* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, April 11, 2011

ပထမ ရွှေကျင်ဆရာတော်ဘုရားကြီး၏ အဆုံးအမ သြ၀ါဒများ

ပဌမ ရွှေကျင်ဆရာတော်---
အင်ကြင်းခက်ကိုင်း၊ ရွှေကျင်ဂိုဏ်း-ဟူ၍ အမှတ်အသားရှိခဲ့ပါသည်။ သို့အတွက် ရွှေကျင်ဂိုဏ်း စတင်တည်ထောင်သော ခုနှစ်မှာ ၁၂၂၂-ခုနှစ်ဟု သိရသည်။ ရွှေဘိုမြို့နှင့် ဆယ်မိုင်အကွာ ရွှေကျင်ရွာ-၌ မွေးဖွားသဖြင့် အစဉ်အဆက်အားဖြင့် ရွှေကျင်ဆရာတော်ဟု ခေါ်ဝေါ်ခဲ့ကြပါသည်။ ဘွဲ့တော်မှာ အသျှင်ဇာဂရ ဖြစ်သည်။

ဆရာတော်ကြီး ၁၉-၀ါအရတွင် လွန်စွာကြည်ညိုလှသဖြင့် မင်းတုန်းမင်းတရားကြီးက ဆရာတော်ကို မန္တလေးမြို့သို့ ပင့်ဆောင်ခဲ့သည်။ မန္တလေးတောင် မြောက်ဘက်တွင် (မဟာဓမ္မိကာရမ ရွှေကျင်တိုက်ကြီး)ကို တည်ထောင်ကာ မင်းဆရာအဖြစ် ကိုးကွယ်ခဲ့သည်။ သီရိပ၀ရ မဟာဓမ္မရာဇာဓိ ရာဇဂုရု-ဘွဲ့တံဆိပ်တော်ကိုပါ အပ်နှင်းကာ မန္တလေးတောင်၏ အရှေ့မြောက်ထောင့်အရပ်တွင် ထရံကာတိုက်၊ ရမည်းသင်းတိုက်၊ မင်းခင်းတိုက်၊ မြတောင်တိုက်နှင့် ရွှေကျင်တိုက် စသည့် စာသင်တိုက်များကို ဆောက်လုပ်လှူဒါန်းခဲ့သည်။

ဆရာတော်ကြီးမှာ ပရိယတ်၊ ပဋိပတ် နှစ်ထွေနှစ်ဝ ပြည့်စုံလှသဖြင့် ကြည်ညိုသူပေါများသည်။ ကျမ်းဂန်စာပေများစွာကိုလည်း ပြုစုခဲ့သည်။ ယခုအခါ မြန်မာနိုင်ငံတွင် ရွှေကျင်ကျောင်းပေါင်း သုံးထောင်ကျော်တွင် ရဟန်းသံဃာပေါင်း သုံးသောင်းကျော် သီတင်းသုံးလျက်ရှိပေသည်။ ပဌမရွှေကျင် ဆရာတော်ကြီးမှာ ဒကာ ဒကာမ ရဟန်း သံဃာများအား လိုရင်းတိုရင်းပင် ပြောဆိုဆုံးမတော်မူလေ့ရှိ၏။ ဆရာတော်ကြီး၏ အဆုံးအမများစွာအနက်မှ အချို့ကို ကောက်နှုတ်တင်ပြလိုက်ပါသည်။

မေတ္တာ နှင့် ခန္တီ ဆိုင်ရာ သြ၀ါဒ---
မေတ္တာနှင့် ခန္တီဆိုင်ရာများကို မဖော်ပြမှီ မာန-နှင့် စပ်လျဉ်းသော အဆုံးအမအမများကို ဦးစွာတင်ပြပါမည်။
* ငါသာ ငါဖြစ်၊ ငါ မမြင်ဟု၊ ဘုရင်တဆူ၊ ပြုမိမူ၊ ထိုသူအောက်တန်း၊ နေ့ချင်းလှမ်းလိမ့်၊
မြွေဆိုး ပါးပျဉ်းထောင်လျှင် လူရိုက်ခံရတတ်သည်။

* ဦးခေါင်းပြောင်အောင် ရိတ်ထားခြင်းသည် မာနကိုလည်း ရိတ်သည်မည်၏။
ဦးချိုကျိုးသော နွား၊ မာနလည်း ကျိုးသည်။

* သလေးနှံ အဆန်မရှိလျှင် ထောင်သည်။ အဆန်ပြည့်လျှင် အောက်သို့ ညွတ်သည်။
ဂါရ၀ကင်းသူ ဂုဏ်သတင်းမပြူ။ နွားစာငုတ်တိုနဲ့ တူသည်။
ရဟန္တာသည် သိက္ခာကြီးသူ ပုထုဇဉ်ကိုသော်လည်း ပြားပြားဝပ် ရှိခိုးသည်။
သိက္ခာငယ်သူကို ရှိမခိုးသော်လည်း အရိုအသေပြု၏။

* မာနသည် ထွန်တုံးကိုမြိုထားသော မြွေကဲ့သို့ မညွတ်ကိုင်းနိုင်၊
* ပြာသာဒ်သည် သံမယ်နနှင့် အဖွဲ့ကောင်းမှ ခိုင်သည်။
အပေါင်းအသင်းကား မေတ္တာအဖွဲ့ကောင်းမှ ခိုင်သည်။
* တောမီးသည် သစ်ရွက်ခြောက်ကို လောင်ကျွမ်းလွယ်၏။ သစ်ရွက်စိုကို မလောင်နိုင်။
မသူတော်၏ မီးသည် မေတ္တာခန်းသူကို လောင်လွယ်၏၊ မေတ္တာဖျန်းသူကို မလောင်နိုင်။
* လက်နက်ရှိလျှင် ကျားမကိုက်၊ မရှိလျှင် နွားမပင် ဝှေ့သည်။
ထို့ကြောင့် လက်နက်အားကိုးကြသည်။
တုတ်, ဓားကိုင်လျှင် ခွေးဟောင်သည်။ အစာကျွေးလျှင် အမြီးနံ့သည်။
ထို့ကြောင့် တုတ်,ဓား အားမကိုးနဲ့။
ဒါနပြုသူနဲ့ ညှဉ်းဆဲသော မသူတော်ကို အတူ မေတ္တာပို့ရမည်။

* မာရ်နတ်ပစ်လိုက်သော လက်နက်တို့သည် သည်းခံသော ဘုရားရှင်ရှေ့တော်၌
ပန်းကုံးအသွင် အဖူးအမြော် ၀င်ကြ၏။
* မသူတော်ကို မှီ၍ သီးခံလျှင် ခန္တီပါရမီ ပြည့်ဝသည်။
အမျက်ထွက်လာသူကို သည်းခံလျှင် နှစ်ဦးစလုံး အကျိုးရှိ၏။
* သိကြားလက်နက်ကား မိုးကြိုး၊
ယမမင်းလက်နက်ကား မျက်စောင်း၊
ဝေဿ၀ဏ်လက်နက်ကား အစွယ်၊
မသူတော်လက်နက်ကား ဒေါသ၊
သူတော်ကောင်းလက်နက်ကား ခန္တီ။

* သည်းခံခြင်းလက်နက် ဆောင်လျှင် ဒေါသမီး မလောင်၊
တုတ်လက်နက်ဆောင်လျှင် ခွေးဟောင်သည်။
ရန်သူအား မီးခဲနဲ့ပစ်လျှင် မိမိလက်ကို ဦးစွာလောင်လိမ့်မည်။
* ရန်သူကို အမျက်ထွက်လျှင် မိမိသည် ရှေးဦးစွာ ပျက်၏။
ရန်သူလာဆဲ၍ ပြန်ဆဲလျှင် မိမိလည်း အရှက်ကွဲ၏။
* စိတ်ဆိုး၍ မတော်မလျော်ပြုလျှင် မြင်သူ အရှက်မကွဲ၊
ပြုသောသူသာ အရှက်ကွက်ရသည်။
ဆေးဆရာသည် လူမမာနှင့်ပြိုင်၍ အသက်မထွက်ကောင်း။
* လူကောင်းသည် အရူးနှင့်ပြိုင်၍ ၀တ်လစ်စလစ် မနေကောင်း၊
သူတော်ကောင်းသည် မသူတော်နှင့်ပြိုင်၍ ဒေါသ မထွက်ကောင်း။

သီလနှင့် ဆိုင်ရာ သြ၀ါဒ---
* ရေရှိမှ ကြာပွားသည်။ သီလရှိမှ သမာဓိ များသည်။ သီလရှိမှ ဒါနနဲ့ ဘာဝနာ အကျိုးပေးသည်။
* ရစ်မသည် ဥအတွက် အသေခံ၏။ စာမရီသားကောင်သည် အမြီးအတွက် အသေခံသည်။
ရဟန်းသည် သီလအတွက် အသေခံသည်။
* ကျားကြောက်၍ပြေးစဉ် ခွေးဟောင်သည်ကို အရေးမစိုက်ရ။
ငရဲကြောက်၍ သီလစောင့်စဉ် မသူတော် ညှဉ်းဆဲသူကို အရေးမယူရ။

* ဗီလုံးငှက် ငယ်သော်လည်း ကျွဲခြေရာခွက်ကို အမှီရလျှင် ဂဠုန်နှင့်တူ၍ အန္တရာယ်မရှိ။
ပုထုဇဉ်သော်လည်း သီလရှိလျှင် အရိယာနှင့်တူ၍ အပါယ်မရောက်။
* ဗဟုသုတရှိလျက် သီလမရှိလျှင် ရေမရှိသော ကန်နှင့် တူ၏။
ပညာရှိလျက် သီလမရှိလျှင် အသီးမချိုသော သစ်ပင်နှင့်တူ၏။
တရားဟောင်းကောင်လျက် သီလမရှိလျှင် အနံ့မရှိသော ပန်းနှင့်တူ၏။
ကျမ်းဂန်တတ်လျက် သီလမရှိလျှင် အနှစ်မရှိသော သစ်ပင်နှင့် တူ၏။

* ပင်လယ်ကူးလိုလျှင် လှေသင်္ဘောတည်။ နတ်ပြည်တက်လိုလျှင် သီလလှေကားထောင်။
* အကုသိုလ်သည် သတ္တ၀ါကို အပါယ်သို့ ဆွဲချ၏။ သီလရှိသောသူကို ဆွဲမချနိုင်။
ဆီမီးသည် လင်းခိုက်တွင် လူ့အလယ်၌ တင့်တယ်၏။ ငြိမ်းလျှင် မှောင်၍ ညှော်နံ့ထွက်သည်။
သီလသည် စောင်းထိန်းခိုက် လူ့အလယ်၌ တင့်တယ်၏၊ ပျက်လျှင် မှောင်၍ ညှော်နံ့ ထွက်သည်။
* ပင်လယ်ကူးလိုလျှင် သင်္ဘောလုံအောင် ဖာ၊
သံသရာကူးလိုလျှင် သီလ လုံအောင် လုပ်။
လောကီဥစ္စာ စောင့်လျှင် တသက်ချမ်းသာ၏၊ သီလစောင့်လျှင် ဘ၀အဆက်ဆက် ချမ်းသာ၏။

ပေါင်းသင်းဆက်ဆံရေး---
* သူတော်ကောင်းနှင့်ပေါင်းသင်းမှ ပစ္စုပ္ပန်သံသရာ မြင့်မြတ်သည်။
စဥ့်ကျောက်သည် ရွှေနှင့်ရောချက်လျှင် ရွှေရောင်တောက်သည်။
မီးသွေးခဲသည် မီးကျီးရဲရဲနှင့်ရောလျှင် မီးကျီးခဲရဲရဲ ဖြစ်လာသည်။
* မြေခွေးသည် ခြင်္သေ့မင်းကို ခစားသော်လည်း ကျားကို မကိုက်နိုင်။
သူကန်းပင်လျှင် ခြေသံနားထောင်၍ လိုရာအရပ်ရောက်နိုင်သေး၏။
သူတော်ကောင်း မြေမှုန့် ကိုယ်၌ကပ်လျှင် အပါယ်မကျနိုင်။
မသူတော်၏ ဂုဏ်အလုံးစုံသည် သူတော်၏ ဂုဏ်တစိတ်ကိုပင် မမှီချေ။
* ယုတ်မာသည့် အလိုရှိနေလျှင် သူတော်ကောင်း မဖြစ်နိုင်။
သူတော်ကောင်း မဟုတ်လျှင် ပညာမရှိ၊
ပညာမရှိလျှင် ဘေးမကင်း။
ဘေးမကင်းလျှင် မှီခိုဖွယ်ရာမဟုတ်။
* ပလွှားတတ်သူသည် ကျမ်းဂန်တတ်သော်လည်း သူတော်ကောင်းမဟုတ်။
မသူတော်သည် ဗဟုသုတများသော်လည်း ပညာရှိမဟုတ်။
ပညာမဲ့သူသည် ဘုန်းကံကြီးသော်လည်း ဘေးကင်းအောင် မတတ်နိုင်။
ဘေးကင်းအောင် မတတ်နိုင်သူကို ဘေးကင်းလိုသူက မမှီခိုအပ်။
* သူကန်း မှန်အိမ်ဆောင်လျှင် ညဥ့်အခါ သူကောင်းဝင်၍မတိုး၊
မသူတော် တရားသံပါလျှင် လူလယ်တွင် လူတို့ အပြစ်မမြင်နိုင်။
* နားထိုင်း စောင်းသမား မိမိစောင်းသံမကြားသော်လည်း တီးဆိုသည်။
မသူတော် ဓမ္မကထိက မိမိတရားသံကို မကြားသော်လည်း ဟောခရသည်။
တရားဟောတတ်လျက် မကျင့်တတ်လျှင် မျောက် အုန်းသီးရသည်နှင့် တူ၏။


အထွေထွေ သြ၀ါဒ ---
* ကာလကို လူမစားလျှင် ကာလက လူကို စားသည်။
သူတပါးလှေကို ဖာနိုင်လျှက် မိမိလှေကို မဖာနိုင်လျှင် နစ်တတ်သည်။
ရွှေဥဒေါင်း အကတော်သော်လည်း စအိုပေါ်သဖြင့် အဆိုအမြည်ခံရသည်။
* ဒုက္ခကို မကယ်နိုင်လျှင် မတွယ်နှင့် ကိုယ်လွတ်ရှောင်ရမည်။
မသူတော်ကို မဟောနိုင်လျှင် မတွယ်နှင့် ကိုယ်လွတ်ရှောင်ရသည်။
* ရဟန်းများ ဆုံမိလျှင် တရားစကား ပြောကြသည်။ မပြောလျှင် ဆိတ်ဆိတ် နေကြသည်။
သစ်ပင် အားနဲလျှင် လေမုန်တိုင်း တိုက်လှဲသည်။
ရဟန်း သမာဓိ အားနဲလျှင် ကိလေသာမုန်တိုင်း တိုက်လှဲသည်။
ဓာတ်သည် တောမျောက်ကဲ့သို့ လော်လီ၏၊ အလိုမလိုက်ရ။
* ရှေ့ဆောင်နွားလား လမ်းကောက်သွား၊ နောက်နွား ကျားစာဖြစ်။
ခင်ကြီး ကျပ်ခိုးစင်တင်လျှင် ရှင်ငယ်တွေ ကျောင်းခေါင်တက်လိမ့်မည်။
(အာရုံတခု စွဲလျှင် ငါးမျှားချိတ်မြိုသော ငါးနှင့် တူ၏)
* မင်းစည်းစိမ်ကို မင်းသားက စိတ်ကူးသည်။ ဒွန်းစဏ္ဍားက အမှတ်ပင်မရ။
ရဟန္တာအဖြစ်ကို သူတော်ကောင်းကသာ စိတ်ကူးသည်။ မသူတော်တို့ သတိပင် မရ။
* ကုသိုလ်ရှိ၍ ဆင်ဖြူရသော်လည်း ဉာဏ်မရှိက မစီးရုံသာဖြစ်မည်။
ကုသိုလ်ရှိ၍ လာဘ်ပေါသူ ဉာဏ်မရှိလျှင် ပြိတ္တာဖြစ်မည်။
* လာဘ်သည် အသက်ကိုခွင်းသော မိုးကြိုးစက်ကွင်း ဖြစ်၏။
ဝါး၊ ကျူ၊ ငှက်ပျောကို အသီးကသတ်သည်။
ရဟန်းညံ့ လာဘ်သတ်သည်။ လာဘ်ရလျှင် အနိစ္စ-ဒုက္ခ-အနတ္တ-ဟု ကပ္ပိရမည်။
* လာဘ်ကို အလေးပြုလျှင် မိစ္ဆာဇီဝ ဖြစ်၏။ မိစ္ဆာဇီဝ စားသုံးလျှင် ဆေးမမှီ။
သမင်အလိမ္မာ အစာကိုသာ စား၊ သမင်မိုက်ကား ညွတ်ကွင်းမိသည်။
လာဘ်စည်းစိမ်သည် စိတ်ကူးတိုင်းမဖြစ်၊
အိပ်မက်မက်ကောင်းတုန်း ဆင်နင်းခံရသည်နှင့်တူ၏။
* ငရဲကြီးရှစ်ထပ်ကို ကမ္ဘာပျက် မီး-ကျွမ်းစေ၏။
မြေကြီးအထုကို ကမ္ဘာဖျက် ရေက ကြေမွစေ၏။
မြင့်မိုရ်တောင်ကို ကမ္ဘာဖျက် လေက လွင့်စေ၏။
မသူတော်ကို ဘယ်သူက ဘယ်သို့ ဖြစ်နိုင်သနည်း။
* မသူတော်ဟူသမျှသည် သံသရာ၌ မိဘဆွေမျိုး တော်စပ်ဖူး၏။
မသူတော်ကို အမှီပြုက မသူတော်သာ ဖြစ်မည်။ ကျား၏ သားသမင် မဖြစ်။


ပထမရွှေကျင်ဆရာတော်ကြီးကို ၁၁၈၄-ခု ၀ါဆိုလဆန်း ၁၃-ရက် အင်္ဂါနေ့တွင် ရွှေဘိုတောင်ဘက် ရွှေကျင်ရွာကြီး၌ ဦးမောင်မယ်+ဒေါ်မိတို့မှ ဖွားသန့်စင်ခဲ့သည်။ ၁၂၅၅-ခု တပေါင်းလပြည့်ကျော် ၇-ရက်နေ့ညတွင် နတ်ပြည်စံဝင်တော်မူသည်။ ထိုအချိန်က သက်တော် (၇၁)နှစ်သာ ရှိသေး၏။ ဆရာတော်ကြီး၏ အဆုံးအမများမှာ မှတ်သားဖွယ်ရာ ကောင်းလှသည်။ လူတို့အား နိဗ္ဗာန်နှင့် နီးစပ်သေချာလေ့လာပြီး လိုက်နာကြပါရန် မေတ္တာရှေ့ထားလျက် မှာကြားအပ်ပါသည်။


နီငြိမ်း (အညာတက္ကသိုလ်)
ပခုက္ကူ ဦးအုံးဖေ စာပေဆုရ


မှီငြမ်းပြု--
(၁) သာမဏေကျော်၏ ရွှေကျင်သြ၀ါဒများ။
(၂) ဦးသိန်းအောင်၏ ရွှေကျင်ဆရာတော်နှင့် တရား။
(၃) တိဿကောဝါဒ စကားပုံ အဆုံးအမများ(ရွှေကျင်ဆရာတော်)


(သြကာသ မဂ္ဂဇင်း ၂၀၀၈-ခု သြဂုတ်လ)

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP