* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, April 23, 2011

Precious Summer Days - အဖိုးတန် နွေနေ့ရက်များ

နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်တုန်းက သိခဲ့တဲ့၊ ဆရာလုပ်ရတာ ၀ါသနာပါတဲ့ ဆရာတော်တစ်ပါးက ဆွဲထည့်လို့ သူနဲ့အတူ ဆရာလုပ်လိုက်ရသေးတယ်။ ၂၀၀၇ ခုနှစ် နွေကျောင်းပိတ်ရက်တုန်းကပါ။ ဟုတ်တာ မဟုတ်တာ အပထား နွေနေ့ရက်တွေ တန်ဖိုးရှိခဲ့တယ်လို့တော့ ပြောတာပဲ။

အဖိုးတန် နွေနေ့ရက်များ

၂၀ဝ၇ ခုနှစ်ရဲ နွေဦးနေ့တစ်နေ့က ဖြစ်ပါတယ်။ ကိစ္စတစ်ခုရှိလို့ ပန်းဘဲတန်းရပ်ကွက်ကို စက်ဘီးနဲ့ ထွက်လာခဲ့ပါတယ်။ လမ်းခုလပ်မှာ အလှူခံမဏ္ဍပ်တစ်ခုက အလှူရှင် နာမည်တွေ ကြေငြာနေတာ ကြားလိုက်ရပါတယ်။ ကျွန်မတို့ မွေးရပ်မြေ ဟင်္သာတမြို့မှာ အလှူခံမဏ္ဍပ်က အသံချဲ့စက်သံ ကြားရတာဟာ အဆန်းတော့ မဟုတ်ပါဘူး။ တစ်ချိန်ချိန် တစ်နေရာရာမှာ တစ်ခုခုအတွက် အလှူခံနေကြတာ လှူဒါန်းနေကြတာဟာ ဒီမြို့ရဲ့ ကိုယ်ပိုင်ဟန်လို့တောင် ဆိုနိုင်မယ် ထင်ပါတယ်။ အလှူခံမဏ္ဍပ်က ကြေငြာသံတွေသာ မကဘဲ ပဋ္ဌာန်းရွတ်ဖတ်သံ ဒါမှမဟုတ် တရားဓမ္မ အားထုတ်ကြဖို့ တိုက်တွန်းဖိတ်ခေါ်သံ ဒါမှမဟုတ် သာသနာနဲ့ဆိုင်တဲ့ အသံတစ်မျိုးမျိုး အမြဲကြားရတတ်တာဟာ ဟင်္သာတရဲ့ ဘာသာရေးသင်္ကေတ တစ်ခုပါပဲ။ ဟင်္သာတဆိုတာ သာသနာစည်ပင်တဲ့ ဒေသကောင်းတစ်ခုလေ။ ကိုယ့်မွေးရပ်မြေအကြောင်း ကိုယ့်ဟာကိုယ် အကောင်းဘက်က စဉ်းစားရင်း အဲဒီ အလှူခံ မဏ္ဍပ်ရှေ့ ရောက်လာခဲ့ပါတယ်။
ပညာရေးရံပုံငွေအတွက် ကောက်ခံနေတဲ့ အလှူခံဌာနလေး တစ်ခုပါပဲ။ အလှူခံမဏ္ဍပ်က စာတမ်းလေးကို ဖတ်လိုက်မိပါတယ်။ “ဟင်္သာတမြို့၊ ပန်းဘဲတန်းရပ်၊ ဓမ္မဗိမာန်ကျောင်းတိုက်၊ Noble School၊ ၉-တန်း ၁၀-တန်း ပညာဒါနကျောင်း”။ စေတနာရှင်တို့၏ ပံ့ပိုးမှုကို ခံယူကာ မပြည့်စုံသည့် ကျောင်းသူကျောင်းတို့အတွက် ရပ်တည်လည်ပတ်နေသည့် အခမဲ့ စာသင်ကျောင်းလေးတစ်ခု ဖြစ်ပါတယ်။ မြင့်မြတ်တဲ့ အလုပ်လေး တစ်ခုပါလားလို့ စိတ်ထဲမှာ ချီးကျုးမိပါသေးတယ်။ သူတို့ကျောင်းလေးက စိတ်ဝင်စားစရာလေးပါပဲ။
စိတ်ဝင်စားမှု အတွေးတွေကြောင့် Noble Schoolအကြောင်း ဆက်လက်မေးမြန်း စုံစမ်းကြည့်တော့ ဓမ္မဗိမာန်ဆရာတော် ဦးဥာဏာလင်္ကာရ (MA, Buddhism) နဲ့ နီးစပ်ရာ ဆက်စပ်ရာ ဒကာဒကာမ ဆရာဆရာမတွေက ကျောင်းသူကျောင်းသားတွေကို ဓမ္မဒါနအဖြစ် ပညာသင်ကြား ပေးနေကြကြောင်း သိရပါတယ်။ နောက်ပြီး ကျောင်းသင်ဘာသာရပ်တွေသာမက လူငယ်တွေရဲ့ စာရိတ္တမဏ္ဍိုင် ကြံ့ခိုင်ရေးအတွက် ဗုဒ္ဓဘာသာဝင်တိုင်း သိသင့်သိထိုက် လိုက်နာပြုကျင့်ထိုက်တဲ့ တရားဒေသနာတော်တွေကိုပါ ထည့်သွင်းသင်ကြား ပေးနေကြကြောင်း သိရပါတယ်။ နိုင်ရာတာဝန် ထမ်းဆောင်နေကြတာ ဂုဏ်ယူစရာ တိုင်းပြုပြည်ပြု သာသနာပြု လုပ်ငန်းတစ်ခုပါပဲ။
“သင့်ရဲ့ အခန်းကဏ္ဍကို ကောင်းကောင်း လုပ်ဆောင်ပါ။ အဲဒီနေရာဟာ ဂုဏ်သိက္ခာတို့ရဲ့ တည်ရာ ကောင်းချီးအနုမောဒနာ တို့ရဲ့တည်ရာပဲ”ဆိုတဲ့ ဝင်စတန်ချာချီရဲ့ စကားလိုပေါ့။ အမျိုး ဘာသာ သာသနာ ကြီးပွားတိုးတက်ရေးအတွက် တစ်ထောင့်တစ်နေရာကနေ အုပ်တစ်ချပ်သဲတစ်ပွင့် ကျေးဇူးပြုနေတဲ့ ဒီကျောင်းတိုက်ဟာ အသရေပြည့်ဝတဲ့ နေရာမြတ်တစ်ခု မဟုတ်ပါလား။ တစ်ပိုင် တစ်နိုင် ပညာဒါနမှ တစ်ဆင့် လူ့နှလုံးသားထဲ ဗုဒ္ဓတရားတော်တွေ စိမ့်ဝင်ပျံ့နှံ့ရေး အားသွန်နေကြသူတွေရဲ မွန်မြတ်တဲ့ စိတ်ရင်းစေတနာကောင်းကို နှလုံးသားနဲ့ ခံစားနားလည်မိပါတယ်။ သူတို့စေတနာကို နားလည်အသိအမှတ်ပြု ထောက်ခံတဲ့ အနေနဲ့ အလှူငွေ ထည့်ဝင်လှူဒါန်းခဲ့ပါတယ်။ သာသနာရေးကုသိုလ် အမျိုးသားရေးကုသိုလ်မို့ ကုသိုလ်လည်းရ တာဝန်လည်းကျေဆိုပြီး အားရကျေနပ်မိခဲ့ပါတယ်။
Noble Schoolနဲ့ ဆက်စပ်တဲ့ ရေစက်က ဒါနဲ့တင် ပြတ်ခဲ့သည်မဟုတ်။ ကျွန်မ ပညာသင်ယူနေတဲ့ ဟင်္သာတ ကွန်ပျူတာတက္ကသိုလ်က ဆရာမ ဒေါ်အေးမွန်ဝင်းက “ဓမ္မဗိမာန်ကျောင်းရဲ့ Noble Schoolက စီစဉ်ဖွင့်လှစ်တဲ့ Special Summer Schoolကို တက်ဖြစ်အောင် တက်ကြည့်စမ်းပါ”လို့ တိုက်တွန်း လာပါတယ်။ အက်ဆေးပုံစံနဲ့ အင်္ဂလိပ်လို ရေးထားတဲ့ ဗုဒ္ဓတရားတော်တွေကို အခြေခံပြီး အင်္ဂလိပ်စာ စွမ်းရည်လေးမျိုး တိုးတက်ဖို့ လေ့ကျင့်သင်ကြားပေးမှာ ဖြစ်တဲ့အတွက် ဗုဒ္ဓဘာသာဝင် လူငယ်ကျောင်းသူတစ်ယောက် တက်သင့်တဲ့ သင်တန်းတစ်ခု ဖြစ်တဲ့အကြောင်း ဆရာမက ရှင်းပြပါတယ်။ ဆက်လက် စုံစမ်းကြည့်လိုက်တော့ သင်တန်းကာလက (၂၄. ၄. ၂၀ဝ၇)ကနေ (၂၄. ၅. ၂၀ဝ၇)အထိ ဖြစ်တယ်၊ သင်တန်းကာလ တစ်လအတွင်းမှာ ရန်ကုန် ထေရဝါဒတက္ကသိုလ်က PhD ကျမ်းပြုဆရာတော် အရှင်အာစာရက ဗုဒ္ဓဘာသာအခြေခံ သဘောတရားများကို အင်္ဂလိပ်လို သင်ကြားပေးမှာဖြစ်ပြီး English Grammarကိုတော့ ဓမ္မဗိမာန်ဆရာတော် အရှင်ဥာဏာလင်္ကာရက သင်ကြားပေးမှာ ဖြစ်တယ်လို့ သိခဲ့ရပါတယ်။ ကျွန်မအနေနဲ့ အမှန်ကို ဝန်ခံရရင် တက္ကသိုလ်ကျောင်းသူ တစ်ယောက်ဖြစ်ပေမယ့် အင်္ဂလိပ်စာမှာ writing, reading, listening, speakingဆိုတဲ့ ရေး-ဖတ်-ကြား-ပြော စွမ်းရည်လေးမျိုးလုံး အားနည်း နေပါသေးတယ်။ ဘာသာရေး အသိပညာလည်း အခြေခံအဆင့်ရဲ့ အောက်ဆုံးတန်းမှာပဲ ရှိပါသေးတယ်။ အင်္ဂလိပ်စာကတော့ ကိုယ့်မိခင် ဘာသာစကားလည်း မဟုတ်၊ ကိုယ့်အဓိက ဘာသာရပ်လည်း မဟုတ်၊ စိတ်ဝင်တစား လေ့လာမှုကလည်း အားနည်း၊ လေ့လာဖို့ လေ့ကျင့်ဖို့ အခွင့်အလမ်းကလည်း နည်းပါး စတဲ့ စတဲ့ ချွတ်ယွင်းချက် တွေကြောင့် အားနည်းရတာပါ။ ဘာသာရေးအသိ မကြွယ်သေးတာလည်း အချိန်မကျသေးလို့ပဲ ဆိုပါစို့။ အလေ့အလာ အထိအတွေ့ နည်းလို့ပါပဲ။ ဘုရားရှေ့မှာ ဦးချတတ်တယ်။ ဘုန်းကြီးရဟန်းသံဃာကို ရှိခိုးတတ်တယ်။ အရှင်ဘုရား-တပည့်တော် ပြောတတ်လျှောက်တတ်တယ်။ ဆွမ်းလောင်းတတ်တယ်။ ကြုံရင်ကြုံသလို သာရေးနာရေး ဘာသာရေးကိစ္စတွေမှာ နည်းများမဆို ပါဝင်လှူဒါန်းတတ်တယ်။ အနာဂတ်ကို ဦးဆောင်မယ့် တစ်ချိန်မှာ ဘွဲ့ရခေတ်ပညာတတ်လို့ ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူမယ့် ဗုဒ္ဓဘာသာဝင် နိုင်ငံသားကောင်း တစ်ယောက်ရဲ့ ဘာသာရေးကိစ္စက ဒါပဲတဲ့လား။ ကိုယ်ကိုယ်တိုင် အဖြေရခက်သော မေးခွန်းတစ်ခုကို ကိုယ့်ဟာကိုယ် မေးမိသည်။ ဒီမေးခွန်းကို ခေါင်းမော့ပြီး ဖြေနိုင်ဖို အများကြီး လိုနေပါသေးတယ်။ “ဒီသင်တန်း တက်ကြည့်ရင် ငါ့အတွက် တစ်ခုခုတော့ ကျန်မယ်”ဆိုတဲ့ အတွေးနဲ့ Specail Summer School သင်တန်းတက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ပြန်စဉ်းစားကြည့်တော့ သူတစ်ပါးက ပရဟိတ လုပ်နေချိန်မှာ ကိုယ်က ပုထုဇဉ်ပီပီ ကိုယ့်အကျိုးကို အရင် စဉ်းစားမိခဲ့တာ ရှက်တောင်ရှက်မိပါသေးတယ်။
ဒီလိုနဲ့ ဓမ္မဗိမာန် Noble Schoolရဲ့ Special Summer School ဗုဒ္ဓဘာသာအင်္ဂလိပ်စာ နွေသင်တန်းကို တက်ရောက်ဖြစ်ခဲ့ပါတယ်။ သင်တန်း တက်လိုက်လို့ ရခဲ့တာတွေက ကျွန်မ မျှော်လင့်ထားတာထက် ပိုပါတယ်။ ကျွန်မအတွက် ဘာသာရပ်ဆိုင်ရာ ဗုဒ္ဓဘာသာ အခြေခံ ဗဟုသုတွေလည်းတိုးပွား ဘာသာစကားဆိုင်ရာ အင်္ဂလိပ်စာ အင်္ဂလိပ်စကား စွမ်းရည်တွေလည်း တိုးတက်၊ တကယ့်ကို အကျိုးကြီးမားလှပါတယ်။ ကိုယ့်ဘာသာအကြောင်း ကိုယ်သိထားတာ တစ်ချို့ဟာ သိပ်မမှန်ခဲ့ပါလား သိပ်မပြည့်စုံခဲ့ပါလားလို့ နားလည်လာပါတယ်။
လူငယ်တစ်ယောက် အနေနဲ့ ဘယ်တုန်းကမှ မတွေးခဲ့ဖူးတဲ့ ဘဝဒဿနတွေ ဒီသင်တန်းက ရခဲ့ပါတယ်။ အိပ်မက်တောင် မမက်ခဲ့ဖူးတဲ့ သံသရာလောကရဲ့ အနိစ္စသဘော အနတ္တသဘာဝတွေကို အတန်းထဲမှာ အခိုက်အတန့်တော့ နှလုံးသွင်းနိုင်ခဲ့ပါတယ်။ သင်တန်းမှုးဆရာတော် အရှင်အာစာရ အမိန့်ရှိသလို “အနည်းဆုံး သုတမယ၊ သညာသိ”တော့ သိခဲ့ရပါတယ်။ ဆရာတော်ရဲ့ မှတ်ချက်စကားကို ပြန်လည်အောက်မေ့မိတဲ့ အခါတိုင်း ကိုယ့်ကိုယ်ကိုယ် အားရကျေနပ်မိပါတယ်။ ဆရာတော် မှတ်ချက်ချတာက “ဆရာတို့ ဆရာမတို့ အစ်ကိုတို့ အစ်မတို့ သားတို့သမီးတို့ အခု ရလိုက်တဲ့ ဒီအသိဟာ ငွေနဲ့ပေးဝယ်လို့ မရဘူး။ သဒ္ဓါ ဝီရီယ ခန္တီတို့နဲ့ ရင်းယူရတဲ့ ရွှေအသိပဲ။ တန်ဖိုးကို နားလည်ကြ။ တန်ဖိုးထားကြ”တဲ့။ တကယ့်ကို တန်ဖိုးရှိလှပါတယ်။
နောက်ပြီး သံသရာ စက်ဝန်းရဲ့ အချိတ်အဆက် ဘဝပဋိသန္ဓေအကြောင်း ထူးဆန်းအံ့ဩဖွယ်ရာ ကံတရားအကြောင်း ခရစ်ယန်တို့ရဲ့ Heaven နဲ့လည်းမတူ ဟိန္ဒူတို့ရဲ့ Mokshaနဲ့လည်း တစ်ခြားစီဖြစ်တဲ့ အငြိမ်းဓာတ်သက်သက်ဖြစ်တဲ့ နိဗ္ဗာန်ရဲ့သဘော၊ ခရစ်ယန်တို့ရဲ့ Hellလို မဟုတ်တဲ့ ငရဲရဲ့သဘာဝ၊ ဘုရားရှင်ရဲ့ မုခပါဌ်တော်တွေကို အဓိပ္ပာယ် အမျိုးမျိုး ဖွင့်ဆိုရာကနေ ဗုဒ္ဓဘာသာမှာ ထေရဝါဒနဲ့ မဟာယာနရယ်လို့ ဂိုဏ်းတွေ အမျိုးမျိုး ကွဲလာခဲ့ပုံ စသည်စသည် အကြောင်းအရားများစွာကို ကြားနာမှတ်သားခဲ့ရပါတယ်။
လေးနက်တဲ့ သဘောတရားတွေကို နားလည်ခဲ့ရသလို သိပ်မကြီးကျယ်တဲ့ အကြောင်းအရာတွေကိုလည်း အလေးအနက် စဉ်းစားဖြစ်ခဲ့ပါတယ်။ ကျွန်မ လူမှန်းသိတတ်စ အရွယ်ကနေ အခု တက္ကသိုလ်တက်နေတဲ့ အထိ ကြုံခဲ့ရတဲ့ အသုဘ တွေမှာ လွမ်းသူ့ပန်းခွေဆိုပြီး အသုဘထည့်ထားတဲ့ ခေါင်းမှာ ပန်းကုံးတွေချိတ်ထားတာ တွေ့ရတဲ့အခါမှာ လူသေရဲ့ အပုပ်နံ့ကို ပန်းနံ့နဲ့ ဖုံးသွားအောင်လုပ်တာပဲလို့ တွေးခဲ့မိပါတယ်။ ပကာသနလုပ်တာလို့ တွေးမိတဲ့အခါလည်း ရှိပါတယ်။ သင်တန်းရဲ့ ဖတ်စာထဲမှာ ရှင်းပြထားတဲ့ အဓိပ္ပာယ်ကတော့ ဒီလိုမဟုတ်ပါဘူး။ ပန်းလေးတွေဟာ မညှိုးခင်မှာ မွှေးတယ် လှတယ်။ လန်းဆန်းလှပနေတဲ့ ပန်းကလေးတွေကို မြတ်မြတ်နိုးနိုး နမ်းကြပန်ကြတယ်။ ပန်းကလေးတွေဟာ ညှိုးခြောက်ပြီး ရနံ့မဲ့သွားတဲ့အခါမှာ စွန့်ပစ်ခံကြရတယ်။ အလားတူပဲ လူတွေဟာ မိသားစုဝင် အချင်းချင်း မိတ်ဆွေ အချင်းချင်း ချစ်ကြသူတွေ အချင်းချင်း ဘယ်လောက်ပဲ တွယ်တာကြ တွယ်တာကြ ဘယ်လိုပဲ ခုံမင်ကြ ခုံမင်ကြ သေသူကိုတော့ စွန့်ပစ်လိုက်ကြတာပဲတဲ့။ လူ့ဘဝဟာ ပန်းလိုပဲတဲ့။ အသုဘပို့တဲ့သူတွေဟာ လွမ်းသူ့ပန်းခွေကို မြင်တဲ့အခါမှာ ဒီသဘောကို ဆင်ခြင်သင့်တယ်တဲ့။ လွမ်းသူပန်းခွေ ချိတ်ဆွဲသူတွေက ဘယ်လို ရည်ရွယ်တာပဲဖြစ်ဖြစ် ဒီသင်တန်းက ရလိုက်တဲ့ ဒီအသိလေးဟာ ကျွန်မအတွက်တော့ သိပ်ပြီး အဓိပ္ပာယ်ပြည့်ဝတဲ့ ဘာသာရေး အသိတစ်ခုပဲ ဖြစ်ပါတယ်။
နောက်တစ်ခုက အသုဘအိမ်တွေက လူသေကောင်ထည့်ထားတဲ့ ခေါင်းနံဘေးမှာ ဆီမီးခွက် ဒါမှမဟုတ် ဖယောင်းတိုင် ထွန်းထားတာကို အမှောင်ထဲမှာ သရဲခြောက်မှာစိုးလို့ မီးထွန်းထားကြတာလို့ ထင်ခဲ့ဖူးပါတယ်။ ဖတ်စာထဲမှာ ရှင်းပြထားတဲ့ ဘာသာရေး အဓိပ္ပာယ်က ကိုယ့်ဟာကို ဖွင့်ခဲ့တဲ့ အဓိပ္ပာယ်နဲ့ တစ်ခြားဆီပါပဲ။ Buddhist Philosophy အရ သေခြင်းတရားလေးမျိုးရှိတယ်တဲ့။ (၁) လောင်စာဆီ ရှိသေးပေမယ့် မီးစာကုန်သွားတဲ့ အခါမှာ ဆီမီးခွက် ငြိမ်းရသလို အသက်ရှည်စေနိုင်တဲ့ ကံစွမ်းသတ္တိ ရှိသေးပေမယ့် သက်တမ်းစေ့သွားရင် သတ္တဝါတွေ သေကြရတယ်၊ (၂) မီးစာ ရှိသေးပေမယ့် လောင်စာဆီကုန်သွားတဲ့ အခါမှာ ဆီမီးခွက် ငြိမ်းရသလို သက်တမ်းမကုန်သေးပေမယ့် အသက်ရှည်စေနိုင်တဲ့ ကံစွမ်းသတ္တိ ကုန်သွားရင် သတ္တဝါတွေ သေကြရတယ်၊ (၃) မီးစာလည်းကုန် ဆီးလည်းခန်းတဲ့ အတွက်ကြောင့် ဆီမီးခွက် ငြိမ်းရသလို အသက်ရှည်စေနိုင်တဲ့ ကံစွမ်းသတ္တိရော သက်တမ်းပါ ကုန်ဆုံးသွားရင် သတ္တဝါတွေ သေကြရတယ်၊ (၄) ဆီရော မီးစာပါ ရှိသေးပေမယ့် လေတိုက်လို့ ငြိမ်းရတာမျိုး မထင်မှတ်တဲ့ ရုတ်တရက် အကြောင်းတစ်ခုခုကြောင့် ဆီမီးခွက် ငြိမ်းရသလို ကံစွမ်းရော သက်တမ်းပါ နှစ်မျိုးလုံး မကုန်သေးပေးမယ် ကားတိုက်လို့ ရေနစ်လို့ သေရတာမျိုး မတော်တဆမှု တစ်ခုခုကြောင့် သတ္တဝါတွေ သေကြရတယ်တဲ့။ ဒီအဓိပ္ပာယ်ကို သတိပေးတဲ့ အနေနဲ့ လူသေထည့်ထားတဲ့ ခေါင်းဘေးမှာ မီးခွက်ထွန်းကြတာတဲ့။
သင်တန်းက ရခဲ့တဲ့ ဘာသာရေးအသိတွေက ပြောမကုန်နိုင်လောက်အောင်ပါပဲ။ တစ်လအတွင်းမှာ သိလိုက်ရတဲ့ ဒီဘာသာရေး သဘောတရားတွေက တစ်သက်တာလုံး အသုံးဝင်နေမှာပါ။ ဘဝသံသရာ အတွက်လည်း အကျိုးရှိ နေမှာပါ။
အကျိုးရှိရှိ ကုန်လွန်ခဲ့ရတဲ့ ၂၀ဝ၇ ခုနှစ်ရဲ့ နွေနေ့ရက်တွေဟာ ကျွန်မအတွက် အဖိုးတန် နေ့ရက်တွေပဲ ဖြစ်ပါတယ်။
သင်တန်းဖြစ်မြောက်အောင် ပံ့ပိုးခဲ့သူတွေ အားလုံးနဲ့ သင်တန်းပို့ချတော်မူခဲ့တဲ့ ဆရာတော်များရဲ့ စေတနာနဲ့ ကျေးဇူးတရားတို့ကို အစဉ်အောက်မေ့လျက်။

စိမ့် (ကွန်ပျူတာ)
ကွန်ပျူတာတက္ကသိုလ်၊ ဟင်္သာတမြို့

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP