မိုးကုတ်ဆရာတော်ဘုရားကြီး-၂၂
ကျောင်းဒကာဦးကျော်သိန်းသည် ထေရာသနစံကျောင်းပေါ်မှ ခပ်သုတ်သုတ်ဆင်းလာပြီး မြန်အောင်ဦးတင်၊ ကျားပျံဦးသန်းမောင်၊ အမရပူရဦးကြွယ်တို့ရှိရာ ဇရပ်ဆီသို့ ဦးတည်လှမ်းသွားလေသည်။ ဒကာရင်းများစုစည်းမိပြီး ဆရာတော့်ကျန်းမာရေးအခြေအနေ ဆွေးနွေးကြရာ ဆရာဝန်အမြန်ပင့်ရေးအတွက် သဘောညီကြသည်။ သို့ဖြင့် ဦးကျော်သိန်းမှာ ဆရာတော့်အား အကျိုးအကြောင်း လျှောက်တင်ရန် စံကျောင်းတော်ဖက်ဆီ ပြန်၍ လှမ်းခဲ့ရပြန်သည်၊ ကျောင်းပေါ်တက်သော် ဇနီးသည် ဒေါ်တင်လှ ဆက်ကပ်သော စွပ်ပြုတ်ဘုဉ်းပေးနေသည်ကို တွေ့ရသဖြင့် အသာပြန်ထွက်ခဲ့သည်။ ထို့နောက် အဖော်နှစ်ယောက်ကိုခေါ်၍ ဆရာဝန်ပင့်ရန် မန္တလေးသို့ အလျင်အမြန် သွားလေတော့သည်။
…………………………………………………
Get Your Own Player!
………………………………………………….
စွပ်ပြုတ်ဘုဉ်းပေးပြီးနောက် အနီးသို့ရောက်လာကြသော ကျောင်းအမဒေါ်တင်လှနှင့် ယောဂီတစ်စုတို့အား တရားနှင့်စပ်သော သြ၀ါဒစကား မြွက်ကြားနေစဉ်၊ ဆရာတော်ကြီးမှာ ဖိစီးနှိပ်စက်သောဝေဒနာ ရုတ်တရက်ပေါ်လာလေသည်၊ မသက်သာသော အမူအရာများ ပြနေသည်။ ဒေါ်တင်လှက ကျောင်းပေါ်မှ ခပ်သုတ်သုတ်ဆင်းပြေးပြီး အကြောင်းကြားသဖြင့် ဦးသန်းမောင်တို့အပါအ၀င် ချက်ချင်းရောက်လာကြသည်။ ဆရာတော်က ဦးသန်းမောင်ကို လှမ်းကြည့်ပြီး- “ဦးသန်းမောင်….၀မ်းချူပေးစမ်းဗျာ၊ ခန္ဓာဝန်ကြီးက တယ်……လေးတာပဲ” ဟူ၍ မိန့်တော်မူကာ အိပ်ခန်းတွင်းသို့ ၀င်သွားသည်။ ၀မ်းချူပြီးသွားသောအခါ ကိုယ်တိုင်ထ၍ ကုဋီခန်းသို့ ဆင်းသည်၊ ဘေးမှဝိုင်းဝန်း ကူညီ ဖေးမကြသည်ကို လက်မခံပေ၊ ဆရာတော်၏ အနေအထားမှာ မသက်သာသော အမူအရာများ ပေါ်နေသော်လည်း အသွားအလာမှာပုံမှန်၊ စကားပြောလည်း ပုံမှန်သာ ဖြစ်လေသည်။
……………………………………..
အားလုံး၏ ရင်ထဲတွင် အဓိပ္ပါယ်မဖော်နိုင်စွာ လေးလံနေကြသည်၊ ဖိစီးမှုတစ်ခုခုကို ခံစားနေရသည်ကဲ့သို့ရှိချေသည်။ “ဆရာဝန်ကြီး ရောက်လာပြီတဲ့” ၊ ငြိမ်သက် ငေးမှိုင်နေသူများ တက်ကြွ လှုပ်ရှားလာကြတော့သည်။ ဒေါက်တာဆိုနီသည် ရောက်လျှင်ရောက်ချင်း ရောဂါကို စမ်းသပ်ပြီး လိုအပ်သော ဆေးတို့ကို ထိုးနှံပေးသည်၊ အခြေအနေမှာ စိုးရိမ်ဖွယ်ဖြစ်၍ ဒေါက်တာဆိုနီက- ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ် ဆရာဝန်ကြီး စောမြအောင် ကိုထပ်မံအပင့်ခိုင်းလေသည်။ မကြာမီပင် ဆရာဝန်ကြီး စောမြအောင်ရောက်လာ၍ ဒေါက်တာဆိုနီနှင့်တိုင်ပင်ကြကာ ဆက်လက်ကုသကြသည်။ အချိန်ကား နေ့ခင်း ၁-နာရီခန့် ရှိသွားပေပြီ။
………………………………………….
စိုးရိမ်တကြီးဖြင့် သံဃာတော်များပါ အနီးသို့ ရောက်လာကြသည်။ မိုးကုတ်ဆရာတော်ကြီးမှာ ဝေဒနာ၏ ပြင်းစွာ နှိပ်စက်မှုကို ခံနေရလေသည်၊ ဘေးမှ ၀ိုင်းဝန်းကြည့်ရှုနေသော ရဟန်းသံဃာတော်များနှင့် ဒကာ ဒကာမ များမှာ မျက်နှာလေးများ ငယ်ငယ်ဖြင့် နွမ်းနေကြသည်။ ဆရာတော်ကြီးသည် ဝေဒနာကြားမှ ခေတ္တရုန်းထွက်ပြီး အနီးရှိ ပရိတ်သတ်အား-“ခန္ဓာရတဲ့သူတိုင်း ခံစားရတဲ့ဝေဒနာကို ကြည့်ထားလိုက်ကြ” ဟူ၍ မိန့်တော်မူကာ အနီး၌ရှိသော ဦးသစ်အား “တရားဟောဖို့ ပြင်ဆင်ပြီးပြီလား” ဟု မေးတော်မူလိုက်ရာ အားလုံးရင်ထဲ နင့်ခနဲ ဖြစ်သွားကြသည်။
……………………………………………
အချိန်သည် တစ်ချက်ချက်နှင့် စက္ကန့်တိုင်း တရွေ့ရွေ့ ပြောင်းလွဲနေပေသည်။ ဆရာတော်ဘုရားကြီး၏ အခြေအနေမှာ မသေချာမရေရာတော့ချေ။ ကြပ်ကြပ်မတ်မတ်ကုသပေးနေသည့်ကြားက ဝေဒနာတို့မှာ တိုး၍သာနေသည်။ ထို့ကြောင့် ဆရာဝန်ကြီး နှစ်ယောက်၏ ဆန္ဒမှာ မည်သူ့ကိုမျှ ဆရာတော့်အခန်းထဲသို့ ထပ်မံပေးမ၀င်လိုတော့ပေ။ အချိန်တွေကြာလေ အားလုံးရင်မှာ ပူလောင်လာလေဖြစ်သော်လည်း၊ ဆရာတော်ကြီးကား ယခုမှပင် ပို၍ တည်ငြိမ်လာသည်ကဲ့သို့ ရှိသည်။ ဤသို့ရှိစဉ် ဦးချစ်ဆွေနှင့်ဒေါ်မမတို့မှာ ဆရာတော်ကြီးအား ကန်တော့လိုသဖြင့် လူအုပ်ထဲတိုးဝင်ပြီး အနားသို့ရောက်လာကြရာ- “မောင်ချစ်ဆွေ……..ဒီတစ်ခါတော့ မရတော့ဘူးကွ၊ ဟဲ့…..မမ ကြည့်ထား၊ ခန္ဓာရတဲ့သူတိုင်း ဒီလိုပဲ ဝေဒနာတွေနဲ့ တွေ့ရမယ်” စသည်ဖြင့် မိန့်တော်မူကာ၊ အနီးတွင် ၀ိုင်းအုံ ကန်တော့နေကြသော ရဟန်း သံဃာတော်များနှင့် ဒကာဒကာမ များအား- “ခန္ဓာရှိတဲ့သူတိုင်း ခံစားရမည့် ဝေဒနာတွေကို ကျော်လွန်အောင် (ဝေဒနာဖြစ်ပျက်တို့ရဲ့ အဆုံးကို တွေ့အောင်) ရှုကြ၊ မမေ့မလျော့ နေရစ်ကြ……” ဟူ၍ နောက်ဆုံးအနေဖြင့် သြ၀ါဒပေးတော်မူသည်။ ထို့နောက် လက်ယာဘက် နံတောင်းဖြင့် စောင်းလျက် သီတင်းသုံးတော်မူပြီးလျှင် တရားနှလုံးသွင်းတော်မူနေသည်၊ ပရိတ်သတ်လည်း လက်အုပ်များ ကိုယ်စီချီပြီး ငြိမ်ကျသွားသည်။ မကြာမီပင် ဆရာတော်ဘုရား၏ ထွက်သက်ဝင်သက်တို့သည် တဖြည်းဖြည်းနှင့် နူးညံ့သိမ်မွေ့သွားကြသည်၊ ခန္ဓာကိုယ်လှုပ်ရှားမှုလည်း ညင်သာသွားသည်။ ဤသို့လျှင် တဖြည်းဖြည်း တရွေ့ရွေ့နှင့် နူးညံ့သိမ်မွေ့သွားကြရာမှ နောက်ဆုံးတွင် လုံးဝလှုပ်ရှားမှုမရှိတော့ဘဲ အပြီးတိုင် ငြိမ်သက်ငြိမ်းအေးသွားတော်မူသည်။
………………………….
ကောဇာသက္ကရာဇ် ၁၃၂၄-ခု၊ သီတင်းကျွတ်လပြည့်ကျော် ၄-ရက် (ခရစ် ၁၉၆၂-ခု၊ အောက်တိုဘာလ ၁၇-ရက်) ဗုဒ္ဓဟူးနေ့၊ မွန်းလွဲ ၁-နာရီ၊ မိနစ် ၂၀

0 comments:
Post a Comment