*ကျွန်တော်နှင့် အဲဒီ့တုန်းက-၂ (သို့) ကျွန်တော်နှင့် အနတ္တ*
အဲဒီ့တုန်းက အကြောင်းတွေ ပြန်စဉ်းစားကြည့်တော့ ကျွန်တော် ၀ိပဿနာပိုင်းနဲ့ ပတ်သတ်ပြီး မိုးကုတ်ဆရာတော်ဘုရား တရားတော်တွေနဲ့ စတင် ထိတွေ့ခွင့် ရခဲ့တာပါ။ ဟိုး အရင့်အရင်က တရားတွေ နာခဲ့ပေမယ့် မယ်မယ်ရရ သိပ်မသိခဲ့ပါဘူး။ ယောင်ဝါးဝါး အဆင့်ပေါ့။ အဲဒီမှာ ကိုနန်းဝေဆီက ဆရာတော်ဘုရားရဲ့ တရားဆိုဒ်လင့်ခ်ရ၊ အဲဒီကနေမှ ကိုဝင်းမြင့် (http://thitsartayar.com/) နဲ့တွေ့လို့ မသိတာတွေ၊ နားမလည်တာတွေ မေးရင်း မေးရင်း မိုးကုတ်တရားတွေနဲ့ ရင်းနှီး အကျွမ်းဝင်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီမှာ ခန္ဓာငါးပါး အကြောင်းကို ကျွန်တော် နားမလည်ခဲ့ပါဘူး၊ အဲဒီတုန်းကတော့ ကိုယ့်ကိုယ်ကို နားလည်တယ် ထင်နေခဲ့တာ၊ ခန္ဓာငါးပါးကို ကျွန်တော် ဒီကိုယ်လုံးကြီး ထင်နေတာ။ ကျွန်တော် ကိုယ်တိုင်က လိုရာဆွဲတွေးတာ၊ နောက် တရားတွေ နှံ့နှံ့စပ်စပ် မနာဖြစ်တာလည်း ဖြစ်မှာပါ။ ဆရာတော် တစ်ပါးပါးရဲ့ တရားကို နားလည်အောင် စွဲစွဲမြဲမြဲမနာဘဲ ဟိုလျှောက်နာလိုက်၊ ဒီလျှောက်နာလိုက် စသဖြင့် အဲဒီ effect တွေလည်း နားမလည်ရတဲ့ အကြောင်းရင်းထဲ ပါမှာပါ။
အဲဒီကမှ အွန်လိုင်းတိုက်ရိုက် တရားတွေနာရင်း ပိုင်းလော့ဆရာတော် ဘုရားကြီး တရားပွဲနဲ့ ကြုံခဲ့ရပါတယ်။ အဲဒီတုန်းက နေဦး.. ကိုဝင်းမြင့်တို့ ကျေးဇူးနဲ့ စကိုက်ကနေ နာဖြစ်ခဲ့တာထင်တယ်။ အမေရိကမှာ ကျင်းပတဲ့ သင်တန်းတရားပွဲ၊ ငါးရက်၊ တစ်ရက်ကို လေးချိန်။ အဲဒီတုန်းက အမေရိကက အချိန်နဲ့ ကျွန်တော်တို့ဆီက စံတော်ချိန်က နေ့နဲ့ည၊ ကျွန်တော်တို့ဆီက ညဆိုတော့ အိပ်ချိန်ကြီး၊ အဲဒီမှာ ညဥ့်ဦးပိုင်းကစလို့ ဟိုး အရုဏ်တက်တဲ့ အချိန်အထိ လေးချိန်နာရတာ။ တစ်ချိန်နာလိုက်၊ နာရီသံပတ်ပေးပြီး အိပ်လိုက်၊ အဲဒီလို နာလိုက် အိပ်လိုက်နဲ့ နာဖြစ်ခဲ့တာ။ နှစ်ချိန်တော့ အိပ်တာ မနိုးတာနဲ့ လွတ်သွားတယ်။ အဲဒီကနေမှ အမေရိက မီနီဆိုးတားမှာ ထင်တယ်၊ ဆရာတော့် တရားပွဲ ငါးရက်တာ သင်တန်းကို ထပ်နာဖြစ်တယ်။ ဒီလိုနဲ့ ဆရာတော့် ကျေးဇူးနဲ့ ဆရာတော် ပေါင်းစုံရဲ့ အဆုံးအမတွေကို မှတ်သား နာယူခွင့် ရခဲ့သလို၊ ကျွန်တော်တို့ တရားရှုရမယ့် အရှုခံ ခန္ဓာငါးပါးသည် လက်ရှိ ခွေးဟောင်တဲ့ ကိုယ်လုံး ခန္ဓာကို ပြောခြင်း မဟုတ်ဘဲ၊ အာရုံနဲ့ ဒွါရက မွေးတဲ့ ခန္ဓာ ဆိုတာကို နားလည်ခဲ့ရပါတယ်။ တကယ့်ကို တန်ဖိုး မဖြတ်နိုင်တဲ့ အသိပါ။ ဆရာတော့် ရှင်းပြချက်အရ ဒီ အာရုံနဲ့ ဒွါရက မွေးတဲ့ခန္ဓာကို ရှုရမယ် ဆိုတာကလည်း မိုးကုတ်ဆရာတော်ဘုရား အဆုံးအမကနေ ရတာပါတဲ့။ ဒါက ခန္ဓာငါးပါးရဲ့ အကန့်။
ဒီနေရာမှာ ကျွန်တော် အဓိက ပြောချင်တာက အနတ္တရဲ့ အကန့်။ ပိုင်းလော့ဆရာတော် ဘုရား အလုပ်ပေးတရားက အနတ္တလက္ခဏသုတ်ကို အခြေခံပြီး ဟောတဲ့တရား။ နေတံမမ နေသောဟ မသ္မိ နမေသော အတ္တာ – ဤ အရာသည် ငါ့ဥစ္စာမဟုတ်၊ ငါမဟုတ်၊ ငါ၏ကိုယ် အတ္တမဟုတ် ဒါကို အခြေခံတာ။ ဒီ အနတ္တ ရှုနည်း သဘောကိုပဲ အသေးစိတ် ရှုနည်းရှင်းပြချက်တွေ ဆရာတော့်တရားမှာ အများကြီးပါပါတယ်။ ဆရာတော် ဟောနေတုန်း လိုက်ရှုရင်လည်း ရပါတယ်။ ဒါပေမယ့်.. ဆရာတော့် ရှင်းပြချက်တွေကို ဘယ်လိုပဲ နားလည်နားလည်၊ လိုက်ရှုလို့ ဘယ်လိုပဲ ရရ ကျွန်တော့်မှာ သံသယက ရှိနေတယ်။ ဘာကို သံသယ ဖြစ်လို့ ဖြစ်နေမှန်း မသိဘူး။ တစ်ယောက်တည်း ရွာပတ်နေတာ၊ သိချင်တာတွေ မေးရမယ့် သူကလည်းမရှိ၊ တစ်ချို့ နားမလည်တာတွေ ဆရာတော့်ကို တိုက်ရိုက်လျှောက်ချင်ပေမယ့် လျှောက်လို့ရမရနဲ့ တကယ် တကယ်၊ အူလည်လည်နဲ့ တိုင်ပတ်နေတာ။
ဆရာတော်ကတော့ ရှင်းပြပါတယ်။ ဒါဟာ ပဉ္စ၀ဂ္ဂီငါးပါး ရဟန္တာဖြစ်တဲ့ တရား၊ အရှင်ရာဟုလာ ရဟန္တာဖို့ကိုလည်း ဘုရားက ဒီတရားနဲ့ပဲ ဖြတ်ပေးသွားတာ၊ အခြားအခြားတွေမှာလည်း ဒီ အနတ္တတရားနဲ့ပဲ အဆုံးသတ်ပေးသွားတယ်.. စသဖြင့်..။ အဲဒီမှာ ပဉ္စ၀ဂ္ဂီငါးပါး ဒီတရားနဲ့ ရဟန္တာဖြစ်တယ် ဆိုတာ ကျွန်တော် ဖတ်ဖူးလို့ သိတယ်။ ဒါပေမယ့် အရှင်ရာဟုလာ ရဟန္တာ တာသည် ဒီတရားနဲ့.. အဲဒါကို မဖတ်ဖူးဘူး၊ ဘယ်နား ရှာဖတ်ရမယ်မှန်းလည်း မသိဘူး၊ နောက် အခြားအခြားတွေ.. အဲဒီ အခြားအခြားတွေ ဆိုတာကကော ဘယ်သူတွေလဲ.. ကျွန်တော် မသိဘူး၊ ဒါတွေကို ကျွန်တော် သံသယ သွားဝင်နေတယ်။ ဆိုလိုတာက တရားအပေါ် သံသယ ၀င်နေတာ။
ဒီလိုနဲ့ ဆရာတော့်ရဲ့ စင်္ကာပူ တရားစခန်းပွဲမှာ ဆရာတော့်ရဲ့ တရားတွေကို ထပ်နာဖြစ်တယ်။ ကြိုကြား ကြိုကြားမှာလည်း အရင် အမေရိကမှာ ဟောခဲ့တဲ့ တရားတွေကို ဒေါင်းထားပြီး ပြန်ပြန် နာဖြစ်ခဲ့ပါတယ်။ နာလွန်းလို့ ဆရာတော့် အာဘော်တွေ၊ အဆုံးအမတွေ ကို အလွတ်နီးပါး ရတဲ့ အထိပါပဲ။ အဲဒီ စင်္ကာပူ တရားပွဲမှာ မောဃရာဇ ပုဏ္ဏားကို ဟောတဲ့ တရားကို နာဖြစ်တယ်။ အတိုဆုံး ရှုနည်းတဲ့.. ဘယ်လိုရှုရမလဲ ဆိုတော့ “အခါခပ်သိမ်း အောက်မေ့မှု “သတိ” ရှိလျက်၊ မိမိကိုယ်ဟု စွဲယူမှု “အတ္တာနုဒိဋ္ဌိ” ကို နုတ်ပယ်၍ “လောက” ကို ဆိတ်သုဉ်းသောအားဖြင့် ရှုပါလော့”။ ဒီနေရာမှာ “လောက” ဆိုတာကို ခန္ဓာငါးပါး သိသဘော တစ်ချက်လို့ ဆရာတော်ဘုရားက အဓိပ္ပါယ်ဖွင့်တယ်။ လူတစ်ယောက်မှာ ဒီ သိသဘောတစ်ချက်သာ မရှိတော့ရင် (သေသွားရင်)၊ မိုးကုတ်ဆရာတော် ဘုရားစကားနဲ့ဆို နောက်စိတ်သာ မလာတော့ရင် လောက ဆိုတာလည်း ဘယ်ရှိပါတော့မလဲတဲ့။ ဒါကို နာပြီးမှ စိတ္တေန နီယတေ လောကော – စိတ်သည် လောကကို ဖန်တီး တည်ဆောက်ပေ၏ ဆိုတဲ့ ဟိုး ရှစ်တန်းလောက်က ကျက်ဖြစ်ခဲ့တာကို ပိုသဘောပေါက်သွားသလို ရှိတယ်။ ကျွန်တာ် သဘောပေါက်ပုံ ပေါက်နည်း မှားရင်လည်း မှားမှာပါ။ ဒါကထားတော့။
ခုန သံသယနဲ့ ပတ်သတ်လို့ ဆက်ပြောဦးမယ်။ နောက်ပိုင်း ကျွန်တော် ဆရာတော် တစ်ပါး (အရှင်ဝိသာရဒ) (http://www.shinhtoonaing.com/) ကိုမေးရင်း အရှင်ရာဟုလာကို ဟောတဲ့ တရားကို ဖတ်ဖြစ်ခဲ့တယ်။ ဒါတောင်မှ မင်းကွန်းဆရာတော် အမြဲမပြတ် နှလုံးသွင်းတာ ဒီ အရှင်ရာဟုလာကို ဟောတဲ့ စူဠရာဟုလော ၀ါဒသုတ္တန် (http://dhammaweb.net/tipitaka/f/F5/F5E.pdf) လာ တရား၊ ဘာတဲ့ “ဆပဉ္စက ဓမ္မ၀ိပဿနာ” တဲ့။ အဲဒီ “ဆပဉ္စက ဓမ္မ၀ိပဿနာ” ဆိုတာ ဘာကြီးလဲ.. အနတ္တတရား သံသယနဲ့ နားမလည်တဲ့ ကြားထဲ အဲဒီ “ဆပဉ္စက ဓမ္မ၀ိပဿနာ” ဆိုတာကြီးက ခေါင်းထဲ ထပ်ဝင်လာသေးတယ်။ ကျွန်တော့်ကိုက သိချင်တာ များနေတာလည်း ဖြစ်နိုင်ပါတယ်။ ကိုယ်နဲ့ ကိုက်မယ့် ဆရာတော်တစ်ပါးပါးရဲ့ နည်းကိုယူပြီး အားထုတ်လိုက်ရင် ပြီးနေတဲ့ ဥစ္စာ။ လူက ပေရှည်နေတယ်။ ဒါပေမယ့် အခုနောက်ပိုင်း မင်းကွန်းဆရာတော် ဘုရားရေးတဲ့ ဒီ “ဆပဉ္စက ဓမ္မ၀ိပဿနာ” လင်္ကာ (http://www.apymt.com/?p=2130) ဆိုတာကို ကိုမြတ်ငြိမ်းမိုး (ကိုရဲအောင်) (http://www.myanmarfamily.org/) ကျေးဇူးနဲ့ ဖတ်မိသွားတော့ ခေါင်းထဲ နည်းနည်းရှင်းသွားတယ်။ ခန္ဓာငါးပါးကို လက္ခဏာရေးသုံးပါး တင်ရှုတာပါပဲလား.. ဒီလို နားလည်လိုက်မိတယ်။
ဒီကြားထဲ မင်းကွန်းဆရာတော်ဘုရား ဟောကြားတဲ့ ၀ိပဿနာရှုနည်း တရားကို နာပြီး လူက ဟိုပင်ကူးရမလို၊ ဒီပင် ကူးရမလို ဖြစ်သေးတယ်။ စိတ်ဓာတ် မခိုင်ခံ့တာလားတော့ မသိဘူး။
ဝိပဿနာရှုပွားနည်း – မင်းကွန်းဆရာတော်ဘုရား
http://www.dhammadownload.com/MP3Library/MinGunSayadaw/004-MingunSayadaw-Vipassana.MP3
ဆရာတော် ဘုရားဟောတာက ၀င်လေ ထွက်လေကို ဂဏနနည်းနဲ့ သမာဓိယူ၊ ပြီးရင် ဒီဝင်လေ ထွက်လေကိုပဲ လက္ခဏာရေး သုံးပါးတင်ရှု ဒီလိုပါ။ ဘာပဲပြောပြော မင်းကွန်းဆရာတော်ဘုရား နှလုံးသွင်းတာကလည်း အရှင်ရာဟုလာကို ဟောတဲ့ တရားထဲက၊ နောက် လက္ခဏာရေး သုံးပါးဆိုတော့ ကျွန်တော် စိတ်ဝင်စားနေတဲ့ အနတ္တကလည်း ပါနေတော့ ပိုပြီး အားဖြစ်ရပါတယ်။ အော် ဆရာတော်ဘုရားကြီးတွေလည်း ဒါကိုပဲ နှလုံးသွင်းကြတာပါလား ဆိုတာ ကိုယ်တိုင် ဖတ်သိလိုက်ရတော့ တရားအပေါ် ယုံကြည်မှုကလည်း ပိုပြီး တိုးလာပါတယ်။ တစ်ယောက်တည်း တရားစာတွေဖတ်၊ တရားတွေနာရင်း ယုံကြည်မှု တည်ဆောက်ရတာ သူများတွေ အတွက်တော့ မသိဘူး၊ ကျွန်တော့်အတွက်တော့ တော်တော် မလွယ်တဲ့ ကိစ္စဆိုတာကိုလည်း ပိုပြီး သဘောပေါက်လာတယ်။
အဲဒီတော့ ဘာဖြစ်လဲ.. သံသယဖြစ်တော့ ပိုလို့ ရှာဖွေဖတ်ရှုဖြစ်တယ် ပြောရမယ်။ ဒီလို အနတ္တ ဟောတဲ့ တရားတွေကို ရှာဖွေ ဖတ်ရှုရင်း မဇ္ဈိမနိကာယ်၊ မူလပဏ္ဏာသမှာလာတဲ့ ထိပ်ဆုံး ဆယ်သုတ်ထဲက သလ္လေခသုတ် (http://dhammaweb.net/tipitaka/d/D11/D1H.pdf) မှာ မဟာစုန္ဒကို ဘုရားရှင် ဟောတဲ့ထဲမှာ “ဤခန္ဓာငါးပါးသည် ငါ့ဥစ္စာမဟုတ်၊ ဤခန္ဓာငါးပါးသည် ငါမဟုတ်၊ ဤခန္ဓာငါးပါးသည် ငါ၏ကိုယ် အတ္တမဟုတ်” ဒီလို ရှုရမယ်ဆိုတာကို ဖတ်မိတော့.. ဟာ အနတ္တလက္ခဏာ သုတ်မှာလည်း ဒီလိုပါတယ်၊ စူဠရာဟုလော ၀ါဒသုတ်မှာလည်း ပါတယ် ဆိုပြီး တော်တော် ၀မ်းသာသွားမိတယ်။ တခြား သုတ်တော်တွေမှာလည်း ဒါမျိုးတွေ ဟောထားတာ ရှိမှာပဲ ဆိုပြီး ပိုပြီး ယုံကြည်မှုက အစွမ်းကုန် တိုးသွားတယ်။ ဒီကြားထဲ သညာဆယ်ပါး ပွားပုံအကြောင်းကိုလည်း ဖတ်မိတော့ တရားအပေါ် ယုံကြည်မှုက အတိုင်းထက် အလွန်ပေါ့။ ဘာလို့လဲ ဆိုတော့ ဒီ သညာဆယ်ပါးထဲမှာ အနတ္တသညာ ပွားပုံအကြောင်းက ပါနေတယ်လေ။ သာဓု၊ သာဓု၊ သာဓု.. ကောင်းလိုက်တဲ့ တရားတွေပါလား။ တစ်ခုနဲ့ တစ်ခု ချိတ်ဆက်မိတော့လည်း သူ့ဟာနဲ့သူ ဟုတ်နေတာပါပဲ။
သညာဆယ်ပါး နာနာပွား
ဒီကြားထဲမှာလည်း အနတ္တနဲ့ ပတ်သတ်တဲ့တရားတွေ နာဖြစ်၊ ဒေါင်းလုပ် ချဖြစ်ပါသေးတယ်။ နာဖြစ်တာက အရှင်ဇ၀န ဟောတဲ့တရား၊ နောက် ဒေါင်းလုပ်ချဖြစ်တာက မဟာစည် ဆရာတော်ဘုရားကြီးရဲ့ အနတ္တလက္ခဏသုတ်အကြောင်း ဟောတဲ့တရား.. အားလုံးပေါင်း ၁၇-ပိုင်း။ ဒီ ၁၇-ပိုင်း ထဲမှာမှ တစ်ပိုင်းပဲ နာရသေးတယ်။ အချိန်အားရင်တော့ နာရဦးမယ်။
အနတ္တလက္ခဏသုတ် တရားတော် (အခွေ-၁)
ခုန အပေါ်က ကျွန်တော်ရေးလိုက်တဲ့ မောဃရာဇ ရဟန်းကို ဟောတဲ့ တရားနဲ့ပတ်သတ်ပြီး တိုက်တိုက် ဆိုင်ဆိုင် မိုးကုတ်ဆရာတော် ဘုရား ဟောတဲ့တရားမှာ ထပ်နာဖြစ်လိုက်သေးတယ်။ တိုက်ဆိုင်ပုံလေးတွေ ပြောပါတယ်။ “သုညတ (အနတ္တ) ဆိုက်အောင် ရှုနည်း” တဲ့။ အဲဒီမှာတောင် ဆရာတော်ဘုရား တရားတွေကို သူများဆီက အခွေတောင်းပြီး ကူးထားတာ၊ အပုဒ်ပေါင်း ၉၅၈-ပုဒ်၊ အပုဒ် နံပါတ်ပဲပါတယ်။ ဘာတရားဆိုတဲ့ တရားခေါင်းစဉ်က မပါဘူး။ ဒီမှာလည်း ကျွန်တော့် ဉာဉ်အတိုင်း တရားပုဒ်ရေ ၉၅၈-ပုဒ်မှာ အောက်ဆုံးနားကနေ random နာလိုက်တာ၊ အပုဒ် ၉၄၀-မှာ ဒီတရားကို နာဖြစ်တော့တာပဲ။ အခု ကျွန်တော် ဒီတရားတော်ကို တင်ပေးလိုက်ပါတယ်။ အော် သဗ္ဗေဓမ္မာ အနတ္တာ.. တဲ့။ နှစ်နှစ်ခွဲ သုံးနှစ်နီးပါး ရောက်မှပဲ အနတ္တနဲ့ ပတ်သတ်ပြီး တရားတော်အပေါ် ယုံကြည်မှုတွေ ခိုင်မာခဲ့တော့တယ်။
သုညတ(အနတ္တ)ဆိုက်အောင်ရှုနည်း (မောဃရာဇ ရဟန်းကို ဟောသောတရား) by pyaesoneaung
ကျွန်တော်နှင့် အဲဒီ့တုန်းက-၁ (http://www.apymt.com/?p=2191)
လေးစားရိုသေစွာဖြင့်
ဖိုးသား


0 comments:
Post a Comment