* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, July 20, 2011

တေလကဋာဟဂါထာ-များ ဖြစ်ပေါ်လာခြင်းအကြောင်း

ဤတေလကဋာဟဂါထာများကို ခီဏာသ၀ရဟန္တာ ဖြစ်တော်မူသော ကလျာဏီယမဟာထေရ်မြတ် ဟောကြားတော်မူခဲ့သည်ဟု အဆိုရှိလေသည်။ ယင်းဂါထာများကို ဟောကြားတော်မူခြင်း၏ အကြောင်းရင်းမှာ လံကာ(သီဟိုဠ်) ကျွန်း၌ ကလျာဏီယတိဿဘုရင် အုပ်စိုးစဉ်အခါ ထိုကလျာဏီယ မဟာထေရ်သည် မင်းဆရာ ဖြစ်လေသည်။ ကလျာဏီယတိဿဘုရင်၏ညီတော် ဥတ္တိယမင်းသား သည် ထိုကလျာဏီယမဟာထေရ်ထံတော်မှာပင် အတတ်ပညာများကို သင်ယူခဲ့၍ လက်ရေးလက်သားများကို မထေရ်၏လက်ရေးနှင့် တစ်ထပ်တည်းတူအောင် ရေးသားနိုင်လေသည်။

ထိုမင်းသားအရွယ်ရောက်၍ အိမ်ရှေ့ဥပရာဇာဖြစ်မြောက်သည့်အခါတွင် နောင်တော်ဘုရင်၏ မိဖုရားဖြစ်သော မရီးတော်နှင့် တစတစ ယဉ်ပါး၍ မင်းပြစ်မင်းဒဏ်မလွတ်သော ဘုရင့်ဘဏ္ဍာတော်ကို ပြစ်မှားမိလေ၏။ ထိုအဖြစ်အပျက်သတင်းများသည် နောင်တော်ဘုရင့်နားတော်သို့ ပေါက်ရောက်သွားရာ ညီတော်ကို “ဖမ်းဆီးတုပ်နှောင်၍ အကျဉ်းထောင်သွင်းရမည်” ဟု အမိန့်တော် ထုတ်ပြန်သည်ကို ကြိုတင်သိ၍ ကလျာဏီမြို့တော်မှ တစ်ခုသော ရွာကလေးသို့ ထွက်ပြေးတိမ်းရှောင်ရလေသည်။

ထိုတမန်ရဟန်းငယ် နန်းတော်တံခါးပေါက်သို့ ရောက်သည့်အခါမှာပင် နေ့စဉ်နန်းတွင်းကြွ၍ ဆွမ်းဘုန်းပေးတော်မူနေကျဖြစ်သော မင်းဆရာ ကလျာဏီယမထေရ်ကြီးလည်း နန်းတွင်းသို့ ဆွမ်းဘုန်းပေးကြွအလာ နောက်တော်ပါးက ရောရောင်ကာလိုက်ပါသွား၍ ဘုရင်နှင့်မိဖုရားတို့ကလည်း မထေရ်၏ အာဂန္တုရဟန်းတော်တစ်ပါးဟူသော အမှတ်အသားဖြင့် မထေရ်နှင့်အတူပင် ဆွမ်းဘောဇဉ်များကို ဆက်ကပ်ပြီး၍ မင်း-မိဖုရားတို့ ထအသွား အခွင့်ရပြီအထင်နှင့် ရဟန်းငယ်က သ၀ဏ်လွှာ ပေရွက်ကို မိဖုရားဘက်သို့ ပစ်ပေးလိုက်လေသည်။

“ချက်” ကနဲအသံ ဘုရင်ကြား၍ လှည့်လည်ကြည့်လိုက်ရာ ယင်ပြင်တွင်ကျနေသော ပေရွက်ကိုမြင်၍ ကောက်ယူဖတ်ကြည့်သည့်အခါ မထေရ်၏လက်ရေးနှင့် တစ်ထပ်တည်းတူနေသည်ကို တွေ့ရ… “ ဧကန္တ - ဤရဟန်းကြီး၏ အပြုအမူဖြစ်သည်” ဟု အမျက်တော်ရှ၍ ထိုင်ရာမထ “မထေရ်ကြီးကို ဖမ်းဆီး၍ ချစ်ချစ်လောင်သော ဆီဒယ်အို၌ စောက်ထိုးချ သတ်စေ” ဟူသော တစ်ချက်လွှတ်အမိန့်အရ မင်းချင်းယောင်္ကျားတို့က ဆီကျက်ဒယ်အိုး၌ ဖမ်းယူပစ်ချကြလေသည်။

ထိုခဏ၌ မထေရ်မြတ်သည် ၀ိပဿနာပွားများ၍ အာသဝေါကင်းကွာ ရဟန္တာဖြစ်သည်ရှိသော် ဆီကျက်ဒယ်အိုးပေါ်တွင် ဣန္ဒနီလာမြကျောက်ဖျာထက်၌ ရွှေဟင်္သာငှက်ကဲ့သို့ ထက်ဝယ်ဖွဲ့ခွေ နေတော်မူလျှက် ထိုဒယ်အိုးမှပင် “ရာဇောဝါဒ” အနေအားဖြင့် ဤတစ်ရာသော ဂါထာများကို ဟောကြားတော်မူလေသည်။

ထိုသို့ ဆီကျက်ဒယ်အိုးမှနေ၍ ဟောကြားတော်မူအပ်သော ဂါထာများဖြစ်သောကြောင့် တေလကဋာဟ (ဆီဒယ်ကြီး) ဂါထာများဟု ယခုတိုင် ထင်ရှားလျက် ရှိပေသည်။

ထိုဂါထာများကို ဒုတိယကမ္ဘာစစ်ကြီးအတွင်းက အရိယဓမ္မ သသင်္ကရိတ် ပညာတော်သင်ဘ၀နှင့် အိန္ဒိယပြည်၌ နေရစဉ်အခါ ဗာရာဏသီမြို့၊ မဟာဗောဓိအသင်းမှ နာဂရီအက္ခရာနှင့် ရိုက်နှိပ်ထားသော စာအုပ်ငယ်တွင် တွေ့မြင်ဖတ်ရှုရ၍ ရဟန္တာဟော ဂါထာများ ဟုတ်သည် --မဟုတ်သည်ကို အပထား…..အဓိပ္ပါယ်သွားမှာ ဥပမာဆင်ယင်ထား၍ တရားသဘောအားဖြင့် မှတ်သားဖွယ်ကောင်းသော ဂါထာများဟု အသိအမှတ်ပြုထားခဲ့လေသည်။

သို့သော်ငြားလည်း ထိုထိုကိစ္စများကြောင့် အချိန်ကာလများ လွန်မြောက်ခဲ့၍ ၁၃၁၆-ခုနှစ်လောက်ကျမှပင် နာဂရီအက္ခရာအရေးအသားဂါထာများကို ပါဠိဘာသာအက္ခရာများသို့ ပြောင်းရွှေ့လျက် ဘာသာနိသျ အနက်သွားဖြင့် ရေးသားပြီးမြောက်ပေတော့သည်။

ဘာသာနက်ပြန်ဆိုရာ၌ သဒ္ဒါနက်တိကျရုံကလေးမျှမဟုတ်စေဘဲ ဗာဟုဿစ္စကာမီ မေဓာဝီ ပုဂ္ဂိုလ်တို့ သုတိသာယာရွတ်ဆိုသုံးစွဲနိုင်ကြစေခြင်းငှါ သဒ္ဒါနက်သွား မပျက်ပြား အဓိပ္ပါယ်သွားလည်းပါအောင် ရေးသားပြန်ဆိုသည်။

သို့- မိမိအထင်အားဖြင့် အသားပါအောင်ရေးသားစေကာမူ ဤစာကို ကြည့်ရှု့သုံးစွဲကြသော ပညာရှင်တို့သည် “တစ်ဥကောင်း တစ်ပညာ” ဆိုသလို မိမိတို့ မနှစ်မြို့သောအပိုဒ်များကို ပယ်နှုတ်၍ ကြိုက်ပုဒ်များကို သွင်းပြီးလျင် ကြည်လင်သောစိတ်ထားဖြင့် ကြည့်ရှုနိုင်ကြပါစေကုန်။



မူရင်း “တေလကဋာဟဂါထာ ဘာသာနိဿယ”- စာအုပ်မှ ကူးယူဖော်ပြသည်။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP