲ့သည်။ ဥာဏ်မျက်စိတို့ကို ဖွင့်၍ ပေးခဲ့သည်။ ထိုကြောင့် ဗုဒ္ဓ၏ဦးဆောင်မှု အောက်တွင် ထိုခေတ်လူသားတို့သည် နာမ် ပိုင်းဆိုင်ရာ လေ့လာပြွမ်းတီးမှုများလှသဖြင့် နာမ်ပိုင်းဆိုင်ရာ စွမ်းရည်သတ္တိတို့ အထွဋ် ထိပ်သို့ရောက်ရှိခဲ့ခြင်းဖြစ်သည်။

ယနေ့ခေတ်တွင်မှု ရုပ်ပိုင်းဆိုင်ရာ (သိပ္ပံပညာ) ဘက်တွင် စူးစမ်လေ့လာခြင်းသည် အလေးကဲလျက်ရှိသည်။ ထိုကြောင့်ရုပ်ပိုင်းဆိုရာ စွမ်းရည်သတ္တိတို့သည် တဟုန်တည်း တိုးတက်ထွန်းပြောင်လျက်ရှိသည်။ ဒုံးပြန် ဂြိုဟ်တုတို့ဖြင့် လကမ္ဘာကြီးကိုပင် နယ်ချဲ့ရန် ကြံရွယ်ပြီး မဟုတ်တုံလော။ ကြိုးပမ်းကြသလောက်လည်း အောင်ပွဲအဆင့်ဆင့်ကို ခံယူနိုင်ကြပါပေသည်။

လူတို့၏စိတ်ဓာတ်သည် သိပ္ပံပညာ၏ မှန်ကန်တိကျမှုနှင့် အကျွမ်းဝင်ပြီး သိပ္ပံနည်းကျ ကျပြုလုပ်လာကြသဖြင့် လူသားတို့သည် ပညာပိုမိုတိုးတတ်မြောက်လာပြီး ပို၍ဥာဏ် ကောင်းလာကြောင်းဖြင့် ပုတ်ရဟန်းမင်းကြီး ပေါလ်ကိုယ်တိုင်ပင် ထောက်ခံပြောကြား ဘူးလေးသည်။

အတိတ်သမိုင်းနှင့် ပစ္စုပ္ပန်အခြေကိုဟပ်၍ တွက်ဆလိုက်လျှင် မျက်မှောက်လူသားတို့၏ အာရုံစိုက်မှုနှင့် စွဲမြဲသောအလေ့အထတို့ အပေါ်အခြေခံလျက်ရှိပေသည်။ စွဲမြဲသော အလေ့အထများသည် ခေတ်တို့၏ ရေစီးကြောင်းများကိုပင် တမျိုးတဖုံပြောင်းလဲသွား အောင်ဖန်တီးနိုင်စွမ်းရှိကြောင်း ထင်ရှားလျက်ရှိသည်။

အနာဂတ်မြန်မာပြည်ကို ဦးဆောင်ရမည့် လူငယ်လူရွယ်လေးတို့သည် စွမ်းရည်သတ္တိ ပြည့်ဝစွာဖြင့် “တာဝန်သိသိ-ဇွဲရှိရှိ” ဖြင့်ထမ်းဆောင်ကြရန်ပင်ဖြစ်သည်။ စွဲမြဲသော အလေ့အထကောင်းလေးများ ရရှိနေစေရန် ယခုနှယ်ကကြိုးပမ်းကြရပေမည်။

ဤသို့ကြိုးပမ်းရာတွင် အမျိုးဘာသာ သာသနာနှင့် မြန်မာ့ယဉ်ကျေးမှု ထုံးတမ်းစဉ်လာ တို့ကို “မူ” ထား၍ မဏ္ဍိုင်သဖွယ် ရပ်တည်ထားသင့်ကြောင်းကိုလည်း မမေ့အပ်ပေ။

မဒမ်ကျူရီစသော သိပ္ပံပညာရပ်တို့သည် ရုပ်ဝတ္ထုတို့၏ ဖြစ်ပျက်မှုနှင့် စွမ်းရည်တို့ကို ဓာတ်ခွဲခန်းတွင် စွဲစွဲမြဲမြဲ လေ့လာစူးစမ်းခြင်းဖြင့် ရာဇ၀င်ကို တခန်းသစ်စေခဲ့ကြပြီ။ လူသားတို့အကျိုးအတွက်များစွာ ဖြစ်ထွန်းစေခဲ့ကြ သည်။ မြောက်မြားလှစွာသော စာပေဂီတ အနုပညာရှင်တို့သည်၎င်း အားကစားတို့သည်၎င်း စွဲမြဲသောကြိုးပမ်း ခြင်းဖြင့် အောင်လံလွင့်၍ ၀င့်ကြွားနိုင်ကြသည်။ ကိုယ့်အမျိုးသားနိုင်ငံ၏ ဂုဏ်ရောင်ကို ကမ္ဘာ့အလယ်တွင် ထွန်း ပြောင်စေနိုင်ကြသည်။

စင်စစ်စွဲမြဲသော အလေ့အထနှင့် ဇွဲသည် အခက်အခဲလှေကားထစ်တို့ကို ကျော်နင်း၍ အောင်မြင်ခြင်းပန်တိုင်သို့ ပို့ဆောင်လျက်ရှိပေသည်တကား။

စစ်ကိုင်းမင်းရှိန်
(၂၆-၁၀-၆၉)
ဓမ္မဗျူဟာမဂ္ဂဇင်း
(အတွဲ-၈၊ အမှတ်-၆)

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP