* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, April 23, 2011

တဆုပ်ဆန်နှင့် ကုသိုလ်ကံ-အံ့ဖွယ် ကျေးဇူးသိသူ

ယခုတော့ ကျွန်တော်တို့ အိမ်ကလေးသည် ပျဉ်ထောင် ပျဉ်စီ၊ သွပ်မိုး အိမ်ကလေးအဖြစ် ပြောင်းလဲသွားခဲ့ပေပြီ။ အကြောင်းမှာ ကျွန်တော်တို့ မိသားစုအားလုံး၏ ကံ ကံ၏အကျိုး၊ ကုသိုလ်ကံ စေတနာတို့ကြောင့် အမေ့အိမ် ထီဆိုင်တွင် ထီထိုးရာမှ သုံးသိန်းဆု ထီပေါက်ခြင်းကြောင့် ဖြစ်သည်။

ဤကဲ့သို့ ထီမပေါက်ခင်ကာလတွင် ကျွန်တော်တို့ မိသားစုသည် နေ့ဖို့ညစာ ကိစ္စအ၀၀ကို အတော်လေးပင် ချင့်ချိန်ချွေတာ၍ စားသုံးခဲ့ရပါသည်။ သို့သော်လည်း အလှူအတန်းနှင့် ပတ်သက်လာလျှင် မိမိတို့တတ်နိုင်သမျှ သဒ္ဓါတတ်အား နည်းများမဆို ရတနာသုံးပါး ဦးထိပ်ထား၍ စေတနာသန့်သန့်နှင့် လှူဒါန်းမှုကို ပြုတတ်ပါသည်။ အလှူအတန်းနှင့် ပတ်သက်၍ ထိုနေ့ကိုဖြင့် အမှတ်တရနေ့ များစွာထဲမှ အမှတ်အရဆုံးနေ့ ဖြစ်ပါသည်။

အိမ်ရှေ့တွင် ကြေးစည်သံတဝေေ၀နှင့် တဆုပ်ဆန် အလှူခံများ ရပ်နေကြသည်။ ကျွန်တော့်အမျိုးသမီးသည် ဆန်အိုးထဲက ဆန်များကို မပြည့်ပြည့်အောင် နို့ဆီဗူးထဲသို့ ခြစ်ခြုတ်ထည့်နေသည့် အသံကိုလည်း အတိုင်းသား ကြားနေရသည်။ ခဏကြာမှ ဆန်နို့ဆီဗူးတဗူးအပြည့် ယူလာပြီး ကျွန်တော့်ကို ပြုံးပြ၍ သွားရောက်လောင်းလှူပါသည်။ ကျွန်တော်လည်း အလိုက်သိစွာ ခေါင်းညိတ်ပြလိုက်ပါသည်။ ရှိသမျှ ဆန်အားလုံး လှူခဲ့ပါသည်။ ထိုတဆုပ်ဆန် အလှူခံများ ပြန်သွားကြ၍ ၁၅-မိနစ်ခန့်ကြာသော်-

မောင်တင်အောင်ထွန်းရေ ခဏကွာ၊ ဦးတို့အိမ်မှာ မီးခလုတ်ခုံလေး ပျက်သွားလို့ လိုက်ပြင်ပေးပါဦး၊ အားတော့ နာတယ်ကွာ-

အားနာစရာ မလိုပါဘူး ဦးရယ်၊ ရပါတယ်။ ကူညီရမှာပေါ့-ဟူ၍ ကူညီခဲ့သည်။

ထိုနေ့ည ဦးရဲလွင်တို့အိမ်မှ မီးခလုတ်ခုံပြင်၍အပြန် ရရှိလာသော လုပ်အားခကလေးဖြင့် မနက်ဈေးဖိုးပေး၊ ကျန်သောငွေဖြင့် အမေ့အိမ် ထီဆိုင်တွင် ထီလက်မှတ်တစောင် ထိုးလိုက်ရာမှ တဆုပ်ဆန်၏ ကုသိုလ်ကံအကျိုးသည် ကျွန်တော်တို့ မိသားစု၏ ရင်တွင်းသို့ ပဲ့တင်သံထပ် ပီတိများ လျှံဝေစေပါတော့သတည်း။

မောင်မောင်ဝင်းတင်(ရွေှ့ပင်မြေ)

(မြတ်မင်္ဂလာ ၂၀၀၀-ပြည့် ဇန်န၀ါရီလ)

Posted by: mingala at 21.4.11 0 မှတ်ချက်ရေးပါ http://img2.blogblog.com/img/icon18_edit_allbkg.gif

Labels: ကံ ကံ၏အကျိုး

အံ့ဖွယ် ကျေးဇူးသိသူ

သိင်္ဃိုကျွန်း အနုရာဓပြည်၌ သင်္ခဗောဓိမင်း မင်းပြုသောအခါ သင်္ဃတိဿအမတ်သည် မင်း၏စည်းစိမ်ကို လုမည်-ဟု စစ်အင်္ဂါလေးပါးဖြင့် ဇနပုဒ်က ချီလာသည်။

သင်္ခဗောဓိမင်းသည် စစ်ပြုပါက လူအများသေကျေ ပျက်စီးမည်ကို စိုးသောကြောင့် စစ်မပြုဘဲ ညဥ့်အခါမှာ ပြည်ကခွါ၍ ပြေးလေသည်။ မိုးသောက်လျှင် တခုသောအရပ်သို့ ရောက်၍ ပင်ပန်းလှသဖြင့် ရေဆိပ်တွင် ထိုင်လျက်နေ၏။

ထိုအခိုက် လုလင်တယောက်သည် ထမင်းထုပ်ကို တောင်ဝှေးဖျားမှာ ဆွဲ၍ လယ်ပြင်မှ တက်လာသည်။ မင်းကို မြင်လျှင် ထမင်းကို ဆက်ကပ်၏။

မင်းလည်း ထမင်းစားပြီးသော် လုလင်အား” သင် ငါ့ကို သိသလော” ဟုမေး၏။

ကျွန်ုပ်မသိ ဆိုသော် ငါသည် သင်္ခဗောဓိမင်း-ဟု ပြန်ပြောလေ၏။

လုလင်လည်း ”အရှင်မင်းကြီး ထိုသို့ဖြစ်သော် အဘယ့်ကြောင့် တကိုယ်တည်း ကြွလာတော်မူသနည်း”ဟု မေးမြန်း၏။

ထိုအခါ မင်းက ”အမတ် သင်္ဃတိဿသည် မင်းပြုမည် ဟူ၍ ငါ့ကို စစ်ပြိုင်လာပါသည်၊ ငါသည် လူအများသေကျေမည်ကို စိုးသောကြောင့် စစ်မပြုဘဲ ထွက်ခဲ့သည်-ဟူ၍ ဆို၏။

သင်္ခဗောဓိမင်းက ”အမောင် လုလင်၊ ငါသည် သင့်ထမင်းထုပ်ကို စားရသောကြောင့် သင့်ကျေးဇူးသည် ငါ့အပေါ် တင်ရှိနေပေ၏။ ကျေးဇူးဆပ်လိုသည့်အတွက် သင်သည် ငါ့ဦးခေါင်းကိုဖြတ်၍ သင်္ဃတိဿအား ဆက်လေ၊ ဆုလာဘ်များစွာ ရလိမ့်မည်”ဟူ၍ ဆို၏။

ထိုအခါ လုလင်က ”အရှင်မင်းကြီး၊ ဤသို့ပြုမှ ရသော စည်းစိမ်ချမ်းသာ ဆုလာဘ်ကို မမြတ်နိုးပါ”ဟု ငြင်းဆိုသည်။

မင်းလည်း ”ထိုသို့တပြီးကား ငါ့အလိုလိုပင် ငါ သေအံ့”ဟု အဓိဋ္ဌာန်ုပြုလျက် ရေဖြင့် သွန်းဖျန်းတော်မူသော် မင်း၏ ဦးခေါင်းသည် အလိုလို ပြတ်လေ၏။

လုလင်သည်လည်း မင်းခန္ဓာစဲမှ ဦးခေါင်းကို ယူကာ သင်္ဃတိဿမင်းအား ဆက်လေ၏။ အလုံးစုံသော စကားကိုလည်း လျှောက်ကြား၏။ သင်္ဃတိဿမင်းသည် ”ဤလုလင်အနေဖြင့် ငါ၏ ရန်သူဖြစ်သော မင်းသည် မိမိလက်တွင်းသို့ ရောက်လျက် မသတ်ဘဲ နေသည်။ ထိုမင်း သူ့အလိုလို အနိစ္စရောက်မှ ဦးခေါင်းကိုယူ၍ ငါ့ကို ဆက်သလာပေသည်။ ဤလုလင်သည် အလွန်ပညာကြီး၏။ စိတ်နှလုံးမွန်မြတ်၏။ ငါ့ရန်သူကိုမျှ မသတ်ဘဲ နေ၏။ ဤလုလင်အား သူကောင်းပြုသော် ငါ့ကျေးဇူးကို အလွန်လျှင် သိမည်”ဟူ၍ ဆိုကာ များစွာ ဆုလာဘ်ပေးသည်။ ထို့ပြင် အမတ်ကြီးအရာ ကိုလည်း နှင်းအပ်တော်မူလေသည်။

အကိုး။ ။ မုံရွေးဆရာတော်-ရာဇောဝါဒကျမ်း။

(၀င်းမောင်-မြိုင်သာ)

(မြတ်မင်္ဂလာ ၂၀၀၀-ပြည့် ဇန်န၀ါရီလ)

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP