* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, April 11, 2011

အပိုင်း (၂၀)၊ သင်္ဂါယနာ သုံးတန်နှင့် ဒက္ခိဏသာခါ သမိုင်းကြောင်း

သဗ္ဗညုတဉာဏ်တော်ရှင်ဘုရားသခင်သည် မဟာသက္ကရာဇ် (၁၀၃)ခု၊ ကဆုန်လပြည့် နေ့တွင် ဖွားဖက်တော်ဖြစ်သော မဟာဗောဓိပင်ရင်း၌ ဘုရားအဖြစ်သို့ရောက်တော်မူခဲ့၏။ ဘုရားရှင်ပရိနိဗ္ဗာန်စံလွန်တော်မူပြီး (၃) လအကြာတွင် အရှင်မဟာကဿပထေရ်၊ အရှင်ဥပါလိထေရ်နှင့် အရှင်အာနန္ဒာထေရ်တို့အမှူးရှိသော ရဟန္တာမထေရ်မြတ် ငါးရာတို့သည် ရာဇဂြိုဟ်ပြည့်ရှင် ဘုရင်အဇာတသတ်၏ ပံ့ပိုးမှုဖြင့် ပထမသင်္ဂါယနာ တင်တော်မူခဲ့ကြ၏။

မှန်၏။ ဘုရားရှင်သည် နေ့ညမနား တရားဒေသနာတော်တို့ကို ဟောတော်မူခဲ့ရာတွင် ကာလ၊ ဒေသ၊ ပုဂ္ဂလအားလျော်စွာ ဟောတော်မူခဲ့ရ၏။ ထိုတရား ဒေသနာတော်တို့ကို မပျောက်ပျက်စေရန် အဘယ်တရားတော်ကို အဘယ်အရပ်ဒေသ၌ အဘယ်ပုဂ္ဂိုလ်ကို အကြောင်းပြု၍ အဘယ်သို့သော အကြောင်းအတ္ထုပ္ပတ္တိကြောင့် ဟောတော်မူ ခဲ့ကြောင်းမှတ်တမ်းတင်နိုင်ကြရန် အလွနှ်အရေးကြီးလှ၏။ ဤသို့ဖြင့် ဘုရားဟော ဒေသနာတော်များကို ဆောင်ထားမှတ်သားရလွယ်ကူနိုင်ပါစေခြင်းအကျိုးငှါ..

(၁) ဓမ္မ နှင့် ဝိနယ ဟူ၍ နှစ်စုနှစ်ပုံပြု၍လည်းကောင်း၊

(၂) သုတ္တန်၊ ဝိနည်း၊ အဘိဓမ္မာ ဟူ၍သုံးစုသုံးပုံပြု၍လည်းကောင်း၊

(၃) ဒီဃနိကာယ်၊ မဇ္ဈိမနိကာယ်၊ သံယုတ္တနိကာယ်၊ အင်္ဂုတ္တရနိကာယ်၊ ခုဒ္ဒကနိကာယ်ဟူ၍ ငါးစုငါးပုံပြု၍လည်းကောင်း ပထမသင်္ဂါယနာတင်တော်မူနိုင်ခဲ့ကြ လေသည်။

ဒုတိယသင်္ဂါယနာနှင့် ဂိုဏ်းကွဲမှု

ပထမသင်္ဂါယနာတင်အပြီး နှစ်ပေါင်းတစ်ရာခန့်ကြာသောအခါ ဝဇ္ဇီတိုင်းသားရဟန်းများ၏ ဝိနည်းတော်အချို့ကို ပြင်ဆင်မှုကြောင့် အရှင်ယသမထေရ်၊ အရှင်ရေဝတ၊ အရှင်သဗ္ဗကာမိမထေရ်တို့ အမှူးရှိသော ရဟန္တာမထေရ်မြတ် ခုနစ်ရာတို့သည် ဝေသာလီပြည့်ရှင် ဘုရင်ကာလာသောက၏ ထောက်ပံ့မှုဖြင့် ဒုတိယသင်္ဂါယနာကို (၈)လတိုင်တိုင် တင်တော်မူခဲ့ကြလေသည်။

ဝိနည်းတော်အချို့ကို ဖြုတ်နှုတ်ပြင်ဆင်ဖြည့်စွက်လိုကြသော ဝဇ္ဇီတိုင်းသား ရဟန်းတော် တစ်သောင်းခန့်တို့ကလည်း အရှင်ယသမထေရ်တို့နှင့်စင်ပြိုင် ကောသဗ္ဗီပြည်၌ ဒုတိယ သင်္ဂါယနာကို တင်ခဲ့ကြ လေသည်။ ဤသို့ဖြင့် ဒုတိယသင်္ဂါယနာနောက်ပိုင်းတွင် ပြင်ဆင် ဖြည့်စွက်သည်ကို လိုလားသော အုပ်စုနှင့် မူရင်းအတိုင်း ထားရှိလိုသော အုပ်စုဟူ၍ သံဃ အုပ်စုကြီးနှစ်စု ဖြစ်ပေါ်ခဲ့လေသည်။

ပြင်ဆင်လိုသောအုပ်စုကို (အင်အားများ၍) မဟာသံဃိက ဟု ခေါ်ဆိုပြီး၊ မူရင်းအတိုင်းထားလိုသော အုပ်စုကိုမူ (ရှေးအရှင်မဟာကဿပထေရ်တို့ တင်ခဲ့သည့် မူအတိုင်းသာထားလိုသောကြောင့်) ထေရဝါဒ ဟု ခေါ်ဆိုလာခဲ့ကြလေသည်။ မဟာသံဃိကအုပ်စုသည် မဟာယာန၏အစဖြစ်ပြီး တတိယသင်္ဂါယနာနောက်ပိုင်းတွင်မူ မဟာယာနဟူသောအမည်ဖြင့် ပို၍ထင်ရှား လာခဲ့လေသည်။

တတိယသင်္ဂါယနာ

ဒုတိယသင်္ဂါယနာနောက်ပိုင်းတွင် ထေရဝါဒနှင့် မဟာသံဃိက အုပ်စုနှစ်ရပ်လုံးသည် စာသင်တိုက်ကြီးငယ်များကို တည်ထောင်ကြရင်း သာသနာတော်ပြန့်ပွါးရေးလုပ်ငန်းများကို အင်တိုက်အားတိုက်ပင် ဆက်လက်လုပ်ဆောင်လာခဲ့ကြလေသည်။ အိန္ဒိယနိုင်ငံ၏ ဧကရာဇ်ဖြစ်သော သီရိဓမ္မာသောကမင်းကြီးသည် သာသနာတော်ကိုသက်ဝင် ကြည်ညိုပြီးသည့်နောက်ပိုင်းတွင် သာသနာတော်မှအပဖြစ်သော ဗြဟ္မဏဝါဒီတို့ အနေအစားခက်ခဲပင်ပန်းလာသဖြင့် သာသနာတော်အတွင်းသို့ တစ်ဖက်လှည့်ဖြင့် ဝင်ရောက်ပူးသတ်လာခဲ့ကြလေသည်။

ဗုဒ္ဓအဆုံးအမ သာသနာတော်ကို မူလကပင်ဖြည့်စွက်ပြင်ဆင်လိုသူများရှိနေရသည့်အထဲ ခေတ်မကောင်း၍ ရဟန်းပြုလာကြသော ဗြဟ္မဏဝါဒီတို့ကလည်း ၎င်းတို့၏ဝါဒများကို ရောနှောပူးသတ်ဟောပြောလာကြလေရာ သာသနာတော်၏ သန့်ရှင်းစင်ကြယ်မှုများ တဖြည်းဖြည်း ဆုတ်ယုတ်လာခဲ့ရလေသည်။ ဤအချက်ကို သိမြင်တော်မူကြသော အရှင်မဟာမောဂ္ဂလိပုတ္တတိဿထေရ် မထေရ်မြတ် အမှူးရှိသော မထေရ်မြတ် အပါး တစ်ထောင် တို့သည် သီရိဓမ္မာသောကမင်းကြီး၏ အထောက်အပံ့ဖြင့် တတိယသင်္ဂါယနာကို တင်တော်မူခဲ့ကြရပြန်လေသည်။

တတိယသင်္ဂါယနာနှင့်ပတ်သက်ပြီး သံဂါယနာသမိုင်းစုံစာအုပ်၌ဖော်ပြပါရှိသော စာဆိုတော် ဦးယာ၏ တတိယသင်္ဂါယနာတင် အံချင်းကို ကူးယူဖော်ပြလိုပါသည်။

တတိယသင်္ဂါယနာတင် အံချင်း

မင်းချင်းလေ။ ဝဇ္ဇီတိုင်းချာ၊ ပြည်ဝေသာဝယ်၊ ကာလာမင်းနောက်၊ ဆဲ့ကိုးယောက်တွင်၊ မင်းမြှောက်စိမ့်ရန်၊ ပုဏ္ဏားဖန်သည်၊ စန္ဒဂုတ်မြေး၊ ဗိန္ဓုသွေးဟု၊ ဘုန်းကျေးဇူးဟုန်၊ မြေမိုးတုန်မျှ၊ ရှေးကုန်သည်ဖြစ်၊ ဘဝစစ်က၊ ပျားနှစ်ရသာ၊ ကုသိုလ်ပါသည့်၊ ဓမ္မာသောက၊ နရိန္ဒလျှင်၊ မဇ္ဈဘူမိ၊ ပါဋလိဝယ်၊ ဆယ်ဒိသာလုံး၊ အာဏာကျုံးသား၊ ပေါင်းရုံးများစွာ၊ ဇောပုပ္ပါတွင်၊ (ဗျည်း,တိ,ဒွါတွင်)၊ မဟာမောဂ္ဂလိပုတ္တ၊ ထေရ်တိဿတို့၊ ဓမ္မမင်းအား၊ နိမန်ကြား၍၊ လက်သားအရဟန်၊ တစ်ထောင်မှန်နှင့်၊ ဗိမာန်ရတနာ၊ ကျယ်ဝန်းစွာသည်၊ သောကာရာမ၊ ရွှေကျောင်းလှထက်၊ တတိယသင်္ဂါယနာ၊ အာကာဖော်ပြ၊ တင်ကုန်ကြသည်၊ သုံးလယုတ်တစ်နှစ်တည့်လေး။ သူကောင်းဖော်ရွေ မင်းချင်းတို့။ ။

တတိယသင်္ဂါယနာအပြီးတွင် သာသနာတော်ပြန့်ပွါးစည်ပင်ရာသော အကြောင်းကို မျှော်တွေးမိကြရကား ရှင်မဟာမဟိန္ဒစသော မထေရ်တို့အား ကိုးတိုင်းကိုးဌာနသို့ သာသနာပြု စေလွှတ်ကြပြန်လေသည်။ (ဤဆောင်းပါး၌ သီရိလင်္ကာသို့ ဒက္ခိဏသာခါ သီရိမဟာဗောဓိပင်မြတ် ရောက်လာပုံကိုသာ ပြဆိုမည်ဖြစ်ရကား မထေရ်မြတ်တို့၏ ကိုးတိုင်းကိုးဌာန သာသနာပြုတော်မူခဲ့ပုံများကို လျစ်လျူရှုခဲ့ရပါအံ့။)

သီရိလင်္ကာသို့ မဟာဗောဓိပင်၏ တောင်ဘက်အကိုင်းကိုပင့်ဆောင်ယူလာသော သင်္ဃမိတ္တာထေရီပုံ ပန်းချီကား


http://www.ayukusala.org/images/nuns/01sanghamitta.jpg

ဒက္ခိဏသာခါ သီရိလင်္ကာသို့ကြွရောက်ခြင်း

ထိုသို့ ကိုးတိုင်းကိုးဌာနသာသနာပြုကြွတော်မူကြရာတွင် သီရိဓမ္မာသောကမင်းကြီး၏ သားတော် အရှင်မဟာမဟိန္ဒမထေရ်အမှူးပြုသော သံဃာတော် (၆)ပါးတို့သည် သီရိလင်္ကာသို့ ကြွတော်မူကြရ၏။ သီရိလင်္ကာပြည့်ရှင် ဒေဝါနံပိယတိဿမင်း၏ မိဖုရား အနုဠာဒေဝီကို ရဟန်းခံပေးရန်အကြောင်းပေါ်ပေါက်လာသောအခါ မဟိန္ဒထေရ်သည် ညီမတော်ဖြစ်သော သင်္ဃမိတ္တာထေရီကို ဒက္ခိဏသာခါ ဗောဓိပင်မြတ်နှင့်တကွ သီရိလင်္ကာသို့ပင့်ခေါ်စေလေသည်။

အရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ်မြတ်၏ မိန့်တော်မူချက်အရ ဘုရားသခင် အဓိဋ္ဌာန်ပြုတော်မူခဲ့သည်ကို ကြားနာရသော သီရိဓမ္မာသောကမင်းသည် သံဃာတော် အပေါင်းကိုပင့်ဆောင်၍ ဘုရားပွင့်တော်မူရာ မူလမဟာဗောဓိပင်ရှိရာသို့ ကြွရောက်တော် မူလေသည်။ မင်းကြီးသည် ဗောဓိပင်မြတ်ကို မော်ကြည့်လိုက်သောအခါ ဗောဓိပင်၏ပင်စည် နှင့် ဒက္ခိဏသာခါ လင်္ကျာတောင်ကိုင်း၏ လေးတောင်ခန့်မျှကိုသာ မြင်ရ၍ ကျန်သောအကိုင်း အခက်တို့ကို မတွေ့မြင်ရတော့ချေ။

ထိုသို့သော တန်ခိုးပြာဋိဟာကိုတွေ့မြင်ရသဖြင့် ဗောဓိပင်မြတ်ကို အဘိသိက်သွန်းလောင်း ပြီးလျှင် မင်းစည်းစိမ်ဖြင့်ပူဇော်လေသည်။ ထို့နောက် မင်းကြီးသည် ဗောဓိပင်မြတ်အား လင်္ကျာရစ်သုံးကြိမ်လှည့်လည် ရှိခိုးပြီးလျှင် ရွှေစုတ်တံဖြင့် လင်္ကျာတောင်ကိုင်း၌ အရေးအသား အမှတ်သင်္ကေတကိုပြုပြီး “`ဤဗောဓိပင်မြတ်သည် သီရိလင်္ကာ၌ တည်တော်မူလတ်အံ့၊ ငါသည်လည်း ဗုဒ္ဓသာသနာတော်၌ ယုံမှားကင်းစွာ ကြည်ညိုသည် ဖြစ်ငြားအံ့၊ ဗောဓိပင်၏တောင်ဘက်အကိုင်းမြတ်သည် အလိုလိုပင်ပြတ်ကြွေ၍ ရွှေအိုး၌ တည်ပါစေသတည်း” ဟု သစ္စာအဓိဋ္ဌာန်ပြုတော်မူလေသည်။

ထိုအခါ မဟာဗောဓိပင်၏ တောင်ဘက်အကိုင်းသည် မင်းကြီးရေးခြယ်ထားရာနေရာမှ သူ့အလိုလို ပြတ်ကြွေ၍ အသင့်ပြုလုပ်ထားသော နံသာပျောင်းတို့ဖြင့်ပြည့်သည့် ရွှေအိုး၌ တည်တော်မူလာလေသည်။ ထိုအကိုင်းမြတ်သည် ဆယ်တောင်အရှည်ရှိ၏။ အသီးငါးလုံးပါဝင်သော လေးတောင်ခန့်ရှိသော အကိုင်းမ ငါးခုပါဝင်၏။ အကိုင်းငယ်ပေါင်း တစ်ထောင်ပါဝင်၏။

မင်းကြီးသည် မူလရေးသားအပ်သော အရေးကြောင်း၏အပေါ် လက်သုံးသစ်ခန့်မျှအကွာ၌ နောက်ထပ်အရေးအသားကို ရေးဆွဲပြန်ရာ ထိုနေရာမှ အဖုတို့ပေါ်ထွက်လာပြီးလျှင် အမြစ်ကြီး ဆယ်ခုတို့ ဖြစ်ပေါ်လာကြလေသည်။ ထို့နောက် နောက်ထပ်အရေးအသား ကိုးခုတို့ကို ထပ်မံရေးဆွဲပြန်ရာ အမြစ်ပေါင်း ကိုးဆယ်တို့ ထပ်မံပေါ်ထွက် လာကြပြန်လေသည်။

သီရိဓမ္မာသောကမင်းကြီးသည် ဝမ်းမြောက်ခြင်းကြီးစွာဖြစ်ရကား ကျယ်လောင်စွာ အော်ဟစ် မြူးတူးရှာလေသည်။ ရဟန်းတော်အပေါင်းတို့က သာဓုခေါ်ကြကုန်၏။ အလုံးစုံသော မင်းပရိတ်သတ်တို့၏ ကောင်းချီးပေးသံတို့ကား မဆုံးနိုင်ချေပြီ။ နတ်ဗြဟ္မာအပေါင်းတို့၏ သာဓုခေါ်သံတို့သည်လည်း ပဲ့တင်ထပ်မျှ ရှိလေတော့သည်။

ငလျင်လှုပ်ခြင်း၊ နတ်တို့၏တူရိယာသံတို့ကို ကြားကြရခြင်းစသည်တို့ဖြင့် အုတ်အုတ် ကျက်ကျက်ရှိနေကြစဉ် ဘုရားသခင်အဓိဋ္ဌာန်ပြုတော်မူခဲ့သည့်အတိုင်း ဗောဓိသီး ငါးလုံးတို့မှ ရောင်ခြည်တော်များထွက်ပေါ်ကွန့်မြူး၍ ဒက္ခိဏသာခါ ဗောဓိပင်မြတ်သည် ကောင်းကင်သို့ ပျံတက်၍ ဆီးနှင်းတိမ်တိုက်ထဲ၌ (၇)ရက်တိုင်တိုင် တည်နေလေသည်။ (၇)၇က်ပြည့်သောနေ့၌ ရွှေဖျင်းအိုး၌ပြန်၍ တည်လာသောအခါ မင်းကြီးသည် ဝမ်းမြောက်ခြင်း ကြီးစွာဖြစ်ရကား ဒက္ခိဏသာခါဗောဓိပင်မြတ်ကို အဘိက်သိက် သွန်းလောင်းပြီးလျှင် မင်းစည်းစိမ်ဖြင့် ပူဇော်ပြန်လေသည်။

ထို့နောက်ဗောဓိပင်မြတ်ကို ပါဋလိပုတ်ပြည်သို့ပင့်ဆောင်ယူခဲ့ပြီးလျှင် သမီးတော် သင်္ဃမိတ္တာ ထေရီသို့အပ်နှံ၍ သီရိလင်္ကာသို့ ပင့်ဆောင်ယူနိုင်ပြီဖြစ်ကြောင်း လျှောက်ထားလေသည်။ ဤသို့ဖြင့် သင်္ဃမိတ္တာထေရီပင့်ဆောင်ယူလာခဲ့သော ဒက္ခိဏသာခါ ဗောဓိပင်မြတ်သည် ကမ္ဘာ့ သက်တမ်းအရှည်ဆုံး သစ်ပင်အဖြစ်ရပ်တည်ရင်း လင်္ကာသူလင်္ကာသား ဗုဒ္ဓဘာသာဝင် ဒကာ/မများတို့၏ (ဘုရားပွင့်တော်မူရာ မူလမဟာဗောဓိပင်၏ လင်္ကျာတောင်ကိုင်းအစစ်ဖြစ်သော ဗောဓိပင်ဖြစ်သောကြောင့် ဘုရားကိုယ်စားတော်အဖြစ်) ပူဇော်မှုအမျိုးမျိုးကိုခံယူရင်း ဆက်လက် ရှင်သန်ဆဲ ရှိနေပါတော့သတည်း။

အပိုင်း (၂၁)ကိုဆက်ရေးပါမည်။ အရှင်ဝိသာရဒ (ရမ္မာဝတီ)

Last Updated on Sunday, 10 April 2011 15:22

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP