အမိမြေသို့အလည်တစ်ခေါက်ပြန်ခြင်းမှတ်တမ်း (၃)
| From Myanmar trip 01 |
မနက်ဖြန်နှင့် ဆရာတော် ဦးမဟောတို့ သွားရောက်ခဲ့သော ခန့်ဝင်တောရကျောင်း၏ တည် နေရာသည် ရန်ကင်းတောင်ခြေ၏ တောင်ဘက်အစွန်းနှင့် ဥယျာဉ်စာသင်တိုက်၏ အရှေ့တောင်ဘက် အစွန်းတွင်တည်ရှိသည်။ မြစကြာဆရာတော်သည် နိုင်ငံကျော် ဓမ္မကထိဖြစ်သော်လည်း ယခုအခါ တစ်ပါးတည်း ဧကစာရီကျင့်သုံးလျက် မန္တလေးမြို့ ပေါ်သာ တရားရေအေး တိုက်ကြွေးလျက်ရှိသည်။
မြစကြာဆရာတော်သည် နှစ်ပေါင်း ၁၅-နှစ်ကျော် မလွန်ဓမ္မကထိကအဖြစ် သီတဂူဆရာတော်၊ မိုးတာဆရာတော် ဦးသူရိယာဘိဝံသ၊ ဆရာတော်ဦးမဟောတို့နှင့်အတူ မင်းကွန်းဆရာတော်၏ သြ၀ါဒကို ခံယူလျက် စစ်ကိုင်းတောင်နှင့် မင်းဝံတောင်ရှိ ရဟန်း သာမဏေ သီလရှင်တို့ကို ပြုစုလုပ်ကြွေးခဲ့သည်။
စစ်ကိုင်းတောင်ရိုးရှိ မြစကြာကျောင်းကို တည်ထောင်ကာ ယခုလက်ရှိ ဆရာတော် ဦးဣန္ဒကာ ဘိဝံသကို အပ်နှံခဲ့သည်။ ဆရာတော်သည် နှစ်ပေါင်းများစွာ တပါးသူတို့အတွက် တက်စွမ်းသမျှ လုပ်ဆောင်ခဲ့ဖြစ်၍ ယခုအခါ ကိုယ့်အတွက် လုပ်ဖို့လိုအပ်သေးသည်ဟု ခံယူထားသောကြောင့် ဧကစာရီကျင့်နေသည်ဟု သိရှိရသည်။
‘’မောင်နာယကရေ…ရဟန်း ဘ၀ဆိုတာ ဘာလဲ? ရဟန်းအလုပ်ဆိုတာ ဘာလဲ? မေးခဲ့ရင် စာအုပ်ထဲကအတိုင်းတော့ လာမပြောနဲ့ကွ၊ အဲဒါတော့ ငါလည်း စာသင်လာတာဘဲ၊ သိတာပေါ့ကွ။ လက်တွေ့ကျကျ ကိုယ်တိုင်း ရဟန်းဘ၀နဲ့ ရဟန်းအလုပ်ကို ဘယ်လောက် လုပ်ဘူးသလဲဆိုတာ သိဖို့အရေးကြီးတယ်”ဟု မိန့်ကြားခဲ့သည်။
ဆရာတော်ဦးမဟောနှင့် မြစကြာဆရာတော်တို့သည် သီတဂူအာယုဒါနဆေးရုံတော်ကြီးတည် ဆောက်မည့်နေရာကို ဘိုးဘွားရိပ်သာအဖြစ် တည်ထောင်ဖို့ ရွယ်ရည်ထားသူများဖြစ်ခဲ့ကြ သည်။ နေရာကိုပိုင်ဆိုင်သူသည် မြစကြာဆရာတော်ဖြစ်သည်။ ဘိုးဘွာရိပ်သာတည်ထောင်လို သူသည် ဆရာတော် ဦးမဟောဖြစ်သည်။ ထိုသို့ရည်ရွယ်စဉ် သီတဂူဆရာတော်နှင့် တိုင်ပင်သောအခါ သီတဂူဆရာတော်မှ ငါတော့ စစ်ကိုင်းမှာလိုအပ်နေတဲ့ သံဃာ့ဆေးရုံတည် ထောင်ချင်တယ်ကွာဟု ပြောသောကြောင့် ပထမအကြံအစည်ကို အကောင်အထည်မဖေါ်ပဲ သီတဂူဆရာတော်ဖြစ်ချင်သည့် ဆေးရုံလုပ်ငန်းကို အကောင်ထည်ဖေါ်ခဲ့ကြသည်။
ထို့ကြောင့် ယခုလက်ရှိ သီတဂူအာယုဒါနဆေးရုံနေရာကို လှူသူသည် မြစကြာဆရာတော်ဖြစ် ကြောင်း သိရှိခဲ့ရသည်။ ထိုဆေးရုံကြီး တည်ဆောက်နိုင်ဖို့အတွက် နေရာသည် သုဿာန် နေရာဖြစ်သောကြောင့် မြစကြာဆရာတော်ဦးဆောင်ကာ အုတ်ဂူသန်ရှင်းရေနှင့် သုဿာန် ပြောင်းရွေ့ခြင်းများကို အစအဆုံး လုပ်ဆောင်ခဲ့သည်ကိုလည်း သိရှိခဲ့ရသည်။
မြစကြာဆရာတော် ငယ်ရွယ်စဉ် ဓမ္မကထိကဘ၀က ပုံတော်
ဆရာတော် ဦးမဟောနှင့် မြစကြာဆရာတော်တို့စကားလက်ဆုံကြနေစဉ်

0 comments:
Post a Comment