* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, May 28, 2009

သိမ် ဘာကြောင့် ရှိသင့်တာလဲ

27th May, 2009

ယနေ့တိုင်သာသနာတော်၌ထင်ရှားရှိနေသောသာသနာ့ဝန်ထမ်းဆရာတော်၊သံဃာတော်အရှင်မြတ်တို့သည်
သိမ်ထဲမှဖြစ်ပေါ်လာသောအရှင်မြတ်တို့ဖြစ်ပါသည်။သိမ်မရှိလျှင်နောက်ထပ်ရဟန်းသံဃာတော်အစစ်အမှန်များ မပေါ်ပေါက်လာနိုင်တော့ပါ။သိမ်ရှိသော်လည်းသိမ်မမြောက်ပါလျှင်၊သိမ်မအောင်ပါလျှင်ရဟန်းသံဃာအစစ် အမှန်များမပေါ်ပေါက်နိုင်ပါ။ရဟန်းသံဃာအစစ်အမှန်များမရှိလျှင်အသွင်မျှသာကျန်ပြီးသာသနာဆိတ်သုဉ်း ကွယ်ပျောက်ပါလိမ့်မည်။
သာသနာတော်သန့်ရှင်းတည်တံ့ပြန့်ပွားရေး၊သာသနာတော်အသက်ဆက်ရေးတို့အထောက်အကူပြုသောအား ဖြင့်သိမ်ဖြစ်မြောက်ရေး လျှင်မြန်ချောမောစွာ အောင်မြင်နိုင်ရန် အဘက်ဘက်မှ အကူအညီပေးနိုင်ရန် သိမ်နှင့်ပတ်သက်သောအကြောင်းအရာ အချို့ကို ဗဟုသုတဖြစ်စေရန် တင်ပြလိုက်ရပါသည်။

သိမ်ကိုမြတ်စွာဘုရားခွင့်ပြုပုံ။
ဝိနည်းမဟာဝါခန္ဓက၌မြတ်စွာဘုရားရှင်သည်အတူနေသံဃာများအတူဥပုသ်ကံစသည်တို့ပြုခြင်းဖြင့်ညီညွတ်မူကိုဖြစ်စေလိမ့်မည်ဟုရည်ရွယ်၍ သိမ်သမုတ်ခြင်းကိုခွင့်ပြုခဲ့ပါသည်။

သိမ်ဆိုသည်မှာ
“သိမ်”ဆိုသည်မှာ ကံကြီး၊ကံငယ်ပြုလုပ်ရန် သီးခြား နယ်မြေလေးတစ်ခုအနေ သတ်မှတ်ထားသော ဌာနတစ်ခုမျှသာဖြစ်ပါသည်။ ယင်းသိမ်သည်---
(၁) ကမ္မဝါစာဖြင့် သမုတ်ထားသည့် “ဗဒ္ဓသိမ်”၊
(၂) ကမ္မဝါစာဖြင့်သမုတ်ထားခြင်း မရှိ အလိုလို သိမ်ဖြစ်နေသည့် “အဗဒ္ဓသိမ်”၊ ဟူ၍ နှစ်မျိုးရှိပါသည်။
ထိုသိမ်နှစ်မျိုးတို့တွင် “ဗဒ္ဓသိမ်” သည် ခဏ္ဍသိမ် စသည်ဖြင့်သုံးမျိုးရှိသလို “အဗဒ္ဓသိမ်”သည်လည်း ဂါမသိမ်စသည်ဖြင့်သုံးမျိုးစီပင် ရှိပါသည်။ ဗဒ္ဓသိမ်သည် ဂါမသိမ်ပေါ်၌ ကမ္မ ဝါစာရွက်ဖတ်၍ သမုတ်ရပါသည်။ ကမ္မဝါစာဖြင့်ရွတ်သမုတ်ခြင်းသည် သိမ်အဖြစ်မြဲစေရန် ဖြစ်ပါသည်။


သိမ်သမုတ်နည်း
သိမ်သမုတ်နည်းသည်--
(၁) ဝိသုံဂါမ (သီးခြားရွာ) တောင်း၍ သမုတ်နည်း၊
(၂) ရွာနယ်မြေတစ်ပိုင်း သိမ်း၍ သမုတ်နည်းဟူ၍ နှစ်မျိုးရှိပါသည်။
ယင်းနှစ်မျိုးတို့တွင် “ဝိသုံဂါမသိမ်”ဟူသည် ပကတိဂါမ (ပကတိရွာတစ်ရွာ) မှ ဝိသုံဂါမ (သီးခြားရွာ) သိမ်တစ်နေရာစာကို ရွာစားနာမည်တပ်၍ နိုင်ငံတော်အစိုးရတို့က သတ်မှတ်ပေးလိုက်သည်နှင့် တစ်ပြိုင်နက်လိုလို သိမ်အဖြစ်သို့ ရောက်လာသော သိမ်ဖြစ်ပါသည်။
ရွာနယ်မြေတစ်ပိုင်းသိမ်း၍ သမုတ်ဟူသည်မှာ သိမ်သမုတ်ရာသို့ တနယ်လုံးရှိ ရဟန်းသံဃာအားလုံးကို သိမ်းပြီးပင့်ဖိတ်ရပါသည်။ အကယ်၍ သိမ်သမုတ်ရာသို့မကြွနိုင်သောသံဃာများရှိပါက ထိုသံဃာရှိရာကျောင်း တိုက်သို့သွား၍ ဆန္ဒမသိုးစေရန် နေချင်းပြီး ဆန္ဒတောင်းပြီးမှ ကမ္မဝါစာဖြင့်ရွတ်ဖက်သမုတ်ရသောသိမ် ဖြစ်ပါသည်။
တခါတရံ မိမိတို့သတင်းသုံးရာ ဂါမခောတ် (ရွာနယ်မြေ) မှာကျယ်ဝန်းလွန်း၍ နယ်မသိမ်းနိုင်သော ကြောင့်လည်းကောင်း၊လှည်း၊မော်တော်ကား၊ရထား စသည် ဖြတ်သွားဖြတ်လာ အဝင်အထွက် အလွန်များသဖြင့် နယ်သိမ်းရန်ခတ်ခဲသောကြောင့်လည်းကောင်း၊ နယ်သိမ်းသိမ်သမုတ်ရန် မကြွနိုင်သော တနယ်လုံးသံဃာများ၏ ဆန္ဒကို တောင်းခံတဲ့အခါ ဆန္ဒကိုဒေသနာနှင့်အညီ
(၁)ဆန္ဒံ ဒမ္မိ-တပည့်တော် ဆန္ဒပေးပါ၏၊
(၂)ဆန္ဒံ မေ ဟရ- တပည့်တော်၏ ဆန္ဒကို သံဃာ့ထံသို့ ဆောင်သွားပါ၊
(၃) ဆန္ဒံ မေ အာရောစေတိ- တပည့်တော်၏ ဆန္ဒကို သံဃာတော်အားလျှောက်ထား
ပါလို့ပေးတက်သောရဟန်းတော်များရှားပါးနေပါကလည်းကောင်းနယ်သိမ်းသိမ်သမုတ်ရန်အခတ်အခဲနှင့်ကြုံရတက်ပါသည်။

ဝိသုံဂါမ(သီးခြားရွာ) တောင်း၍ သမုတ်ခြင်း

ယင်းသို့သော အခတ်အခဲများကိုကျော်လွားနိုင်ရန် ယင်းဂါမခောတ်၊ဂါမသိမ်မှ သီးခြားသိမ်တစ်လုံးစာ ရွာစားနာမည်မှည့်၍ ရွာနယ်မြေကလေး တောင်းပြီး သိမ်သမုတ်ကြခြင်းကို ဝိသုံဂါမ(သီးခြားရွာ) သိမ်ဟုခေါ်ပါသည်။ကျောင်းတိုက်တစ်ခုတစ်တိုက်လုံးတည်ထောင်ပြီး၊ဆောက်လုပ်ပြီးယင်းကျောင်းတိုက် အတွင်းမှ သိမ်ကျောင်းတစ်နေရာစာလေးကို ဝိသုံဂါမ (သီးခြားရွာ)လို ကျောင်းဒကာ(သို့)လျှောက် ထားသူ ပိုင်မြေဟု ရွာစားနာမည် ပေးလိုက်ခြင်းဖြင့်မည်သူ့ကိုမှမထိခိုက်၊မနစ်နာစေပါ။ အရှိမြေကွက်တစ်ခုကို ဝိသုံဂါမ(သီးခြားရွာ)ဟု သတ်မှတ်ပေးလိုက်ခြင်းမျှသာဖြစ်ပါသည်။ ယင်းသို့သက်မှတ်ပေးရာ၌ ယင်းမြေကွက်ကို ဖျတ်မရအောင် အပိုင်အဆိုင် ပေးမူမပေးမူနှင့်လည်း မသက်ဆိုင်ပါ။ သိမ်သမုတ်လို့လွယ်ကူစေရန် လျှေက်ထားသူကိုရွာစားနာမည်မှည့်၍ ဝိသုံဂါမ(သီးခြားရွာ)ဟု ပေးလိုက်ခြင်းသာ ပဓာနဖြစ်ပါသည်။ အချို့ကျောင်းတိုက်မှာ သာသနာ့မြေဟု သက်မှတ်ပြီးမှ ခိုင်သထက်ခိုင်၊မြဲသထက်မြဲရန်၊အထူးသန့်ရှင်းရန် ယင်းသာသနာ့မြေထဲမှ သိမ်တစ်လုံးစာကို ဝိသုံဂါမ(သီးခြားရွာ) အဖြစ်လျှောက်ထား၍ ပေးခြင်းမှာလည်းမည်သူ့ကိုမျှ မထိခိုက် မနစ်နာစေခြင်းကြောင့် သိမ်မိန့်ပေးနိုင်သူ၊သာသနာတော်ကို အထူးကြည်ညိုသူများက အလွယ်တကူချပေးသင့်ပါသည်။ သာသနာသန့်ရှင်းတည်တံ့ ပြန့်ပွားရေးကို အထူးဆောင်ရွက် ပေးလိုက်ခြင်းလည်းမည်ပါသည်။ အမိန့်ချပေးလိုက်သော ဝိသုံဂါမ (သီးခြားရွာ) သည် သိမ်သမုတ် ကံအောင်မြင်ရန် ရာနူန်းပြည့်ရှိပါသည်။ ယင်းသို့သိမ်မိန့်တောင်းခံ၍ အစိုးရမင်းတို့မှ ဝိသုံဂါမ(သီးခြားရွာ)အဖြစ်ရရှိပြီးနောက် သိမ်အဖြစ်မြဲနေစေရန် ကမ္မဝါစာဖြင့် ရွက်ဖက်၍ သမုတ်သောသိမ်သည် “ဗဒ္ဓသိမ်”ဖြစ်ပါသည်။

သိမ်သည်သာသနာတော်၏အသက်
အောင်မြင်သောသိမ်ဖြစ်ပါမှ ရဟန်းအစစ်များပေါ်ပေါက်ပြီး ဝိနည်းလေးစားသော ရဟန်းတော်များအတွက် ဥပုသ်ကံ ပဝါရဏာကံ စသော ကံကြီး ကံငယ်များ ဆောင်ရာတွင် အထူးချမ်းသာမည်ဖြစ်ပါသည်။ အောင်မြင်သောသိမ်၌ ရဟန်းခံခြင်း၊ဥပုသ်ပြုခြင်းပြုသည့်အခါ ယုံမှားသံသယ မဖြစ်စေဘဲ ကိုယ်ရောစိတ်ပါ နှစ်ဖြာသုခ ရရှိကြမှာ အမှန်ဖြစ်ပါသည်။ မိမိတို့ရဟန်းတော်များအတွက် သိမ်သည် အသက်တမျှအရေးကြီးလှ၍ သာသနာတော်၏အသက်ဟုခေါ်ဆိုရမည်ဖြစ်ပါသည်။

သိမ်ရှိမှ ရဟန်းဖြစ်မည်။
ဝိနည်းစူဠဝါအဋ္ဌကထာ၊သံဃဘေဒကက္ခန္ဓက၌ရဟန်းဖြစ်ရန်အင်္ဂင်္ါ(၅)ချက်ရှိ ပါသည်။ ထိုအချက်များမှာ (၁)ဝတ္ထုသမ္ပတ္တိ- ရဟန်းခံနိုင်လောက်သော လူပုဂ္ဂိုလ် ဗျတ္တိ၊ပဋိဗလနှင့်ပြည့်စုံခြင်း (၂)ဉတ္တိသမ္ပတ္တိ-သုဏာတုမေ စသည်ဖြင့် ဉာတ်ထားမူနှင့်ပြည့်စုံခြင်း။ (၃)ပရိသာ သမ္ပတ္တိ- ကာရက ရဟန်းသံဃာ အနည်းဆုံး (၄)ပါးနှင့်ပြည့်စုံခြင်း။ (၄) ကမ္မဝါစာ သမ္ပတ္တိ- ကမ္မဝါစာ(၃)ကြိမ် ရွတ်ဖက်မူ၏ ပြည့်စုံခြင်း။ (၅) သီမာသမ္ပတ္တိ- သိမ်ရှိမူ၏ ပြည့်စုံခြင်းတို့ဖြစ်ပါသည်။ အထက်ပါအချက်ငါးချက်တို့တွင် သိမ်တစ်ခုဖြစ်ဖို့အလွန်အရေးကြီးသလို၊အလွန်တရာမှခတ်ခဲလှပါသည်။သိမ်တစ်ခုဖြစ်ရန်သက်ဆိုင်ရာမှခွင့်ပြု
မိန့်ယူရခြင်၊ခွင့်ပြုမိန့်ရပြီးပါကသံဃာတော်များစွာပင့်ဖိတ်၍အကြိမ်ကြိမ်အခါခါသိမ်နူတ်ခြင်း၊သိမ်သမုတ်ခြင်းများ
ပြုရခြင်း၊ သိမ်အဆောက်အဦးဖြစ်ရန် နဝကမ္မ ဝတ္ထုငွေကြေးများ မတည်စုဆောင်းရခြင်း စသော ကိစ္စများမှာ ခတ်ခဲမည်မှာအမှန်ဖြစ်ပါသည်။
သိမ်အရေးကြီးပုံနှင့်ပတ်သက်ပြီးစာသင်သားဘဝကအဖြစ်အပျက်လေးတစ်ခုကို သတိရမိပါသေးသည်။ မိမိသည် ပဲခူးမြို့ သာသနမဏ္ဍိုင်ကျောင်းတိုက်၌ အပတ်စဉ် ပထမငယ်တန်း ဝိနည်း စာမေးပွဲဖြေစဉ်ကဖြစ်ပါသည်။ထိုစဉ်သာသနမဏ္ဍိုင်ကျောင်းတိုက်၌အဖိတ်နေ့စာဖြေ၍၊ဥပုသ်နေ့တွင်သတ်
ဆိုင်ရာစာချဘုန်းကြီးမှ တပါးစီ၏ ဖြေလွာ များကို ပြန်ဖတ်ပြလေ့ရှိပါသည်။ ဝိနည်းဖြေရသော နေ့ရောက်သောအခါ ထုံးစံ အတိုင်းစာချ ဘုန်းကြီးက ဖြေလွာများဖက်ပြပါသည်။ စာသင်သားတပါး၏ ဖြေလွာကို ဖက်ပြသောအခါ သံဃာများ သဘောကြခဲ့ရပါသည်။ ဝိနည်း၌ ရဟန်းဖြစ်ခြင်းအင်္ဂါ(၅)ပါးကို မေးထားရာ စာဖြေရှင်စာသင်သားမှာ အထက်ပါ လေးပါးကို သာမှတ်မိ၍ မှန်မှန်ကန်ကန်ရေးနို်င်သော်လည်း နောက်ဆုံး အချက်သီမာသမ္ပတ္တိ-သိမ်၏ပြည့်စုံခြင်းဟုဖြေရမည်ကို မေ့နေသောကြောင့် ထိုနေရာတွင် နံပါတ်ထိုး ၍ “ပိုက်ဆံရှိလျှင်ဖြစ်နိုင်ခြင်း”ဟုဖြေချလိုက်ပါသည်။ယခုပြန်စဉ်းစားကြည့်သောအခါ ရဟန်းဖြစ်ဖို့ သိမ် အရေးကြီးသလို၊သိမ်ဖြစ်ဖို့လည်းသိမ်ကုသိုလ်ရှင်လည်းအမှန်တကယ်လိုအပ်မှာမို့သိမ်မိန့်စသည်ရပြီးပါကလည်းသိမ်ကုသိုလ်ဖြစ်မြောက်ရေးကို အထူးအကူအညီပေးသင့်ကြပါသည်။

သိမ်အလှူသေမဖြစ်စေဘဲ သိမ်အလှူရှင်ဖြစ်အောင်လုပ်ဖို့လိုအပ်
ယခုအခါသာသနာတော်မှာသိမ်တစ်လုံးဖြစ်မြောက်မူဟာအလွန်အရေးပြီးသာသနာတော်အတွက်အကျိုးများ မည့်အရေးကို သိထားသော နိုင်ငံကျော်ဓမ္မကထိက ဖြူးဆရာတော်ဘုရားကြီး နှင့်တပည့်ကြီးဖြစ်သူ အရှင်အဂ္ဂဝရတို့၏ဦးဆောင်မူ၊ကာရကသံဃာများ၏ချီးမြောက်မူ။တပည့်ဒကာ၊ဒကာမများ၏ ထောက်ပံမူဖြင့်ရန်ကုန်တိုင်း၊လိုင်မြို့နယ်၊ အမှတ်(၅)ရပ်ကွက်။ဓမ္မရက္ခိတ ဖြူးမဟာစည်ရိပ်သာကျောင်းတိုက်၌သာသနာဝုဎိုကာရီသုံးထပ်ကျောင်းဆောင်ကြီး ဖြစ်မြောက်လို့လာခဲ့ပါပြီ။ ကျောင်းဆောင်ကြီး ပြီးမြောက်သည့်သတင်းကိုကြားရကတည်းက မိမိအနေနဲ့သာသနာတော်အတွက် အကျိုးများမည့် အရေးကိုကြိုတင်တွေး၍ ဝမ်းသာပီတိဖြစ်မိပါသည်။မိမိတို့ဗုဒ္ဓဘာသာဝင်များအမြဲပြောလေ့ရှိသောဆိုရှိးစကားတစ်ခုရှိပါသည်။ဆွမ်းမှာ ပိဏ်၊သင်္ကန်းမှာကထိန်၊ ကျောင်းမှာသိမ် ဟူ၍ ဖြစ်ပါသည်။ ဆွမ်းအလှူများထဲတွင် ပိဏ္ဍပါတ်ဆွမ်လှူဒါန်းခြင်းသည် အမြတ်ဆုံးဒါနဟူ၍ လည်းကောင်း၊ သင်္ကန်းအလှူများထဲတွင် ကထိန်သင်္ကန်းလှူဒါန်းရခြင်းသည် အမြတ်ဆုံးဟူ၍ လည်းကောင်း၊ ကျောင်းအလှူများထဲတွင်လည်း သိမ်ကျောင်းဆောင်လှူဒါန်းရခြင်းသည် အမြတ်ဆုံးဟူ၍ လည်းကောင်း ပြောဆိုသုံးနူံးနေကြပါသည်။အဘယ်ကြောင့်အမြတ်ဆုံးဟူပြောဆိုရပါသနည်း။ု စာရေးသူအမြင်ကိုပြောရမည်ဆိုလျှင် ဤဆွမ်း၊သင်္ကန်း၊ကျောင်းတို့ကို လက်ခံသော အလှူခံ များကဤ ပစ္စည်းများကို အမှန်တကယ်လိုအပ်နေပြီး လိုအပ်သောနေရာများ တွင် အကျိုးရှိရှိ အသုံးချမည်ဖြစ်သောကြောင့်ဖြစ်ပါသည်။ ဤကဲသို့အသုံးချမှသာအလှူရှင်များအနေဖြင့်အသုံးကျသောအလှူဖြစ်ပြီးမြတ်သောအကျိုးကိုခံစားရမည် ဖြစ်သောကြောင့်ဖြစ်ပါသည်။သို့ဖြစ်ပါ၍အလှူရှင်များအကျိုးများစေရန်သိမ်ကျောင်းဆောင်ကြီးသည် သံဃာကိစ္စမျာအတွက်အမြဲတမ်းအသုံးချ ထားသော ကျောင်းဆောင်ကြီးဖြစ်ဖို့ လည်းအရေးကြီးပါသည်။သို့မှသာ အလှူရှင်များ၏ အလှူသည် လည်း အမြဲတမ်းရှင်သန်နေသောအလှူဖြစ်ပြီး ဆရာဒကာ သံသရာ အတွက်အကျိုးများမည်ဖြစ်ပါကြောင်းတင်ပြလိုက်ရပါသည်။
ဦးဇင်းလေး



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP