* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, May 7, 2009

မသိပါ၊ သိပါသည်

အာဠ၀ီမြို့တော်သို့ ဘုရားရှင်ကြွတော်မူသောအခါ တရားပွဲတွင် မရဏာနုဿတိ ကမ္မဋ္ဌာန်းကို အထူးပြု၍ ဟောကြားတော်မူ၏။ ထိုတရားကို နာရသော ရက်ကန်းသည်မလေးသည် ထိုကမ္မဋ္ဌာန်းကို နှစ်သက်၍ နေ့ရောညပါ စီးဖြန်းပွားများ နေလေ့ရှိ၏။ ကလေးမသည် ပါရမီပြည့်၍ အကျွတ်တရားရအံ့သော အကြောင်းကို မြင်တော်မူသော ဘုရားရှင်သည် နောင်သုံးနှစ်ကြာသောအခါ အာဠ၀ီမြို့တော်သို့ ထပ်မံကြွလာတော်မူ၏။ တရားပွဲ ကျင်းပတော်မူသောအခိုက်တွင် ကလေးမသည် သူ၏ဖခင်ရှိရာ ရက်ကန်းရုံသို့အသွား၌ တရားနာရန် ၀င်ရောက်လာ၏။ သူသည် ပရိသတ်ကို ဖြတ်သန်း၍ ဘုရားရှင်အနီးရောက်အောင် သွားသည်။ ဘုရားရှင်အား ရိုသေစွာ ထိုင်၍ ရှိခိုးသည်။ ထို့နောက် ဘုရားရှင်က ပုစ္ဆာလေးခု မေးတော်မူသည်။ ကလေးမက ချက်ချင်း ဖြေကြားလေသည်။

၁။ သင် ဘယ်ကလာခဲ့သနည်း၊ ( တပည့်တော်မ မသိပါဘုရား )
၂။ သင် ဘယ်အရပ်သို့ သွားမည်နည်း။ ( တပည့်တော်မ မသိပါဘုရား )
၃။ သင် မသိဘူးလား။ ( တပည့်တော်မ သိပါသည်ဘုရား )
၎။ သင် သိနေပြီလား။ ( တပည့်တော်မ မသိပါဘုရား )

တရားနာပရိသတ်များက ဖြေပုံကိုကြားသောအခါ ကလေးမကို ကဲ့ရဲ့ပြစ်တင်ကြ၏။ ဘုရားရှင်က ပရိသတ်အား ငြိမ်သက်စေပြီးလျှင် ကလေးမအား ရှင်းလင်းပြောပြစေ၏။

၁။ ရှင်တော်ဘုရားက ဘယ်ဘ၀က လာခဲ့သည်ကို ရည်ရွယ်၍ မေးခြင်းဖြစ်သည်ကို စဉ်းစားမိ၍ မသိကြောင်း ဖြေပါသည်ဘုရား။
၂။ ဘယ်ဘ၀သွားရမည်ကိုလည်း မသိပါဘုရား။
၃။ သင် မသိဘူးလား ဆိုသည်မှာ သေခြင်းတရားကို မေးခြင်းဖြစ်၍ သေရမှာ သိပါသည်ဘုရား။
၎။ သင် သိနေပြီလား ဆိုသည်မှာ ဘယ်တော့သေမည်ကို မေးခြင်းဖြစ်၍ မသိကြောင်း ဖြေခြင်းပါဘုရား-ဟု လျှောက်ထားရာ ဘုရားရှင်က သာဓုခေါ်တော်မူသည်။

ဒေသနာတော်အဆုံး၌ ကလေးမသည် သောတာပန်တည်လေသည်။ ထို့နောက် သူ၏ဖခင်ရှိရာ ရက်ကန်းရုံသို့ ဆက်လက်သွားရာ ဖခင်ထံအရောက်တွင် မတော်တဆ ထိခိုက်မိ၍ ရုတ်တရက် သေဆုံးပြီး တုသိတာ နတ်ပြည်သို့ ရောက်သွားလေသည်။ ဤအကြောင်းနှင့်ပတ်သက်၍ ဘုရားရှင်သည် အောက်ပါဂါထာကို ဟောတော်မူလေသည်။

( ပါဠိဂါထာ )
အန္ဓဘူတော အယံ လောကော ၊ တနုကေတ္ထ ၀ိပဿတိ ။
သကုဏော ဇာလမုတ္တောဝ ၊ အပ္ပေါ သဂ္ဂါယ ဂစ္ဆတိ ။

( မြန်မာပြန် )
ဤလူအပေါင်းသည် ပညာမျက်စိ မရှိသဖြင့် အကန်းအတိသာ ဖြစ်၏။
ဤလောက၌ အနည်းသောသူသည်သာ အနိစ္စ-စသော သဘောအားဖြင့် ရှုမြင်နိုင်၏။
ပိုက်ကွန်မှ လွတ်ထွက်သောငှက်သည် အနည်းငယ်သာ ရှိသကဲ့သို့
အနည်းငယ်မျှသော လူသာ နတ်ပြည်သို့ ရောက်နိုင်၏။

( ဆောင်ပုဒ် )
လောကလူများ၊ ဉာဏ်ခေါင်းပါး၍၊ တရားမရှာ၊ အကန်းသာတည်း။
ပညာနှီးနွယ်၊ အနည်းငယ်သာ၊ အနိစ္စာနှင့်၊ ဒုက္ခာ အနတ္တ၊ ရှုမြင်ကြ၏။
ပိုက်မှ ပျံတက်၊ လွတ်ထွက်နိုင်ငြား၊ ကြိုးစား ငှက်မှာ၊ နည်းလှစွာသို့၊
နတ်ရွာနိဗ္ဗာန်၊ ရောက်ရန်ကြိုးစား၊ ထိုလူစားလည်း၊ ရှားပါးလှစွာ၊ နည်းငယ်သာတည်း။

( လောက၀ဂ် ပေသကာရဓီတာ ၀တ္ထု )


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP