* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, July 15, 2011

ဝါဆိုအပိုင်းအစများ (၁)


မြန်မာတို့ပြက္ခဒိန်အရ လ ၁၂ လရှိရာမှာ ၀ါဆိုလဟာ လေးလမြောက်လပါ။
မြန်မာဗုဒ္ဓဘာသာဝင်တို့နားထဲ ‘၀ါဆို’ ဆိုတဲ့စကားကြားလိုက်တာနဲ့
ကုသိုလ်စိတ် (ဘာသာရေးစိတ်) တွေ အလိုလိုနိုးထလာပါတယ်။
ဒီဝါဆိုလကစပြီး ရဟန်းတော်များ ဘယ်မှခရီးမသွားဘဲ
တစ်နေရာတည်း တစ်ကျောင်းတည်းမှာနေထိုင်သီတင်းသုံးပြီး
ရဟန်းတရား ပိုမိုကြိုးစားအားထုတ်တော့မယ်လို့
ဗုဒ္ဓဘာသာဝင်တွေရဲ့ မသိစိတ်နောက်ကွယ်မှာ
သိရှိနေပါတယ်။

သူတို့ကိုယ်တိုင်ကလည်း အခြားသောကာလတွေထက် ဒီလိုကာလမျိုးမှာ
ဗုဒ္ဓတရားတော်တွေကို ပိုမိုစောင့်ထိန်းကျင့်သုံးသင့်တယ်လို့ ယူဆထားပါတယ်။

ဒါ့ကြောင့်မို့ လောကီရေးဖြစ်တဲ့ လက်ထပ်ထိမ်းမြားခြင်း (အိမ်ထောင်ပြုခြင်း) ကိစ္စကိုတောင်
ဝါဆိုပြီးဝါတွင်းကာလ သုံးလအတောအတွင်းမှာ ပြုလုပ်ကျင်းပလေ့မရှိကြပါဘူး။

ဒီဝါဆိုကာလ ၀ါတွင်းသုံးလကို အထူးသဖြင့် ၀ါဆိုလကို
တရားဘာဝနာအလုပ်ကိုသာ လုပ်ရမဲ့ကာလ (အထွဋ်အမြတ်ကာလ)လို့
စိတ်ထဲမှာ မှတ်ယူထားပါတယ်။

မှတ်ယူထားမယ်ဆို မှတ်ယူထားနိုင်ပါရဲ့။
မယ်တော်မာယာဝမ်းထဲမှာ ဘုရားဖြစ်မဲ့ဘုရားအလောင်းတော်ရဲ့သန္ဓေသားလေး
တည်ခဲ့တာက ဒီဝါဆိုလအတွင်းမှာပါ။

ဘုရားအလောင်းတော်မွေးဖွားလာပြီး အသက် ၂၉ နှစ်အရွယ်ရောက်လို့
လောကီစည်းစိမ်ကိုငြီးငွေ့ပြီး တောထွက်တော့လည်း
ဒီဝါဆိုလအတွင်းမှာပါဘဲ။

တောထွက်ပြီး တရားကျင့်၊ တရားကျင့်ပြီး ဘုရားဖြစ်၊
ဘုရားဖြစ်ပြီးလို့ ပထမဆုံးတရားဖြစ်တဲ့ ဓမ္မစကြာကို စတင်ဟောတော့လည်း
ဒီဝါဆိုလအတွင်းမှာပါဘဲ။

ဒီဓမ္မစကြာတရားကို ဟောလိုက်လို့ ကောဏ္ဍညစတဲ့ပဉ္စ၀ဂ္ဂီငါးဦး တရားထူးရကာ
ဘုရားရှင်ရဲ့ သာသနာ့ဘောင်တွင်း ရဟန်းအဖြစ်
သံဃာအဖြစ်ဝင်ရောက်လာတာလည်း ဒီဝါဆိုလအတွင်းမှာပါဘဲ။

ဆိုတော့ ဘုရားရှင်ရဲ့ ဖြစ်တော်စဉ်တွေသာမက ဘုရားရှင်ရဲ့
တရားတော်ဆိုတဲ့ ဓမ္မရတနာ၊ တပည့်သားသာဝကဆိုတဲ့
သံဃာရတနာတွေ ပေါ်ပေါက်လာတာ ဒီဝါဆိုလအတွင်းမှာပါ။

အကျဉ်းချုပ်ကောက်ချက်ချကြည့်လိုက်ရင်
ကဆုန်လမှာ ဘုရားရှင်ဘုရားအဖြစ်သို့ရောက်ရှိပြီး
ကဆုန်လနဲ့ နယုန်လမှာ ဘုရားရတနာတစ်မျိုးတည်းရှိနေရာကနေ
ဝါဆိုလရောက်မှ တရားရတနာ၊ သံဃာရတနာလို့
ရတနာ နှစ်ပါးထပ်မံပေါ်ထွန်းလာတာပါ။
(တပုဿ၊ ဘလ္လိက တို့ဒွေဝါစိကဆိုတာကို ခဏထားပါအုံး)

ဒါ့ကြောင့် ဗုဒ္ဓဘာသာဝင်တို့ရဲ့ ရတနာသုံးပါးစုံညီစွာ
ပွင့်ထွန်းပေါ်ပေါက်တဲ့လဖြစ်လို့ ဒီဝါဆိုလကို လထူးလမြတ်အဖြစ်
မှတ်ယူထားတာဟာ အင်မတန်သဘာဝကျလှပါတယ်။

ဒါကိုရည်ညွှန်းပြီး ရှေးစာဆိုများက
``သန္ဓေ, တောထွက်၊ ဓမ္မစက်၊ ဟောမြွက်လ၀ါဆို´´လို့ ဆိုခဲ့ကြပါတယ်။

တချို့က ၀ါဆိုလရဲ့ အဓိပ္ပါယ်ဟာ
‘၀ါသ’ ဆိုတဲ့ပါဠိပုဒ်နဲ့ ‘ဆို’ ဆိုတဲ့ မြန်မာစကား ပေါင်းစပ်ထားတာဖြစ်တယ်တဲ့။
ဝါသဆိုတာ နေထိုင်ခြင်းဖြစ်ပြီး ဆို ဆိုတာ ရွတ်ဆိုတာဖြစ်တယ်တဲ့။
ဒါ့ကြောင့် ၀ါဆိုလ ရဲ့ အဓိပ္ပါယ်အပြည့်အစုံဟာ
ရဟန်းတော်များ ၀ါတွင်း(မိုးတွင်း) သုံးလပတ်လုံး မိမိတို့သီတင်းသုံးရာကျောင်း၌နေပါမည်လို့
အဓိပ္ပါယ်ရပါသတဲ့။

ဝါဆိုလကို ဒီလိုကြီးအဓိပ္ပါယ်ဖွင့်ဆိုတာတော့ တယ်ဘ၀င်မကျလှပါဘူး။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP