မိုးကုတ်ဆရာတော်ဘုရားကြီး-၂၁
ရုပ်နာမ်နှစ်ပါးနှင့် လမ်းခွဲသည့်နေ့ (နံနက်ပိုင်း အခြေအနေ)
နံနက်စောစော ၅-နာရီအချိန်။ မိုးကုတ်ဆရာတော်ကြီးသည် ထေရာသန စံကျောင်းတော်ပေါ်တွင် ကျောင်းအမဒေါ်တင်လှလာရောက်ကပ်လှူသော ကွေကာအုပ်ကို အေးအေးလူလူ ဘုဉ်းပေးနေသည်။ ယနေ့နံနက်တွင် မင်္ဂလာတိုက်ဟောင်း၌ သံဃာတော် အပါး(၂၀၀)ကျော် ဆွမ်းကပ်ပွဲရှိရာ၊ ဆရာတော်ကြီးလည်း ဧည့်ခံရန်ကိစ္စရှိသဖြင့် ကွေကာအုပ် ဘုဉ်းပေးပြီးသည်နှင့် မင်္ဂလာတိုက်ဟောင်းဘက်ဆီသို့ ကြိုကြိုတင်တင် ကြွသွားတော်မူသည်။ နံနက် ၆-နာရီအချိန်တွင် ကျောင်းကြီးပေါ်၌ နယ်ပေါင်းစုံ ကျောင်းပေါင်းစုံမှ ကြွလာကြသော သံဃာတော်များအား ဆွမ်းဘောဇဉ်များ ဆက်ကပ်ကြလေသည်။ ဆရာတော်ကြီးသည် ဆွမ်းဝိုင်းများကို လှည့်ပတ်ကြည့်ရှု ကြည်ညိုနေရင်း၊ ဟင်းနည်းနေသော ဆွမ်းပွဲကိုမြင်သဖြင့် ကိုယ်တိုင်ပင် ဟင်းလိုက်ပေးတော်မူသည်။ ရင်းနှီးသော ဆရာတော်များ၊ လေးစားကြည်ညိုသောဆရာတော်များပွဲသို့သွားပြီး နှုတ်ဆက်ဧည့်ခံတော်မူနေရာမှ- အောင်ခြင်းရှစ်ပါးကျောင်းတိုက် ဆရာတော်ကြီး ဦးနာဂ၀ံသကို တွေ့လိုက်ရသောအခါတွင်ကား ထိုဝိုင်းဆီသို့ ချက်ချင်း လှမ်းသွားတော့သည်။ ပြီးနောက် ၀င်ထိုင်ပြီး ဆရာတော်ကြီးများနှင့် အလ္လာပ သလ္လာပ စကားများ ပြောနေတော်မူသည်။ ဆရာတော်ကြီး ဦးနာဂ၀ံသသည် ဘုဉ်းပေးပြီးသောအခါ လက်ဖက်ရည်အချိုပွဲမှ ထရန်ပြင်သည်။ သို့ရှိစဉ် မိုးကုတ်ဆရာတော်ကြီး ဦးဝိမလက ငယ်စဉ်မှစ၍ တစ်ဘ၀လုံး ဆုံးမသွန်သင်လာခဲ့သော အောင်ခြင်းရှစ်ပါး ဆရာတော်ဘုရားကြီး၏ ခြေဖမိုးကို နဖူးဖြင့် တိုက်ပြီး ပျပ်ပျပ်ဝပ်ဝပ် ကန်တော့ကာ- “အရှင်ဘုရားကို အခုလို ကန်တော့ခြင်းဟာ တပည့်တော်အတွက် နောက်ဆုံးကန်တော့ခြင်း ဖြစ်ပါလိမ့်မယ် ဘုရား” ဟူ၍ လျှောက်တင်လေသည်။
……………………………………………………………
ခန္ဓာဝန်ကြီးကဖြင့် လေးလှပြီ (နေမြင့်ပိုင်းအခြေအနေ)
ဧည့်ခံမှုကိစ္စများပြီးစီးသည်နှင့် ဆရာတော်ကြီးလည်း ဦးလှဘူးကို ခေါ်၍ မင်္ဂလာမဂ္ဂင်ရိပ်သာဘက်သို့ ပြန်လာခဲ့သည်။ ရိပ်သာထဲသို့ ၀င်ခါနီးတွင် “ငါ့ခန္ဓာဝန်ထုပ်ကြီးကဖြင့် လေးလှပြီ”ဟူ၍ ညည်းတွားတော်မူသည်။ ဦးလှဘူးခမျာ ဆရာတော်ကြီး၏ ညည်းတွားမှုကို မသိရှာ၍ အကြောင်းကို မေးလျှောက်ရာ-ဆရာတော်က “မင်း တယ်….အ-တဲ့ ကောင်ပဲ” ဆိုရုံမျှ မိန့်တော်မူပြီး ထေရာသနကျောင်းပေါ်သို့ တက်သွားတော့သည်။ ကျောင်းပေါ်ရောက်မှ ပြန်လှည့်ပြီး “မောင်လှဘူး၊ သွား- တင်လှ ခေါ်ချေစမ်း၊ ကော်ဖီလည်း တစ်ခါတည်း ဖျော်ခဲ့-လို့” ဟူ၍ မိန့်လေသည်။ ဒေါ်တင်လှသည် ယခုတစ်လောတွင် ဆရာတော်ကြီး၏ ကျန်းမာရေးနှင့်ပက်သက်၍ အမြဲ စိတ်ထင့်နေရာ၊ ယခုလည်း ဆရာတော်ကြီး ကော်ဖီဘုဉ်းပေးပြီး ရုပ်လက္ခဏာမှာ ညှိုးနွမ်းနေသည်ကို တွေ့ရသဖြင့်- “နေမကောင်းဘူးလား ဘုရား” ဟု မေးကြည့်ရာ ဧည့်ခံစဉ်က ဟင်းနံ့များကြောင့် ငြီးစီစီဖြစ်နေကြောင်းသာ အဖြေရလေသည်။ ထို့နောက် ဆရာတော်ကြီးက ကျောင်းအမ ဒေါ်တင်လှကို မေးသည်- “တင်လှ နင်အိပ်မက်များ ဘာထူးထူးထွေထွေ မက်သလဲ”။ မမေးစဖူး မေးခွန်းမျိုးကို မေးတော်မူနေပါသည်။ ဒေါ်တင်လှကလည်း ကောက်ကာငင်ကာ မက်သည့်အတိုင်း လျှောက်လိုက်သည်- “ဒီရိပ်သာထဲမှာ မြေပေါက်စေတီကြီးတစ်ဆူ ကြည်ညိုဖွယ်ရာ ဖူးတွေ့ရတယ်ဘုရား၊ စေတီတော်ကြီးအခြေမှာ ဆရာတော် တရားအားထုတ်နေတာလည်း တွေ့ရတယ်ဘုရား၊ နောက်တော့ ဒီစေတီကြီးရဲ့ အထက်နားဖောင်းရစ်က တဖြည်းဖြည်း အက်-အက်လာပြီး မီးခိုးအဖြူတွေ ထွက်လာတယ်ဘုရား၊ အဲ့ဒီ့မီးခိုးတွေဟာ များ-များလာပြီး စေတီကြီးက ဆရာတော့်အပေါ် ပြိုကျသွားပါတယ်၊ ဒါပေမယ့်ဆရာတော့်ကို ဘာမျှ မထိခိုက်ဘဲ စောစောက ပုံအတိုင်း ထိုင်လျက်သား တရားအားထုတ်နေတာကိုပဲ တွေ့ရတယ်ဘုရား”။ ထိုအခါ ဆရာတော်က ပြုံးပြုံးကြီးနှင့်- “ဟ- တင်လှရ၊ နင့်အိပ်မက်က တယ်စင်းလှပါလား၊ ပုဗ္ဗနိမိတ်ဆိုတာ ဒီလိုပဲ ဖြစ်ပေါ်စမြဲ၊ ငါလိုခံနိုင်ရည်ရှိအောင် တရားကိုသာ နာနာအားထုတ်ကြ” ဟူ၍ မိန့်တော်မူလိုက်လေသည်။
ဆရာဝန်ပင့်ရတော့မည်လော
အစောပိုင်းက ဆရာတော်ကြီးအနားတွင် ယောဂီများ လာရောက်ပြီး တရားစကား နာယူနေကြရာ၊ “ကဲ သွားကြ သွားကြ၊ ကိုယ့်တရားကိုယ် အားထုတ်ကြ” ဟူ၍ ဖယ်ရှားတော်မူလိုက်သဖြင့် ဆရာတော်၏ အနီးတွင် ဦးကျော်သိန်းတစ်ယောက်သာ ကျန်ရစ်ခဲ့သည်။ ထိုအခါ ဆရာတော်က “မောင်ကျော်သိန်း……….မင်း ငါမရှိတဲ့နောက် တရားကို ဆက်လက်အားထုတ်ပါ၊ အရောင်းအ၀ယ်ကို လုံးဝမလုပ်ပါနဲ့တော့၊ စားလောက်ရုံတော့ ရှိကြတာပဲ”ဟု မိန့်သဖြင့် ဦးကျော်သိန်းလည်း ရန်ကုန်ကြွမည်လားဟူ၍ အရဲစွန့် လျှောက်လေသည်။ “ငါ ဘယ်သွားမယ် ဘာလုပ်မယ်ဆိုတာ ငါ့ခန္ဓာက ပြောပါလိမ့်မယ်ကွာ၊ မင်း ငါပြောတာသာ နားထောင်၊ ငါအခု တယ် နေမကောင်းဘူး”၊ မိန့်ပြီးသည့်နောက် ဆရာတော်သည် ပက်လက်ကုလားထိုင်ပေါ်တွင် နောက်ကိုမှီ၍ မှေးနေတော့သည်။

0 comments:
Post a Comment