*လိုင်းတူရာဆွဲမယ်…*
သင့်ဘ၀မှာ ထားစရာမရှိအောင် ချမ်းသာချင်သလား.. ဒီလို ငွေကြေးတွေ သင့်ဘ၀မှာ ပိုင်ဆိုင်လာခဲ့ရင်ကော သင့်အကျိုး၊ လောကအကျိုးအတွက် ဘာတွေလုပ်ဖို့ စဉ်းစားမိလဲ..
အဓိက လူတွေဖြစ်နေတာက အကျိုးတရားကိုပဲ မျှော်ကိုးနေပြီး အကြောင်းတရား လုပ်ဖို့ကျတော့ မစဉ်းစားကြတာ၊ မေ့နေကြတာ များတယ်..။
တူသောအကျိုးပေးကို နားလည်ပါ။ နောက်ပြီး ကံအရှိန် အကျိုးပေးရင်လည်း လိုင်းတူရာပဲ ဆွဲတယ်ဆိုတာလည်း သဘောပေါက်ပါ။
- သင့်မှာ ငွေကြေးပိုက်ဆံ မပြည့်စုံဘူးလား၊ ဒါဆို သင့်အနေနဲ့ သူတစ်ပါးကို စေတနာပါပါနဲ့ ငွေကြေးပိုက်ဆံ အကြိမ်ဘယ်လောက်များများ ပေးကမ်းစွန့်ကြဲ လှူဒါန်းဘူးသလဲဆိုတာ ပြန်သုံးသပ်ရမယ်။
- သင့်မှာ အ၀တ်အစား မပြည့်မစုံ၊ မလုံမလောက် နည်းပါးနေသလား၊ ဒါဆိုရင်လည်း တစ်ဖက်သားကို သင့်အနေနဲ့ ၀တ်ဆင်သုံးစွဲနိုင်တဲ့ အရာတွေ စေတနာပါပါနဲ့ အကြိမ်ဘယ်လောက် လှူပြီးပြီလဲလို့ ပြန်စဉ်းလိုက်ပါ..။ ရဟန်းသံဃာတွေကို သင်္ကန်းလှူဒါန်းတာလည်း အပါအ၀င်ပေါ့။
- သင့်ကို တစ်ပါးသူတွေက မလေးမစား ဆက်ဆံနေသလား.. ဒါဆိုရင်တော့ သင်ဟာ ကိုယ့်မိဘ၊ ဆရာသမားအပေါ်၊ ရဟန်းသံဃာတွေအပေါ်၊ ဘုရားအပေါ်၊ တစ်ခြားသူတွေအပေါ် ရိုသေကိုင်းရှိုင်းမှု နည်းနေလို့ပဲ ဖြစ်မယ်။
ဆိုလိုတာကတော့…
ငွေကြေးပိုက်ဆံ အကြိမ်များများ လှူဘူးတဲ့သူဟာ ငွေကြေးပေါတယ်။ (ဘာဘိုးတော် ဘယ်ယတြာ ဘာအိမ်တွင်းနတ်မှ မလိုဘူးနော်..၊ ဘုရားပေးတဲ့ တူသောအကျိုးပေးမယ်ဆိုတဲ့ ယတြာသာ ဆောင်ထား၊ နောက်ပြီး ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်တွေရဲ့ အိမ်မှာ ဘာအိမ်တွင်းနတ်မှ မရှိတာလည်း သတိထားဖို့လိုမယ်။)
အ၀တ်အစား အကြိမ်များများ လှူဘူးတဲ့သူဟာ အ၀တ်အစားပေါတယ်။
တစ်ဖက်သားကို အစားအသောက် အကြိမ်များများ လှူဘူးတဲ့သူက အစားအသောက်ပေါတယ်။
သူတစ်ပါးနေဖို့ နေရာထိုင်ခင်း ပေးလှူတဲ့သူက နေထိုင်စရာနေရာ၊ အဆောက်အဦးပေါတယ်။ (ငှက်ငယ်လေးတွေကို ငှက်အိမ်ဆောက်ပေးတာလည်း ပါတာပေါ့။)
တစ်ပါးသူ ကျန်းမာရေးမှာ ဆေးဝါးပစ္စည်း ထောက်ပံ့လှူဒါန်းဘူးရင် ကိုယ်တိုင်လည်း ကျန်းမာ၊ တကယ်လို့ မကျန်းမမာဖြစ်လာရင်လည်း ကိုယ့်ကို ထောက်ပံ့မယ့်သူက အဆင်သင့်။
တစ်ဖက်သားကို လေးလေးစားစား ရိုရိုသေသေ ဆက်ဆံရင် သင့်ကိုလည်း ဟိုက လေးလေးစားစား ရိုရိုသေသေ ပြန်ဆက်ဆံမှာပဲ။
တစ်ဖက်သားကို ဒေါသ၊ မာနနဲ့ ဆက်ဆံရင်တော့ သင်ကိုယ်တိုင်လည်း ပူလောင်ရသလို၊ သင့်ကို ဒေါသ၊ မာနနဲ့ ဆက်ဆံသူတွေလည်း ပေါ်လာလိမ့်မယ်။
ဒီလိုအကျိုးပေးတွေက သဘာဝနိယာမကြီး၊ ရှောင်လွှဲလို့ မရဘူးတဲ့။ ဒီနေရာမှာ စေတနာ ကံအရှိန်ကလည်း အရေးကြီးသေးသလို၊ တစ်ဖက်လူရဲ့ (တိရစ္ဆာန်လည်း အပါအ၀င်ပေါ့) သီလ၊ သမာဓိ၊ ပညာပေါ်လိုက်ပြီး၊ အလှူခံပုဂ္ဂိုလ်ပေါ်လိုက်ပြီး အကျိုးပေးတဲ့ ဘ၀ပေါင်း၊ အဆပေါင်းတွေကလည်း ရှိသေးတယ်။
ကဲ ဒီတော့ ကိုယ့်ဘ၀မှာ ဘာလိုအပ်နေလဲ.. တစ်ခုလိုနေရင်တော့ သင်တစ်ခုခု ဖြည့်ဆည်းဖို့လိုနေပြီ။ နှစ်ခုလိုနေရင်တော့ နှစ်ခုဖြည့်ဆည်း ကျင့်ကြံရလိမ့်မယ်။ အကုန်လိုအပ်နေရင်တော့ အကုန်ဖြည့်ဆည်းဖို့ လိုမယ်ဆိုတာတော့ ပြောဖို့ လိုမယ်မထင်တော့ပါဘူး။
အဓိက ပြောချင်တာကတော့ တစ်ခုခု ဖြည့်ဆည်းတဲ့ အခါမှာ ကိုယ်ကျိုးမမျှော်ဘဲ တစ်ဖက်သားအကျိုးမျှော်ကိုးတဲ့ မေတ္တာဓာတ်လေး ထပ်ပေါင်းလိုက်ဖို့ပါ။ နောက်ပြီး ဒီလို ဖြည့်ဆည်းနေတာက သံသရာလွတ်ကြောင်းကို ရည်ရွယ်လိုက်ရင်တော့ အတိုင်းထက်အလွန် ပြည့်စုံသွားပါပြီ။
~~~~~~~*****~~~~~~~
လေးစားစွာဖြင့်
ဖိုးသား
4/10/2011, SUN:, 8:32:29 AM


0 comments:
Post a Comment