* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, May 7, 2009

အမိမြေသို့အလည်တစ်ခေါက်ပြန်ခြင်းမှတ်တမ်း (၇)

From Sagaomg and Pyin Oo Lwin


မနက်ဖြန် ရွာမှာလေးရက်လောက် နေပြီးစစ်ကိုင်းသို့ပြန်ခဲ့သည်။ စစ်ကိုင်းမှာသုံးရက်လောက် အနားယူပြီး ခရီး ဆက်ရန်ကျန်နေသေးသည်။ ထို့ကြောင့် မနက်ဖြန် ဒေးဒရဲမှာရှိသည့် ရဟန်း အမ ဒေါ်ပိုက်ဆီကို ဖုန်းဆက်လိုက် သည်။ ဆင်ဖြူကျွန်းရှိ ဆွေမျိုးများကို သွားတွေ့ဖို့နှင့် ရွှေစက်တော်ဘုရား ပုဂံဘုရားများ သွားဖူးရန် သွားရမည့် ခရီးဖြစ်သည်။ မနက်ဖြန် အမေရိက ကို နေစဉ်ကတည်းက ရဟန်းအမက ဆင်ဖြူကျွန်းသွားရန်ကြိုတင် စီစဉ်ထား သည့် ခရီးလည်း ဖြစ်သည်။

ထိုခရီးစဉ်မသွားမှီ စစ်ကိုင်းမှာနေစဉ် သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၏ လက်ထောက် မော်ကွန်းထိန်း ဒေါက်တာ ဝေဠုရိယနှင့်အတူ စစ်ကိုင်းမြေ၏ အေးချမ်းသည့် အရသာကို ခံစားခဲ့သေး သည်။ စစ်ကိုင်းတောင်ရိုးသည် ဗုဒ္ဓ၏ ဓမ္မကို လက်တွေ့ကျင့်သုံး သင်ယူကြသည့် ရဟန်း သာမဏေ သီလရှင် သူတော်စဉ်များ နေထိုင်သည့် တောင်ရိုး တစ်ခုဖြစ်သည်။ သာသနာအ တွက် ကြီးမားသည့် ရေသောက်မြစ်အဖြစ် တည်ရှိနေသည့် စစ်ကိုင်တောင်ကြီး သည် အဝေးမှ ကြည့်ရှုခွင့်ရသူ၏ ရင်ထဲတွင် အေးချမ်းမှုကို ခံစားရရှိစေနိုင်သည့် စွမ်းရည်ရှိသည့် တောင်ရိုး ကြီးလည်းဖြစ်သည်။


ထုံးဖြူဖြူ စေတီ ပုထိုးများနှင့် ရွှေရောင်ငွေရောင် တောက်ပသည့် ဆွမ်းဦးပုညရှင် စေတီတော် မြတ်ကြီး၏ ကြည် ညိုဖွယ်ရာ မြင်ကွင်းကလည်း စစ်ကိုင်းရောက်ဖူးသူတိုင်း ကြည့်လို့မ၀ ရင်သက် ရှုမောဖွယ် ဖြစ်ပေသည်။ ဧရာဝ တီမြစ်ရေ ၀န်းလည်ပတ်ရံထားသည် စစ်ကိုင်းမြို့ သည် သာသနသမိုင်း မြန်မာ့သမိုင်းတွင် အဓိကပါဝင် ရသည့် မှတ်တိုင်တစ်ခုလည်းဖြစ်သည်။

ဇေယျာရွှေမြေဟု နာမည်ကြီးသည့် စစ်ကိုင်းတောင်တော်ကြီး၏ အလှအပ၊ အေးချမ်းမှုတို့ သည် စာဖွဲ့လို့မကုန်၊ ခံစားလို့မကုန်နိုင်ပေ။ ရေဇလာ နဒီ၊ သေလာ မဟီ၊ ဇေယျာပြည် စစ်ကိုင်းတောင် တခွင်လုံး ဟု အကယ်ဒမီ စန္ဒယား ဦးလှထွဋ် ရေးသားစပ်ထားပြီး တေးဆို ရီရီသန့် ဆိုသည့် “ဇေယျာကမ်း အလှပန်းချီ ‘’ သီချင်းသံကို ကြားရရုံနှင့် စစ်ကိုင်းတောင် တော်ကြီးသို့ အရောက်သွားချင်ကြပေလိမ့်မည်။

ဤကဲ့သို့ အေးချမ်း ရှု့မ၀သည့်စစ်ကိုင်းတောင်သို့ ရောက်နေတုန်း ဒေါက်တာ ဝေဠုနှင့်အတူ ညနေပိုင်း နေ၀င် ရီတရော အချိန်မှာ လမ်းလျှောက်ကာ ဆွမ်းဦးပုညရှင်သို့ စကားတပြောပြော နှင့် တက်လာခဲ့သည်။ တောင်ထိပ် မရောက်ခင်မှာပဲ ချောင်အသွယ်သွယ်၊ စေတီ ထိုထို ကြားမှ တိုးထွက် လာကာ ဝှေ့တိုက်လာသည့် လေညှင်း ကလေးက ဦးစွာ နှုတ်ဆက်လိုက် သဖြင့် ပင်ပန်းသမျှ အကုန်ပင် သယ်ဆောင်သွားလိုပင် ခံစားလိုက်ရသည်။ ရင်ထဲမှာ မနေနိုင် သဖြင့် ဗုဒ္ဓဿ ဆာယာ သီတလာ၊ စစ်ကိုင်း ပဗ္ဗတဿ ဆာယာ သီတလာ- ဘုရား အရိပ်၊ စစ်ကိုင်းတောင်ရိုး အရိပ်သည် အေးမြပါပေ၏ဟု အားရပါးရအော်လိုက်တော့ အနားရှိသည့် ဒေါက်တာ ဝေဠုက အင်း အမေရိက ဘုန်းကြီး အမေရိကမှာ အတော်ပူလာပုံရတယ်ဟု နောက်ပြောင် သဖြင့် တ၀ါးဝါးနှင့် ပွဲကြ သွားသည်။ တဖြေးဖြေးနှင့် အေးဆေးစွာ လမ်းလျောက် ရသည့် အရသာသည် နေရာအလိုက် ပျော်ရွှင်မှု အေးချမ်းမှုများ ရှိချင်ရှိပါလိမ့်မည်၊ စစ်ကိုင်း တောင်ရိုးပေါ်တွင် လမ်းလျောက်ရသည့် အေးချမ်းမှုကိုတော့ မှီနိုင်မည်မဟုတ်သည်မှာ သေချာပါသည်။

နေ၀င်သွားပြီး ဆီမီးပူဇော်သည့် အချိန်တွင် ဆွမ်းဦးပုညရှင် စေတီပေါ်သို့ ရောက်ခဲ့သည်။ အေးဆေးစွာပင် အားပါးတရ ဖူးမျှော် ဘုရားဝတ်တက်ခဲ့သေးသည်။ ဆွမ်းဦးပုညရှင်စေတီ တော်ရင်ပြင် အထက်မှ အရပ်လေး မျက်နှာ ပတ်လည်ကာ စစ်ကိုင်းမြို့၏ မိုက်တ၀က် လင်း တ၀က် လျှပ်စစ် အလှအပများကိုလည်း ကြည့်ရင်း ဒေါက်တာ ဝေဠုကို ရီစရာပြောမိသေး သည်။ နောင်တော်ကြီးရေ.. ဒီမိုက်တ၀က် လင်းတ၀က် အလှပတွေကို မြန်မာပြည်မှာပဲ ခံစားလို့ရသဗျလို့…ပြောတော့ မင်းက ဒါကံကောင်းတာတဲ့။ ဘာလို့လဲ နောင်ကြီးရ ဆိုတော့ မင်းက လင်းတ၀က်ကိုမြင်ခွင့်ရလို့လေကွာတဲ့။

တထိန်ထိန် တပြောင်ပြောင်ထွန်းတောက်နေတဲ့ မြန်မာပြည် အလယ်ပိုင်းက အလင်းရောင် များ မျက်စိလည်ပြီး မိုက်မှောင်နေတဲ့ နေရာလေးတွေဆီ ရောက်လာရင်များ မြန်မာပြည်ကြီး သိပ်လှမှာ ပေါ့ဟုတွေးမိသည်။

အတွေးများတွေးနေစဉ်မှာပင် ဒေါက်တာဝေဠုမှ မောင်နာရေ.. (ရင်းနှီးသဖြင့် မနက်ဖြန်၏ နာမည် နာယကကို အဖျားစွတ်ခေါ်ခြင်းဖြစ်သည်) အရှေ့ဘက်ရင်ပြင် ထိုင်ခုံပေါ်ထိုင်မယ်ကွာ တဲ့ ပြောသဖြင့် အတွေးဆများ ဖြတ် ကာ ဘုရားရင်ပြင် တပတ်ပတ်ခြင်းကို ဘုရားရင်ပြင် အရှေ့ဘက် ထိုင်ခုံတွင် အဆုံးသတ်ကာ လေးကျွန်း လင်းခိုက် တကျွန်းမိုက်ဆိုသည့် စကား လေးကို ဦးဝေဠုက ရီစရာအဖြစ် ဆက်ပြောသဖြင့် ရီးမောလိုက်ရသေးသည်။ ဆိုလိုသည်က မြန်မာပြည်မှ လွဲ၍ အရှေ့အနောက်နေရာများက လင်းထိန်နေသည်၊ တစ်ကျွန်းဖြစ်တဲ့ မြန်မာ ပြည်ကြီးကတော့ အမြဲတမ်းမိုက်နေမလား မသိဘူးတဲ့။

စကားပြောကောင်းနေလိုက်တာ လေအေးအေးနဲ့ဆိုတော့ အချိန်တွေ ကုန်မြန်သည်ဟု ထင်မိသည်။ ည-၈နာရီ ထိုးတော့ တောင်ပေါ်ကနေ ပြန်ဆင်းလာခဲ့သည်။ တညတာ အမိတက္ကသိုလ်မှာ အနားယူလိုက်သည်။ အခုတော့ မနက်ဖြန်၏ စိတ်အစဉ်သည် ရီစရာများ သတိယစရာများ ဧရာဝတီမြစ်ပြင်မှ ဖြတ်သန်းလာသည့် လေပြေများ နှင့်အတူ စစ်ကိုင်းမှာ ကျန်ရစ်ခဲ့သဖြင့် အတောင်ပံများရှိရင် စစ်ကိုင်းတောင်ရိုးစီသို့ အရောက်ပြန်သွား ချင်ပါ သေးသည်………………

ကဲ…မြန်မာပြည် ရောက်ခဲ့လို့ စစ်ကိုင်းသို့ သွားရောက် အေးမြမှုကို ခံစားလိုသူများကို သူတော် သူမြတ်တို့ နေရာ စစ်ကိုင်းတောင်ရိုးမှ ကြိုဆိုပါသည်ဟု……………………………….

စစ်ကိုင်းတောင်၏ အလှများ
From Sagaomg and Pyin Oo Lwin


From Sagaomg and Pyin Oo Lwin


From Sagaomg and Pyin Oo Lwin


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP