သက်ကယ်ရိတ်စကားများ-၁-
ဆောင်းရာသီဆို ကိုကို သက်ကယ် ရိတ်သွားရသည်။ ကိုကို သွားလျင် ညီညီပါ ကပ်လိုက်သွားတတ်သည်။ ကပ်လိုက်တော့ ညီညီ ကျောင်းပျက်ရ၏။ ကျောင်းပျက်သော်လည်း ကိစ္စမရှိ။ ဆရာမမေးလျင် သက်ကယ်ရိတ်သွားသည် ဟု ပြောလိုက်ရုံသာ။ ဒါဆို အရိုက်ခံ လွတ်သည်။ ဟုတ်သည်လေ။ သက်ကယ်ရိတ်သွားတာက တစ်ရွာလုံး သွားနေကြတာ ကပဲ။ ဆရာမ ဘယ်ဆူလို့ နိုင်မလဲ။
ကျောင်းတက်တဲ့ နေ့ဆို ကျောင်းသားတိုင်းဟာ လက်တွေကလည်း ကိုင်းရှ၊ သက်ကယ်ရှလို့။ တကိုယ်လုံးလည်း ရှလို့။ ဒါတွေပြကြတာပဲ။ မြို့သူနုနု ကလေးတို့ ဆရာမခမျာ စုတ်တသပ်သပ်နဲ့ ဆေးပါ ထည့်ပေးရတာ။
မနက်အစောကြီး နှင်းဖွေးဖွေးမှာ ညီအစ်ကိုနှစ်ယောက် ထ။ ကိုးနာရီဆယ်နာရီလောက်ထိ ရိတ်ကြ။ ရိတ်ပြီးသားတွေ တုတ်ကလေးနဲ့ မှတ်ထားခဲ့။ နောက်မှ လှည်းနဲ့ တိုက်ချင်လည်းတိုက်။ အဆင်ပြေသလိုပေါ့။ တစ်ညနှစ်ညမက တစ်လနှစ်လထားလို့လည်း ဘယ်သူကမှ ကိုယ့်အပုံက သက်ကယ် လာမယူ။ သစ္စာရှိသည်။
အဲဒါကိုပဲ ဆရာမက အံ့သြရှာသည်။ မြို့မှာ ဒီလိုမဟုတ်ပါ တဲ့။ ကိုယ့်ပစ္စည်းကလေးတွေး မနည်း ထိန်းသိမ်းထားတာတောင်မှ ယူယူ သွားကြသတဲ့။ မိတ်ဆွေသူငယ်ချင်း အချင်းချင်းတောင် လိမ်ကြကောက်ကြသတဲ့။ ညီညီတို့ကလည်း ဆရာမပြောတာ အံ့သြ။ ဆရာမကလည်း ညီညီတို့ ပြောတာ အံ့သြ။
ရိတ်ရင်းပြုရင်း ညီညီ က ကိုကို့ ကို ဟိုမေးသည်မေး မေးသည်။ မမေးလို့ မဖြစ်။ မမေးရင် ကိုယ့်ကို အမေးခံထိမည်။ ကိုကိုက အမေးသိပ်သန်သည်။ တော်ရုံ လောကဓာတ်ဆရာ ဓမ္မကထိကဆရာဟာ ကိုကိုမေးခွန်းတွေကို ဒဏ်မခံနိုင်။ ဒီတော့ ကိုယ့်ကို မမေးခင် သူ့ကို ဦးအောင် မေးရသည်။ ဒါကို ကြိုတင်ကာကွယ်ခြင်းဟု ခေါ်၏။
သက်ကယ် သို့မဟုတ် ကိုင်းကို တံစဉ်းကလေးနဲ့ ဆွဲလိုက်။ လက်ကကိုင်လိုက်။ ရိတ်လိုက်။ မေးလိုက် ဖြေလိုက်။ ရံခါအမေးအဖြေ စကားကောင်းသွားလျှင် သက်ကယ်က နှစ်ယောက်ပေါင်း ဆယ်ပေါ ပင်မရ။ မရ ဘာအရေးလဲ။ နောက်နေ့ပေါ့။ နောက်နေ့..နောက်နေ့..
...
"ကိုကို မြင်းမိုရ်တောင်ဟာ တကယ်ရှိရင် ဘာကြောင့် ရှာမတွေ့ကြသတုန်း.."
"အေး..ညီညီ.. မင်း Physics သင်ရသလား။"
"သင်ရတယ် ကိုကို.."
"သင်ရရင် အက်တမ်တစ်လုံးရဲ့ space ဟာ ဘယ်နှစ်ရာခိုင်နှုန်း ရှိသလဲ။"
"၉၉ ဒဿမ၉၉ လောက်ရှိတယ် ကိုကို.."
"အေး မြင်ပလား။ တို့ပတ်ဝန်းကျင်ဟာ အာကာသ ကွက်လပ်ကြီးက အများစုပဲ။ လူပဲအိမ်ပဲလို့ ထင်သာ ထင်နေကြတာ။ တကယ်က အာကာသကြီးသာ မဟုတ်လား။ မြင်းမိုရ်တောင် မမြင်ရတာကို ဘယ့်နှယ်ကြောင့် စကားလုပ်ပြောနေလဲ။ ဖစ်ဆစ်သင်ရရင် သိသင့်ရောပေါ့။ မော်ဒန်ဖစ်ဆစ်တော့ သင်ရတယ်မဟုတ်လား။"
"ညီတော့ သဘောမပေါက်ဘူး။"
"ညီညီ စဉ်းစားကြည့်.. တို့ပတ်ဝန်းကျင်မှာ အာကာသ ဟင်းလင်းပြင်ကြီးက အများစု။ လူတို့ အိမ်တို့လို့သာ ဆိုတာ တကယ်က ကွက်လပ်ကြီး တွေက အများစု မဟုတ်လား။ ဒီကွက်လပ်ကြီးတွေကို ဘာကြောင့် လူတို့ အိမ်တို့ ရယ်လို့ မြင်နေရသတုန်း။ စိတ်နဲ့ ကံရဲ့ သတ္တိမပါဘဲ မြင်ရမယ်လို့ ကိုကိုတော့ မယုံဘူး။
အရာဝတ္ထုတစ်ခုကို မြင်တယ်ဆိုတာ ၀ီထိ လေးခုလောက် ကျပြီးမှ ဖြစ်နိုင်တာပဲ။ ညီညီသိတယ်ဟုတ်။ အရာဝတ္ထုရဲ့ အမျိုးအစား၊ နာမည်၊ အရောင်အသွေး ပုံသဏ္ဍာန် စတာတွေကို အသေးစိတ်သိဖို့ ဆိုတာဟာ မနောဒွါရက ဆက်ကာဆက်ကာ နှလုံးသွင်းလို့သာဖြစ်ရတာပဲ။ အဲဒီလို မနောဒွါရက နှလုံးသွင်းကောင်းလို့သာ မြင်ကာမတ္တလေးဟာ လူပဲ အိမ်ပဲ ဆိုပြီး ပေါ်လာတာ မဟုတ်လား။
တို့မြင်နေရတဲ့ ရုပ်ဆိုတာတွေဟာ မျက်လုံးထဲ ပုံရိပ်ကျရုံနဲ့ မြင်နေရတာမှ မဟုတ်ဘဲ ညီညီရ။ စိတ်မပါဘဲ ဘယ်မြင်ရလိမ့်မလဲ ညီညီ။ စိတ်။ ညီညီရ။ စိတ်..စိတ်။ စိတ်ဟာ စကြ၀ဠာကို တည်ဆောက်ထားတာ။
အချို့ စိတ်မမှန်တဲ့ လူတွေဆို အပြင်မှာ တကယ် မရှိတာတွေကိုတောင် တကယ်လို့ မြင်နေရတာ မဟုတ်လား။ အချို့ လူကောင်းတွေတောင် တခါတရံ ဒီလို ထင်တတ်တယ်။ မြင်ရတဲ့အတိုင်း တကယ်ပဲလို့ ယုံကြည်လို့ပဲ အမှုအခင်းတွေတောင် အချို့ ဖြစ်ကြရော မဟုတ်လားကွ။
အို ဒါတွေက ရှင်းစရာတောင် မလိုပါဘူး။ စာနည်းနည်းတတ်ရင် ညီညီ သိလာလိမ့်မယ်။ တခြားဟာ မေးစမ်းပါ။ တံစဉ်လည်း ကြည့်ကိုင်။ လက်ပြတ်သွားမယ်။"
"ဒါဖြင့်ရင် မြင်းမိုရ်တောင်ကို မြင်ရဖို့ ကမ္မသတ္တိ လိုတယ်လို့ ကိုကို ဆိုလိုသလား။"
"ကမ္မသတ္တိ။ အေး.. ဒါလည်း ပါတယ်။ စိတ်သတ္တိကိုလည်း ဆိုလိုတယ်။ ညီညီ။ စိတ်ဟာ စကြာဝဠာကို တည်ဆောက်ထားတာ။ စိတ်ဟာ လောကကို တည်ဆောက် ထားတာကပဲ။ အင်မတန် သတ္တိထူးတယ်။"
"ရှင်းပြီ ကိုကို။ စိတ်က နှလုံးမသွင်းနိုင်ရင် ကိုကို့ကိုတောင် ညီညီ မြင်ရမှာ မဟုတ်ဘူး ဆိုပါစို့။ ဘာကြောင့်လဲ ဆိုတော့ တစ်ခါတလေ ညီညီ တစ်ခုခုကို စိတ်ဝင်စားသွားရင် ပတ်ဝန်းကျင်ကို မမြင်ရတော့တာလည်း ရှိတယ်။ ဦးချစ်တီးလို စိတ်မမှန်တဲ့လူဆို သူ့ရှေ့က ဖြတ်သွားတဲ့သူတောင် သူမြင်ချင်မှ မြင်တာဗျ။ ဒါဖြင့် မြင်းမိုရ်တောင်ကြီး ဘေးနားမှာ ကပ်လျက်နေတာတောင် ညီညီဖြင့် မြင်ရမယ် မထင်ဘူး။
ကမ္မသတ္တိနဲ့ စိတ္တသတ္တိ။ အင်းအင်း.. ဒါတော့ သဘောကျပါပြီ..။ မြင်သိစိတ်ဖြစ်ပုံကို စောစောက ၀ီထိလေးခုကျမှ ဖြစ်တယ် ဘာရယ်ညာရယ် ကိုကိုပြောခဲ့တယ်။ အဲဒါကို နားမလည်ဘူး။ ရှင်းဦး။"
...Continue

0 comments:
Post a Comment