* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, June 6, 2011

ရှင်တော်ဟောကြား ဓမ္မစကားတော်များ (တဏှာဝဂ္ဂ)

ဆောင်းပါးအမှတ်စဉ်(၂၄)

အနေကဇာတိသံသာရံ ဂါထာကို သီလက္ခန္ဓ၀ဂ္ဂအဋ္ဌကထာ ပ၊ ၁၅၊ ယင်းဋီကာဟောင်း ၁။ ၂၅၊ ယင်းဋီကာသစ် ၁၊ ၈၅၊ မဟာဝဂ္ဂအဋ္ဌကထာ ၅၃၊တို့တွင် တွေ့ရပြီး ပထမဆုံးစကားတော် (ပထမ ဗုဒ္ဓ၀စန) ဟု ဆိုပါသည်။ ယဒါဟဝေစသော သုံးဂါထာကိုလည်း ပထမဆုံးစကားဟု ကေစိ ဆရာတို့က ဆိုကြသေးသည်။ ကေစိဟု ပါဠိတွင်ဆိုသဖြင့် အဋ္ဌကထာဆရာထက် အဆင့်အတန်း သိပ်မမြင့်လှသော ဆရာတို့၏ အယူအဆဟု သိရပေမည်။ အကယ်၍ အပရေဆရာဟု တွေ့ရပါကအဋ္ဌကထာ ဆရာနှင့် အရည်အချင်းတူ ဟုဆိုပါသည်။ အာစရိယာဟုတွေ့ရပါက ဆရာထက် အဆင့်မြင့်သူများ၏ အယူအဆ ဟုသိရပါသည်။ ဓမ္မပဒဂါထာ နံပါတ် ၁၅၃-၄၊ ဇရာဝဂ် တွင်လည်း ဤဂါထာ ကိုတွေ့ရပါ သည်။ ထေရ ဂါထာမေဏ္ဍသိထေရ (၂၃၇) ဂါထာတွင်လည်းပါသည်၊ ဗုဒ္ဓ၀ံသအဋ္ဌကထာ စာမျက်နှာ (၃) တွင် လည်းတွေ့ရပါသည်။ ဤဂါထာတွင် တဏှာနံ ခယမဇ္ဈဂါဟု ဆိုပြီး တဏှာ၏ အဓိပ္ပါယ်ကို အဋ္ဌကထာ များတွင် ဖွင့်ဆိုမပြကြချေ။ တဏှာကို ဇာလိနိ (ပိုက်ကွန်)၊ သရိတ (လည့်လည်တတ်ခြင်း)၊ ၀ိသဋ (ကျယ်ပြန့်ခြင်း)၊ ၀ိသတ္တိက (ကပ်ငြိတတ်၊ အဆိပ်ရှိတတ်ခြင်း)၊ ဥဒ္ဓသ္တ (ခေါင်ကစပြိုသည်)၊ ပရိယောနဒ္ဓ (ထက်ဝန်းကျင်မြှေးယှက်တတ်၊ မတင်းတိမ်တတ်သည်)၊ တန္တာကုလကဇာတ (ယက္ကန်းသည်များ၏ ယက်ဖေါက်လုံးရှိ အပ်ချည်မြှင်လိုရှုပ်သည်)၊ ဂုလာဂုဏိဍ ကဇာတ (စာဝတီးငှက်သိုက်လို အဖျည်ရ ခက်သည်)၊ မုဉ္စပဗ္ဗဇဘူတ (သမန်းမျက် နှင့် ကျစ်ထားသော ကြိုးစလို ရှုပ်ထွေးသည်) ဟု ဟောတော်မူပြီး အပါယ်ဒုဂ္ဂတိသို့ ဖရိုဖရဲကျစေတတ်ပြီး သံသာရာ တွင်လည်စေတတ်သော တရားဟု နားလည်ရပါသည်။ အတိတ်၊ အနာဂါတ်၊ ပစ္စုပ္ပန်နှင့်စပ်ပြီး တဏှာ အရေအတွက် ၁၀၈ ပါး ရှိသည် (ကာလသုံးပါးတွင် ကာလ တစ်ခုချင်း၌ တဏှာပေါင်း ၃၆ စီ)၊ ဟု အင်္ဂုတ္တရနိကာယ၊ စတုက္ကနိပါတ၊ တဏှာသုတ်။ (၁၊၅၃၂) တွင် တွေ့ရပါသည်။ ဓမ္မစက္ကပ၀တ္တန သုတ်အလိုအရ တဏှာကို ပေါနောဘ၀ိက (ဘ၀သစ်ဖြစ် တတ်ခြင်း)၊ နန္ဒိရာဂသဟဂတ (နှစ်သက်စွဲ လမ်းခြင်း)၊ တတြတတြာဘိနန္ဒိနီ (ကျရာအနေအထားတွင် အပင်ပေါက်ခြင်း)၊ ဒုက္ခသမုဒယ အရိယ သစ္စာတရားဟု ဆိုထားပြီး ကာမတဏှာ ၊ဘ၀တဏှာ နှင့် ၀ိဘ၀တဏှာ သုံမျိုးသရုပ်ကို ထုတ်ပြပါသည်။ ၀ိနည်းမဟာဝဂ္ဂပါဠိတွင်တွေ့ရပြီး ဤသုတ်တွင်ရှိသော တဏှာကိုမူ ဖွင့်ပြခြင်း မရှိပေ။

သံယုတ္တနိကာယ၊ သဂါထာဝဂ္ဂသံယုတ္တ၊ တဏှာသုတ္တ၏ အဋ္ဌကထာဖွင့်တွင် (၁၊၃၆) တဏှာကို မျက်စိမှာ ကြိုးစတပ်ပြီး ရူပါရုံမှာ ချည်တိုင်လုပ်ခြင်းဖြင့် ခိုင်မြဲတတ်သည်ဟုဆိုထားပြီး နိဒါန၀ဂ္ဂသံ ယုတ္တ၊ တဏှာသုတ်၊ (၁၊၄၄၁၊) နှင့် ရာဟုလသံယုတ္တ၊ ပထမ၀ဂ်တွင် တသ္မိ ဒွါရေ ဇ၀နပ္ပတွာဝ လဗ္ဘတိ ဟုဖွင့်ပြပြီး တဏှာသည် ပြင်းထန်စွာ တွယ်တာတတ်ခြင်း၊ အရှိန်ပြင်းခြင်းကိုဆိုပါသည်။ ခန္ဓ၀ဂ္ဂ သံယုတ္တ၊ ဒုက္ခသုတ် (၂၊၁၂၈) တွင်လည်းပါသည်၊ မဟာဝဂ္ဂသံယုတ္တ၊ ဓမ္မစက္ကပ၀တ္တန၀ဂ်၊ ဓမ္မစက္ကပ၀တ္တနသုတ် (၃။၃၆၈) တွင်လည်း ဖေါ်ပြထားပါသည်။

ဆင်းရဲဖြစ်စေသည့် တဏှာကိုရှာဖွေခဲ့သည်မှာလေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းပင် အချိန်ယူခဲ့ ရပေသည်ဟု သံသရာချဲ့တတ်သည့် စွမ်းအားရှင်တဏှာကိုသိပြီး အရဟတ္တမဂ်ဥာဏ်ဖြင့် ပယ်သတ် ပြီးသောအခါ ၀မ်းသာသဖြင့်ဗောဓိပင်ခြေတွင် ဥဒါန်းကျူးခဲ့ပါသည်။ အနည်းငယ် တပ်မက်မှုသည် တဏှာဖြစ်သည်ဟု ဘာသာဋီကာဆရာက စာမျက်နှာ (၆၁၆) တွင် လွန်လွန်ကဲကဲ စွဲလမ်းတတ်သော ဥပါဒါန်နှင့်နိုင်း ယှဉ်ပြပြီး တဏှာ၏အဓိပ္ပါယ်ကို ရှင်းပြထားပါသည်။ ငါတို့နေရာ ဤကမ္ဘာ တဏှာအုပ်စိုး သည်၊ တဏှာစေရာ မနေသာဖွေရှာ ဆက်ရမည်ဟူ၍လည်း ဘာသာဋီကာ ဆရာက ကဗျာဖွဲ့ဆိုထား ပါသည်။

ဓမ္မပဒတွင် တဏှာကို ဥပမာအမျိုးမျိုးပြဟောတော်မူပါသည်။ မာလောနွယ် (ရစ်ပတ်သည်)၊ ပြိန်းမြက် (ထူထူထဲထဲဖြစ်ပွါးသည်)၊ရေအယဉ် (အမြဲစီးဆင်းသည်)၊ကျော့ကွင်း (ဖမ်းမိပါက ရုန်းထွက် ရန်ခက်သည်) ၊မြက်လျော် (မီးလောင်လွယ်သည်) ၊ သံခြေကျင်း ခတ်ထားခံရပါက ခိုင်မြဲသည်)၊ ပင့်ကူ အိမ်(ရုန်းထွက်ရန်ခက်ခဲသည်)၊ ဆူးငြောင့် (ခလုတ်တိုက်မိသည်၊ အန္တရာယ် များသည်)။

ဓမ္မပဒတွင် တဏှာကို မာလောနွယ်နှင့် ဥပမာပြဆိုပြီးလျှင် “မာလောနွယ် (creeper)သည် (မိမိမှီရာ သစ်ပင်ကို လွှမ်းမိုး၍) ကြီးပွားသကဲ့သို့မေ့မေ့လျော့လျော့နေသောသူမှာ တဏှာပွား၏။တော၌ သစ်သီး ကိုအလိုရှိသောမျောက်သည် သစ်ပင် တစ်ပင်မှ တစ်ပင်သို့ ခုန်လွှားပြေးသကဲ့သို့ ထို တဏှာ ပွားသောသူ သည် တစ်ဘ၀မှ တစ်ဘ၀သို့ ပြေးသွားရလေ၏။ လောက၌ ကပ်ငြိတွယ် တာတတ်၍ ယုတ်မာသော ဤတဏှာ အဖိစီး အနှိပ်စက်ခံရသော သူမှာ ပြိတ်(ပြိန်း) မြက် (Grass) သည်မိုဃ်းရွာသည့်အခါ အလွန် ကြီးပွားသကဲ့သို့ စိုးရိမ်ကြောင့်ကြ ပွားကုန်၏။လောက၌ လွန်မြောက်နိုင်ခဲ့သည့်ဤယုတ်မာသော တဏှာ ကိုနှိပ်နင်းနီုင်ခဲ့လျှင် ထိုနှိပ်နင်းနိုင်သောသူမှရေပေါက်တို့သည် ကြာရွက်မှလျှောကျကုန်သကဲ့သို့ စိုး ရိမ်ကြောင့်ကြခြင်းတို့သည်လျှောကျကုန်၏။ ထို့ကြောင့် ဤအရပ်၌ အညီအညွတ် စည်းဝေးလာ ကြ ကုန်သောသင်တို့အား ငါသည်ကောင်းသော တရားကိုဟောအံ့၊ (မွှေးကြိုင်သော) ပန်းရင်းမြစ်ကို အလို ရှိသောသူသည် ပြိတ် (ပြိန်း) မြက်ကို တူးသကဲ့သို့ တဏှာ၏ အရင်းအမြစ်ကို တူးပစ်ကြကုန်လော့” ဟု ဂါထာလေးဂါထာဖြင့် ပထမဆုံး ၀တ္ထုတွင် ဟောထားပါသည်။

ဒုတိယ၀တ္ထုတွင်မူ “ရေအလျဉ်သည် ကျူပင်ကို ဖျက်ဆီးသကဲ့သို့ ကိလေသာမာရ် ကိုယ်တွင်း ရန်သည် သင်တို့ကို အဖန်တလဲလဲ မဖျက်ဆီးစေလင့်။ သစ်ပင်ကို ဖြတ်သော်လည်း အမြစ်ကို မဖျက်ဆီး သဖြင့် ခိုင်မြဲလျက်ရှိနေလျှင် ထိုသစ်ပင် တစ်ဖန် စည်ကားပြန်သကဲ့သို့ ကိန်းအောင်းနေသော တဏှာကို မဖြတ်ခဲ့လျှင် (ပဋိသန္ဓေနေရခြင်း စသော) ဆင်းရဲသည် အဖန်ဖန် တလဲလဲ ဖြစ်လေ ၏။အမြင် မှားသော သူ၏ တဏှာအလျဉ် သုံးဆယ့်ခြောက်ပါးတို့သည် နှစ်သက် ဖွယ်ရှိသော ရူပါရုံ စသည်တို့ ပြင်းထန်စွာ စီးကုန်၏။ ထိုအမြင်မှားသော သူကို ရာဂနှင့် စပ်သော အကြံအစည် တို့သည်ဆောင် ယူကုန်၏ ။(တဏှာ တည်းဟူသော)ရေအလျဉ်တို့သည် အလုံးစုံသော အရပ်တို့၌ စီးတတ် ကုန်၏။ (တဏှာတည်း ဟူသော )နွယ်သည် (မျက်စိစသော ဒွါရခြောက်ပါး၌) တည်၏။ (ရူပါရုံ စသော အာရုံခြောက်ပါး၌) တည်၏။ ထို (တဏှာ တည်းဟူသော နွယ်ပေါက်သည်ကို မြင်၍) ထိုနွယ်၏ အမြစ်ကိုဉာဏ်ဖြင့် ဖြတ်ကြကုန်လော့။

တဏှာ၏ အလိုသို့ လိုက်သောသူမှာ အောက်မေ့ခြင်း၊ ချစ်ခင်စွဲလမ်းခြင်း သဘောရှိကုန်သော ၀မ်းမြောက်ခြင်းတို့သည် ဖြစ်ကုန်၏။ ထိုတဏှာ၏ အလိုသို့ လိုက်၍ ကာမဂုဏ်ချမ်းသာကို ရှာလေ့ရှိ ကုန်သော သူတို့သည် ပဋိသန္ဓေနေရခြင်း၊ အိုရခြင်းတို့ ရောက်ကုန်၏။ တဏှာရှေ့ဆောင်ရှိကုန်သော သတ္တ၀ါတို့သည်ကျော့ကွင်း၌မိသော ယုန်ကဲ့သို့ကြောက်ကြကုန်၏။ ကာမရာဂစသော သံယောဇဉ် အနှောင် အဖွဲ့ခံရကုန်သော သူတို့သည် အဖန် တလဲလဲ ကြာမြင့်စွာ ဆင်းရဲခြင်းသို့ ရောက်ကြရကုန်၏။ တဏှာရှေ့ဆောင် ရှိကုန်သော သတ္တ၀ါတို့သည်ကျော့ကွင်း၌မိသော ယုန်ကဲ့သို့ကြောက်ကြကုန်၏။ ထို့ ကြောင့် မိမိ၏ ရာဂကင်းရာ (နိဗ္ဗာန်) ကို အလိုရှိသော ရဟန်းသည် တဏှာကို ပယ် ဖျောက်ရာ၏”ဟု ဂါထာခြောက်ဂါထာဖြင့် ဟောထားပါသည်။

“(အိမ်ရာတည်ထောင်လူ၏ဘောင်၌နေခြင်းတည်းဟူသော)တဏှာမှလွတ်၍(ရဟန်းအဖြစ်ဖြင့်မြတ်ေ သာအကျင့် တည်းဟူသော) တောသို့ သက်ဝင်ကာ (တဏှာတည်းဟူသော)တောမှလွတ်ပြီး ဖြစ်လျက် (တဏှာတည်းဟူသော)တောသို့ပင် တစ်ဖန် ပြေးဝင်ပြန်သော သူသည် ရှိ၏။ အနှောင်အဖွဲ့မှ လွတ်ပြီးဖြစ် လျက် အနှောင်အဖွဲ့သို့ပင် တစဖန် ပြေးဝင်ပြန်သော ထိုသူကို ရှုကြ ကုန်လော့။” တတိယ၀တ္ထုတွင် ဂါထာ တစ်ပုဒ်သာရှိပါသည်။

စတုတ္ထုတွင်မူ “သံဖြင့် ပြုလုပ်သော (သံခြေချင်းစသော) အနှောင်အဖွဲ့၊ သစ်သား ဖြင့်ပြုလုပ်သော (ထိပ်တုံးစသော) အနှောင်အဖွဲ့၊မြက်လျှော်မျှင်တို့ဖြင့်ပြုလုပ်သော (ကြိုးစသော) အနှောင်အဖွဲ့မျိုးကို ခိုင်မြဲသော အနှောင်အဖွဲ့ဟု ပညာရှိတို့ မခေါ်ကုန်၊ (ပတ္တမြား စသော) ရတနာ၊ နားတောင်းစသော တန်ဆာပလာ၊ သား၊ သမီး၊ မယားတို့ကို ငဲ့ကွက် တပ်မက်သော တဏှာသည် ရှိလေ၏။ ထိုတဏှာ တည်း ဟူသော အနှောင်အဖွဲ့ကို ခိုင်မြဲသော အနှောင်အဖွဲ့ဟု ပညာရှိတို့ ခေါ်ကုန်၏၊ (အပါယ်လေးပါးတည်း ဟူသော) ယုတ်နိမ့်ရာသို့ဆောင်တတ်သော၊ (ဖွဲ့မှန်းမသိ ဖွဲ့သဖြင့်)လျော့ဟန်ရှိသော်လည်း လွတ်နိုင်ရန်ခဲ ယဉ်းသော ဤတဏှာတည်းဟူသော အနှောင်အဖွဲ့ကို ပညာ ရှိတို့သည် (ဉာဏ်တည်းဟူသော ဓားဖြင့်ဖြတ်၍ ငဲ့ကွက်ခြင်း မရှိဘဲ ကာမဂုဏ်ချမ်းသာကို စွန့်ကာ ရဟန်းပြုကုန်၏” ဂါထာနှစ်ပုဒ်ဖြင့် တဏှာ၏ အကြောင်းကို ဟောတော် မူပါသည်။

ပဉ္စမ၀တ္ထုတွင်မူ “ပင့်ကူသည် မိမိပြုလုပ်သော ပင့်ကူအိမ်သို့ ပြန်၍ကျသကဲ့သို့၊ ရာဂဖြင့် တပ်မက်မောကုန်သော သူတို့သည် မိမိတို့ပြုသော တဏှာအလျဉ်သို့ ကျကုန်၏။ ပညာရှိတို့သည် ဤ တဏှာအလျဉ်ကိုဖြတ်၍ ငဲ့ကွက်ခြင်းမရှိဘဲ အလုံးစုံသော ဆင်းရဲကို စွန့်ကာ (နိဗ္ဗာန်သို့) သွားကုန်၏ဟော ထားပြီးလျှင် ဆဋ္ဌမ၀တ္ထုတွင်မူ “လွန်လေပြီးသော (ပစ္စည်းဥစ္စာ ကိုယ်ခန္ဓာ)၊နောင်ဖြစ်ပေါ်မည့် (ပစ္စည်းဥစ္စာ ကိုယ်ခန္ဓာ)၊ ယခုလက်ရှိ (ပစ္စည်းဥစ္စာကိုယ်ခန္ဓာ) တို့၌ တပ်နှစ် သက်ခြင်းကို စွန့်လော့၊ (ဤသို့စွန့်၍) ဘ၀သုံးပါး၏ ကမ်းတစ်ဖက်သို့ သွားလော့၊ အလုံးစုံသောလောကီတရား၌ စိတ်အစွဲအလမ်း မရှိသော သူသည် တစ်ဖန် ပဋိသန္ဓေ နေရခြင်း၊ အိုရခြင်းသို့ မရောက်လတ္တံ့” ဟုဟောထားပါသည်။

သတ္တမ၀တ္ထုတွင်မူ “ကာမဂုဏ် စိတ်အကြံ နှိပ်စက်၍ ရာဂထက်သန်သော၊ ကာမဂုဏ်အာရုံကို တင့်တယ်သည်ဟု ရှုလေ့ရှိသောသူမှာ တဏှာသည် အလွန်ပွားလေ၏၊ ဤသို့သဘော ရှိသော သူသည် တဏှာတည်းဟူသော အနှောင်အဖွဲ့ကိုမြဲသည်ထက်မြဲအောင်ပြုလေ၏။ ကာမဂုဏ် စိတ်အ ကြံ ငြိမ်းခြင်း ၌မွေ့လျော်သောအမြဲသတိရှိလျက်၊ ကာမဂုဏ် အာရုံကို မတင့်တယ်ဟု ရှုလေ့ရှိသော သူသည် တဏှာ ကင်းခြင်းကို ပြုလတ္တံ့။ ဤသူသည် (၀ဋ်ဆင်းရဲတည်းဟူသော) မာရ်မင်း၏ အနှောင် အဖွဲ့ကို ဖြတ်လတ္တံ့” ဟုဟောတော်မူထားပါသည်။

အဋ္ဌမ၀တ္ထုတွင်မူ “အပြီးဆုံးသို့ (အရဟတ္တဖိုလ်တည်းဟူသော ပန်းတိုင်သို့) ရောက်ပြီးသော သူသည် ထိတ်လန့်ခြင်းမရှိ၊ တဏှာမရှိ၊ ကိလေသာကင်း၏၊ ဘ၀သုံးပါး၌ ရှိသည့် ရာဂစသော ဆူးငြောင့်အားလုံးတို့ကိုဖြတ်ပြီးဖြစ်၏၊ ဤသူ၏ ကိုယ်ခန္ဓာသည်နောက်ဆုံးဖြစ်၏။တဏှာကင်း၏၊ အစွဲ အလမ်းမရှိ၊ ၀ိဂြိုဟ်ဆိုခြင်း၌ လည်းကောင်း၊ ပုဒ်ကို ရွတ်ဆိုခြင်း၌ လည်းကောင်း လိမ္မာ၏၊ အက္ခရာ တို့၏ အပေါင်းကိုလည်း သိ၏၊ရှေးအက္ခရာနောက်အက္ခရာတို့၏ အဆက်အသွယ်ကိုလည်း သိ၏။နောက်ဆုံး ဘ၀ ဖြစ်သော ခန္ဓာကိုယ်လည်းရှိ၏။ ဤသို့သဘော ရှိသော ပုဂ္ဂိုလ်ကို တကယ့် ပညာရှိ ကြီးဟု ခေါ်၏” ဟုဟောပြထားပါသည်။ န၀မ၀တ္ထု တွင်မူ တဏှာမှ လွတ်သဖြင့် ဘယ်သူ့ကိုဆရာဟု ညွှန်းဆိုရပါ မည်နည်းဟု မိန့်ပါသည်။ ဒသမ၀တ္ထုတွင်မူ တဏှာကုန်ပါက ဆင်းရဲကုန်သည်ဟု ဆိုပါ သည်။

ဧကာဒသမ၀တ္ထုတွင် “ပညာမရှိသောသူသည် စည်းစိမ်ဥစ္စာကို တပ်မက်သဖြင့် သူတစ်ပါးတို့ကို ဖျက်ဆီးသကဲ့သို့ မိမိကိုယ်ကို ဖျက်ဆီးတတ်၏” ထောက်ပြထားပါသည်။

နောက်ဆုံးဒွါဒသမ၀တ္ထုတွင်မူ” လယ်တို့သည် မြက် (ပေါင်း) ကြောင့် ပျက်စီးကုန်၏၊ ဤ သတ္တ၀ါ အပေါင်းသည် ရာဂကြောင့် ပျက်စီး၏၊ ထို့ကြောင့် ရာဂကင်းသော ပုဂ္ဂိုလ်တို့ကို ပေးလှူသော အလှူသည် အကျိုးများ၏။ လယ်တို့သည် မြက် (ပေါင်း) ကြောင့် ပျက်စီးကုန်၏၊ လယ်တို့သည် မြက် (ပေါင်း) ကြောင့် ပျက်စီးကုန်၏။ ဤသတ္တ၀ါ အပေါင်းသည် အလိုဆန္ဒကြောင့် ပျက်စီး၏၊ ထို့ကြောင့် အလိုဆန္ဒကင်းသော ပုဂ္ဂိုလ်တို့ကိုပေးလှူသော အလှူသည် အကျိုးများ၏”ဟု ညွှန်ပြတော်မူပါသည်။ ဤကဲ့သို့ တဏှာနှင့် ပတ်သက်၍ ဂါထာများ၏ အဓိပ္ပါယ်ကိုဖေါ်ပြရခြင်းမှာလေးသင်္ချေနှင့် ကမ္ဘာ တစ်သိန်းတိုင်တိုင် ရှာဖွေနေခဲ့ရသော အမှန်တရားကို မသိရခြင်းမှာ မသိအောင် ဖုံးကွယ်တတ်သော တဏှာကြောင့်ဟု အသေးစိတ် သိစေလိုသောကြောင့်ဖြစ်ပါသည်။ ဤသို့သိသဖြင့် တဏှာကို ပယ်သတ်နိုင်အောင် ကြိုးစား ချင်သည့်စိတ် ဖြစ်ပေါ်လာနိုင်ပေသည်။

ကပိလ၀တ္ထုတွင် ဖေါ်ပြသည့် သိစရာများအနက် ပရိယတ္တိဝန်ဆောင်များအတွက် သတိပေးချက်မှာ စာတတ်သောအခါ အခြံအရံများတတ်သည်။ ထိုအခါ လာဘ်များလာတတ်ပြီး ထိုအပေါ်တွင် တပ်မက်စေ တတ်သည့် တဏှာသည် များလာပါက အထင်ကြီးလာတတ်ပြီး ထင်ရာစိုင်းတတ်သည်ဟု ဆိုပါသည်။ မအပ်သည်ကို အပ်သည်ဟုထင်မြင်တတ်သလိုပင်၊ အပြစ်ရှိ သည်ကိုလည်း မရှိဟု ထင်တတ်ပြန်သည်။ ထိုမျှမကငြင်းခုံတတ်ပြီး သူတစ်ပါးကို အပြစ်ဆိုကာလောကကို ဆူပွက်စေတတ်ပါသည်။ ယနေ့ခေတ်တွင် လည်း စာတတ်သည်ထင်ပြီး သာသနာတော်ကို ဆုတ်ယုတ်စေသော ရဟန်းများကိုတွေ့နေကြရပါသည်။ စာပေတွင်ပါသော ကဿပဘုရား လက်ထက်က ကပိလရဟန်းသည်လည်း မိခင်နှင့် ညီမများကို ငရဲသို့ အတူခေါ်သွားခဲ့ပါသည်။ ဤဘုရား လက်ထက်တွင်မူ ငရဲမှလွတ်သော်လည်းကောင်းရာဘုံသို့ မရော က်သေးဘဲ ၀ဋ်ကျွေး ကျန်ရှိသည့်အလျောက် ငါးဘ၀သို့ရောက်ရပါသည်။ ပါးစပ်က အနံ့ဆိုး ထွက်သော် လည်း အသားမှာမူ ရွှေရောင်ငါးဖြစ်ပါသည်။ တဏှာမှ အစပြုခဲ့သော ဘ၀သည် မလှပခဲ့သည်ကို သိရပေသည်။ ဒုတိယ သူကရပေါတိဝတ္ထုတွင်တွေ့ရသည်မှာဗြဟ္မာ့ပြည်မှာ တ၀င်းဝင်း ၀က်စား ကျင်းတ ရှုပ်ရှုပ် ဟူသော စကားရှိပေသည်။ဗြဟ္မာဘ၀သည် အဆင့်မြင့်ပါသော်လည်း ပုထုဇဉ်အနေဖြင့် သာဖြစ်ရ ပါက စိတ်မချရသေးသည်ကိုဆိုလိုပါသည်။ ယခုလည်းကြည့်ပါဦး ၀က်ငယ်လေး ကိုမြင်တော်မူသော ဘုရားရှင်က အရှင်အာနန္ဒာကို မိန့်တော်မူသည်မှာ ကကုသန္ဓဘုရားရှင်လက် ထက်က ကြက်ဘ၀တွင်ဖြစ် ခဲ့ပြီး အဓိပ္ပါယ်မသိသော်လည်း ဓမ္မစကားကို ကြားနာခဲ့သောကြောင့် ဘုရင့် သမီးဖြစ်ခဲ့ပါသည် ။ရေအိမ် ကို သုံးစွဲခဲ့စဉ် ပိုးလောက်ကိုမြင်ပြီး တရားရှူမှတ်ရာမှ ပထမဈာန်ရခဲ့ပြီးဗြဟ္မာ့ဘုံသို့ ယခုတစ်ဖန် ၀က်ဘ၀သို့ရောက်ရပြန်သည်။ စာတွင်ဆက်ဖေါ်ပြထားသည်မှာ ၀က်ဘ ၀မှ သုဝဏ္ဏပြည်တွင် ဘုရင့်အ သိုင်း အ၀ိုင်း၊ ထိုမှတစ်ဖန် ဗာရာဏသီပြည်တွင် ၊ ထိုဘ၀မှမြင်းကုန်သည်၊ ထို့နောက် တွင်လှေသူကြီး ၊ နောက်တွင် အနုရာဓပူရမြို့ရှိ သူဋ္ဌေးမျိုး၊ ထိုဘ၀မှနောက်တွင် သုမနသူဋ္ဌေးသမီးစသဖြင့် ဆယ့်သုံးဘ၀ ကျင်လည်ခဲ့ရသည်ဟုသိရပြီး ရဟန္တာထေရ်ရီမကြီးဖြစ်ခဲ့ပါသည်။ ကာမတဏှာ၊ဘ၀တဏှာသည် သံသ ရာကို ဆွဲဆန့်တတ်ပေသည်။

ေ၇ွှကုန်သည်၏ သမီးကိုမြင်ရသောအခါ စတုတ္ထဈာန်ရသော အရှင်မဟာကဿပ၏ တပည့်ရဟန်းသည် တဏှာစိတ်သည် ယိုဖိတ်လာရပြန်လေသည်။ လူထွက်ခဲ့ပြန်သည်၊ ရဟန်း လူထွက် သည် အလုပ်မလုပ်ချင်သဖြင့် သူခိုးဘ၀သို့ရောက်ခဲ့ရပြီး အာဏာပိုင်များ၏ ဖမ်းဆီးခြင်း ခံရကာ အသတ်ခံရရန် အမိန့်ချခံပါသည်။ အရှင်မဟာဿပ မထေရ်ကမြင်သဖြင့်ရှေးတုန်းက တရားကို ဆင်ခြင် ရန်မိန့်တော်မူခဲ့ပေရာ သူသတ်ကုန်းတွင်ပင် ဈာန်လေးပါးကို ပြန်ရခဲ့ပါသည်။ ဈာန်ဖြင့် ကောင်းကင်ပြန် ကြွတရားရကာ ရဟန္တာဖြစ်ခဲ့ပါသော်လည်း တဏှာဒဏ်ချက်ကို ခံခဲ့ရသည်မှာ သံဝေဂဖြစ် ဖွယ်ကောင်း လှပါသည်။

ဗန္ဓနာဂါရ၀တ္ထုတွင်မူ ရဟန်းတော်များက အနှောင်ဖွဲ့ခံရသော သူများ၏ ဆင်းရဲလှပုံကို လျောက်ထားပြီး သည်ထက်ပိုသော နှောင်ဖွဲ့မှုရှိပါသေးလားဟု လျောက်ထားခဲ့သော် စီးပွါးဥစ္စာ၊ သားသမီး၊ ဇနီးတို့၏ အပေါ်တွင် နှောင်ဖွဲ့မှုသည် ယခုအနေအထားထက် အဆပေါင်းရာ၊ထောင်၊ သိန်းမျှမက ပိုလှသည်ဟုဟောတော်မူပါ သည်။ခေမာထေရီ ၀တ္ထုတွင် မူသောတာပန်ဖြစ်ပြီးသောခေမာထေရ်ရီကို ဘုရားရှင်ကဟောတော်မူရာတွင် ရာဂဖြင့်ငြိ ၊ဒေါသဖြင့်ပြစ် မှား၊မောဟဖြင့်တွေဝေကြသူတို့အတွက် တဏှာသည် ကျော်ဖြတ်ရန်ခက်ခဲလှကြောင်းမိန့်တော်မူပါသည်။ ဥဂ္ဂသေန၀တ္ထုတွင်လည်း ကချေသည်မကို တပ်မက်မိသောသူဋ္ဌေးသားအတွက် ဒုက္ခပွေခဲ့ရ သည် ကို ဖေါ်ပြထားပြီး ရှေးအတိတ်ကံကောင်းသောကြောင့်ပင် နှစ်ဦးစလုံးရဟန္တာဖြစ်ခဲ့ကြပါသည်။

စူဠဓနုဂ္ဂဟ ပဏ္ဍိတ၀တ္ထုတွင်မူ ရဟန်းငယ်လေးတစ်ပါး၏ စွဲလမ်း၍ အသဲကြွမ်း၊ ချစ်လွန်း၍ နစ်မွမ်း၊ သိပ်ချစ်၍ စိတ်ညစ်ခဲ့ရသော ဇာတ်လမ်းပင် ဖြစ်ပါသည်။ရေတောင်းသောက်ရာမှ ဇာတ်လမ်း စခဲ့သော သူ့ဘ၀သည် စိဝင်စားစရာကောင်းပါသည်။ ရဟန်းသည်နေ့စဉ်သွားပြီး အိမ်လည်ရာ သူမ၏ ဘ၀သည် အိမ်ထောင်ရေးမှတစ်ပါး ကျန်တာပြည့်စုံပါသည်ဟုပြောလိုက်သော စကားအပေါ်တွင် အ ဓိပ္ပါယ်ဖွင့်ဆိုရာမှ စ၍ သူ့ဘ၀တွင် တဏှာစိတ်သည်ကြီးထွားလာခဲ့ပါသည်၊ ဘုရားရှင်ကိုသာ မတွေ့ရပါက သူ့ဘ၀သည်သောတာပန်ဖြစ်စရာပင် အကြောင်းမမြင်ခဲ့ပါ။ အသက်ကိုပင်သေစေ တတ်သည့် တဏှာကို အမြစ်ဖြတ်ရန် ဟောခဲ့ရပါသည်။

တဏှာကင်းသူ့အဖို့ အရာရာကိုစွန့်လွှတ်နိုင်စွမ်းရှိလေသဖြင့် တုန်လှုပ်မှုမရှိ၊ ၀ီရိယဓာတ်ခိုင်မြဲ၊ ပညာဥာဏ်ကဲလေသဖြင့် မည်သည့်ရန်ကမျှ မတုန်လှုပ်စေတတ်ပါ၊ အရှင်ရာဟုလာ မထေရ်သည် လည်း ဤကဲ့သို့ အရည်အသွေးရှိသဖြင့် မာရ်နတ်မင်းက လက်မှိုင်ချခဲ့ရကြောင်း မာရ၀တ္ထုတွင် တွေ့ရပါသည်။ ဥပကာဇီဝက ၀တ္ထုတွင်မူ တဏှာမပယ်ရသေးသော သူအတွက် တဏှာကင်းပြီး ဆိုသော စကားသည် ယုံတမ်းစကားဖြစ်ဖွယ်ရှိပေသည်။ ဘုရားရှင်တွေ့စက ရှင်ဥပကသည် ငါသည် တဏှာပယ်ပြီးသူဟု ဆိုခဲ့ပါသော်လည်းခေါင်းကိုငြိမ့်ပြီး လျှာကိုထုတ်ခါ မထောက်ခံ မကန့်ကွက်နှင့် မတင်မကျဖြစ်ခဲ့ပေသည်။

သက္ကပဉှဝတ္ထုတွင်မူမေးခွန်းလေးပါးရှိရာတွင် အမြတ်ဆုံးဒါန၊ အရသာအရှိဆုံးအစား အစာ၊ပျော်စ ရာအကောင်းဆုံးနေရာ၊အကြီးမြတ်ဆုံးသောအရာရှိရာတွင် အဘယ့်ကြောင့် ဤသို့ဖြစ်ရသည် ကိုမေးရာ အဖြေမထုတ်နိုင်ခဲ့ပေ။ တစ်ဆယ့်နှစ်နှစ်တိုင် ကြာခဲ့သည်ဟုဆိုပါသည်။ ဒါနအပေါင်းတွင် ဓမ္မဒါန သည်မြတ်ပြီး၊ အရသာတို့တွင် တရားအရသာသည် အကောင်းဆုံးဖြစ်ကာပျော်စရာတို့တွင် တရားနှင့် ပျော်ခြင်းသည် မွန်မြတ်ပါသည်။ တဏှာကုန်ခြင်းသည်ကား အရဟတ္တမဂ်ဖိုလ်သို့ ရောက်စေ တတ်သဖြင့် အကြီးဆုံးဖြစ်ပါသည်။

အပုတ္တကသေဋ္ဌိဝတ္ထုတွင် ချမ်းသာသော်လည်း စည်းစိမ်ကိုခံစားချင်စိတ်မရှိသော သူဋ္ဌေးအကြောင်းကို ဖတ်ရပါသည်။ ထိုသို့ဖြစ်ရခြင်းမှာ အပရစေတနာ ချွတ်ယွင်းခြင်းကြောင့်ဖြစ်ရ ပါသည်။ ဤသည် ကိုလေ့လာခြင်းဖြင့် မည်သည့်ကောင်းမှုကိုပြုသည်ဖြစ်ပါစေ အချိန်မရွေး စိတ်ကြည်လင်စွာ ရှိဖို့လိုပါ သည်။ ပုဗ္ဗ၊မုဉ္စ၊အပရစေတနာသုံးတန်ဟုလည်းဆိုပါသည်။ တစ်နည်းအား ဖြင့် အနဂ္ဂဟိတဒါန ခေါ်သော မတွယ်တာသော ဒါနဖြစ်အောင်လည်း ပေးလှူတတ်ရပါမည်။

နောက်ဆုံးဝတ္ထုတွင် ထိုကဲ့သို့ကာလသုံးပါးတွင် စိတ်ချမ်းသာမှုရရှိစေရန် ဒါနပြုသူသည် မိမိကိုယ်ကိုယ် မိမိ ယုံကြည်မှုနည်းသေးသူဖြစ်ပါက မလှူမှီ အလှူဝတ္ထုနှင့်အလှူခံပုဂ္ဂိုလ် အပေါ်တွင် စိစစ်ပြီးရွေး ချယ်လှူဒါန်းကြရပါမည်။ သို့မဟုတ်ပါက လှူပြီးမှ စိတ်ညစ်ရတတ်ပါသည်။ စိတ်သဘော ထားပြတ်သား ပြီး ဥာဏ်ကြီးသူတို့အဖို့ မည်သည့်အခြေအနေမှာတွင်ဖြစ်စေ ကုသိုလ်စိတ်ဖြစ်အောင် ကျင့်သုံးတတ် ကြ ပါသည်။ အသိဥာဏ်ဦးစီးပြီး အယူမှန်ရှိသူများအပေါ်တွင် လှူဒါန်းမှုသည် အသိဥာဏ်မဲ့ အယူမှား ရှိသူ များကို ပေးလှူသည်ထက် အကျိုးများပါသည်။

ဤတဏှာဝဂ်တွင် ၀တ္ထု (၁၂) ပုဒ်၊ စာမျက်နှာ (၃၁)၊ ဂါထာ (၃၉)၊ခုဒ္ဒကနိကာယ်၊ သံယုတ္တနိကာယ်တို့ကို ကိုးကားထားပါသည်။

ဆောင်းပါးမှတ်စုများ

၁။ သံယုတ္တနိကာယ၊

၂။ ခုဒ္ဒကနိကာယ၊

၃။ ဓမ္မပဒအဋ္ဌကထာ၊


စာရေးသူ၏အာဘော်

ဗုဒ္ဓဘာသာဝင်များ သိထိုက်သည်များကို သိစေရန်ဖြစ်ပါသည်။

ဆရာတော် ဒေါက်တာအရှင်နန္ဒက

ဓမ္မဒူတကျောင်း၊ ဘူဖျောင်းရပ်ကွက်၊

တောင်ကိုရီးယားနိုင်ငံ

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP