* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, February 6, 2011

လိုအပ်လျှင် အချိန်မရွေး

တစ်စုံတစ်ယောက်သောသူသည် ငါ၏နှလုံးသားကို တောင်းလာအံ။ ငါသည်ရင်ကိုခွဲ၍ ထိုသူအား ပေးအံသတည်း။ငါ၏မျက်စိအစုံကို အကယ်၍တောင်းလားအံ့၊ အစုံသောမျက်စိကို ငါထုတ်၍ ပေးအံ။
အကယ်၍ ကိုယ်၏အသားကို တောင်းလာအံ့၊ ဓားငယ်ဖြင့် အသားကို လှီးဖြတ်၍ပေးအံ။ 
(ဝေဿန္တရာ)
ဝေဿန္တရာမင်းသားလေးသည် အသက် (ဂ) နှစ်မျှသာရှိသေးသည်၊ အရွယ်နှင့်မလိုက်အောင်ပင် စိတ်ကူး ချက်တို့က မြင့်မြတ်လှသသည်။ ကုသလစ္ဆန္ဒပြင်းလှသည်။ ပြင်ပ ပစ္စည်းဝတ္ထုများ လှူရရုံဖြင့် အားမရပဲ မိမိ နှလုံးသားကို ဖွင့်၍၄င်း၊  မျက်စိအစုံကိုဖေါက်၍၄င်း၊ အသားအသွေးတို့ကိုထုတ်၍၄င်း လှူဒါန်းရန် ပြင်းပြင်းပြပြ စိတ်အကြံတော်ဖြစ်ပေါ်ခဲ့သည်။ ဤမြင့်မြတ်သော ဆန္ဒအဟုန်၏ ပြင်းထန်မှု ကြောင့်ပင် မဟာပထဝီမြေကြီးသည် အမုန်ယစ်သော ဆင်ပေါက်ကဲ့သို့ သည်းစွာသော အသံပြုလျက် တုန်လှုပ်ခဲ့လေသည်။
စာရေးသူကား အသက်၃၂ နှစ်မျှခဲ့ပါပြီ၊ ဝေဿန္တရာမင်းသားလေး၏ အကြံမျိုးတစ်ခါမျှ မဖြစ်ခဲ့မိ သေးပါ။ အသွေး အသားကိုထုတ်၍ လှူဘို့ဆိုသည်မှာ ဝေးလာဝေးထဲကဖြစ်ပါသည်။ သို့သော်လှူရန် အကြောင်းက ဆုံစည်းလာခဲ့သည်။ နတ်တော်လဆုတ် ၅ ရက် စာရေးသူနှင့်ငယ်သူငယ်ချင်း၊ တနယ်တည်း သား ဦးဇင်းတစ်ပါး မန္တလေး သံဃာ့ဆေးရုံကြီးတွင် တင်ထားရသည်။ သွေးလိုနေသည်၊ လာ၍လှူပါရန် ဟူသော ပန်ကြားချက်ဖြင့် အခေါ် ရောက်လာသည်။ စာချနေရင်းကပင် ထ၍လိုက်လာခဲ့ရသည်။ ဆေးရုံကို ရောက်သောအခါ လူမမာကိုတွေ့ရပါပြီ၊ အရိုးပေါ် အရေတင်လျှက်သာတည်း။ မျက်ကွင်းဟောက်ပက်ဖြင့် မျက်စိများမှာ ချိုင့်ဝင်နေ၏။ အသားအရောင်ကမူ ကျောက်ဖရုံသီးဖြင့် ပြွမ်းထားသော ဝက်သား ကဲ့သို့ ဖတ်ဖတ်ဖြူနေ၏၊ စကားသံပင် မပီ၊ သဲ့သဲ့မျှသာပြောနိုင်ရှာ၏။ ဝမ်းရှောနေသည်မှာ ငါးရက်ခန့်မျှရှိရာ ယနေ့ထိ မရပ်သေးဟုဆိုပါသည်။ သမားတော်ကြီးများကမူ အူထဲတွင်ရောဂါပိုးရောက်ရှိ နေသည်ဟုပင် ယူဆကြကြောင်း သိရသည်။ စာရေးသူကား မလွှဲမရှောင်သာ၍ အရဲကိုးလာခဲ့သော်လည်း အလွန်ကြောက် တတ် သူဖြစ်ပါ၏။
ဆေးပင်များများစားစား မထိုးခဲ့ဘူးပါ၊ မိခင်တိုက်သို့ရောက်စ ( ဆယ်နှစ်သား အရွယ်)တွင် အဆုတ် ရောဂါ ကာကွယ်ဆေးလာ၍ အထိုးခံရဘူးသည်။ ပခုံးတွင်ထိုးသည် အောင့်လွန်း စပ်လွန်း သဖြင့် ''ချုံးမဲချ'' ငိုခဲ့ရဘူးရာ၊ ထိုအခါမှစ၍ ကြောက် တတ်လာခဲ့ပါသည်။ သွေးဖောက် ယူသည် အပ်တုတ်တုတ်ကြီးများကို မြင်ဘူးပြန်ရာ ပို၍ပင်ကြောက်စိတ် ဝင်ခဲ့မိပါသည်။
သို့သော်စာရေးသူကား ''မရဲသော်လည်း-ပြေးခဲစေ''ဆိုသော စကား ကဲ့သို့၎င်း၊ ''ဟန်ကိုယ့်ဘို့'' ဆိုသော စကားကဲ့သို့၎င်း၊ ကိုယ်စိတ်ကို ရဲဆေးတင်၍ သွေးလှူမည်ဖြစ်ကြောင်း သက်ဆိုင်ရာသို့ သတင်း ပို့လိုက်ပါသည်။ 
မန္တလေးအမျိုးသား သွေးလှူဘဏ် ဌာနခွဲသို့ ရောက်ခဲ့ပါပြီ၊ အခန်း ၁ ၊ အမှတ် ဂ-လူနာအတွက်  သွေးလှူလာကြောင်း ဆိုင်ရာသို့အသိပေးလိုက်ပါသည်။ ''ခဏထိုင်စောင့်ပါဦး''ဟု ဆို၏။ သူပြောသည့် အတိုင်းထိုင်၍ စောင့်နေလိုက်ရသည် မှာ ၃ နာရီခန့်မျှ ကြာသည်၊ ခဏဆို၍သာ တော်ပါသေးသည်၊ တစ်နာရီလောက် စောင့်ပါဟုဆိုလျှင် ထိုသွေးလှူဘဏ်၌ တစ်ဝါဆိုနေရမည်လားမသိချေ။ မတ္တရာမြို့ အ.ထ.က မှ ဆရာ-ဆရာမ ကျောင်းသား ကျောင်းသူ ၅ဝ-ကျော်တို့သည် ဥပဒေ မူကြမ်းထောက်ခံသည့် အနေဖြင့် သွေးလှူလာကြရာ သူတို့အားလုံးကို သွေးဖောက် ယူပြီးမှပင် စာရေးသူအလှည့် ရောက်ခဲ့ပါ၏။ ကုတင်ပေါ်သို့လှဲလိုက်သည်နှင့် ''သင့်သွေးတစ်စက်ဖြင့် လူတစ်ယောက်အသက်ကိုကယ်ပါ''ဟူသော ဆေးရုံနံရံများမှ ပိုစတာကြီးများ မျက်စိထဲတွင်ပေါ်လာသည်။ ''ငါ၏သွေးဖြင့် လူတစ်ယောက်၏ အသက်ကို ကယ်တင်ခွင့်ရတော့မှာပါလား'' ဟူသော အသိနှင့်အတူ ဝမ်းသာကြည်နူးမူ ရွင်လန်းအားတက်မူတို့ကို မျိုးမျိုး မျက်မျက်ကလေးခံစားလိုက်ရသည်။
ဒေါက်တာဌေးလှိုင်သည် စာရေးသူ၏သွေးကို ချိန်၍ကြည်နေ၏၊ နားကြပ် ဖြင့်ထောက်ကာ ထောက်ကာ သွေးခုန်နှုန်းကိုနားထောင်၏။ တစ်စုံတစ်ရာရောဂါ ရှိ မရှိ စစ်ဆေးလျှက်ရှိ၏။ အားရကျေနပ် သွားသည်အခါ သွေးကိုဖောက်ယူရန် အသင့်ဖြစ်သွားလေသည်။ စာရေးသူကား မိမိစိတ်ကို လက်မောင်းသို့ လည်း အရောက်မခံ၊ ဖောက်မည်အပ်ကြီးဆီသို့လည်း အရောက်မခံ၊  အလောင်းတော် သိဝိမင်းကြီးနှင့် ညီတော်အာနန္ဒာအလောင်း သမားတော်ကြီး ၂ ဦးအကြောင်းကိုသာ တွေးနေမိလိုက်သည်။
သမားတော်။        ။အရှင်းမင်းမြတ် မျက်လုံးတော်ကို မလှူသင့်ပါ၊ အခြားသော နည်းလမ်းဖြင့် ဤပုဏ္ဏားကို ချမ်းသာအောင်ထားနိုင်ပါသည်၊ ဘုရင်မင်းဆိုတာ မျက်လုံးကွယ်နေလို့ မတင့်တယ်ပါ။
သိဝိမင်းတရား။        ။သမားတော် စကားမများနှင့် မျက်လုံးကိုသာထုတ်။
အမျိုးမျိုးသောနည်းဖြင့် တောင်းပန်သော်လည်း မရသောကြောင့် သမားတော်သည် မျက်လုံးကို ဆေးဖြင့်သုတ်လိမ်းလိုက်ရာ တခါ တည်း မျက်လုံး စူတက်၍လာလေသည်။
သမားတော်။    ။အရှင်မင်းမြတ် ပင်ကိုယ်အတိုင်းဖြစ်အောင်တတ်နိုင်ပါသေးသည်၊ စဉ်းစားတော်မူပါအုံး..။
မင်းတရား။    ။သမားတော်စကားမများနှင့် ထုတ်သာထုတ်လိုက်။
ထိုနောင်ဆေးဖြင့် ထပ်တို့လိုက်ရာ မျက်လုံးတော်အစုံသည် အပြင်ဘက်သို့ ထွက်လာပြီးလျှင် မျက်ကြောမျှင်များဖြင့် အောက်သို့တွဲလျားကျလာလေသည်။
သမားတော်။    ။အရှင်းမင်းမြတ် စဉ်းစားတော်မူပါအုံး၊ ပင်ကိုယ်အတိုင်း ဖြစ်အောင် တတ်နိုင်ပါသေးသည်။
မင်းတရား။    ။(ဆတ်ဆတ်တုန်အောင် နာကျင်သည်မျှ ဂရုစိုက်တော်မမူပဲ) စကားမများနဲ့သမားတော် ဖြတ်သာ ဖြတ်လိုက်။
ထိုနောင်မည်သည် နည်းနှင့်မျှတောင်းပန်မရသဖြင့် မျက်ကြောများကို ဓားဖြင့်ဖြတ်လျှက် မျက်လုံးတော် နှစ်ဘက်ကို ဆက်သရရှာလေသည်။ ထိုအခါ မင်းတရားသည် မျက်စိမမြင်ဘဲလျှက် နှစ်သက်ရွင်ပျစွာ မျက်လုံးနှစ်ဘက်ကို ပုဏ္ဏားလက်သို့ ပေးအပ်တော်မူရှာသည်။
အလှူရဲသည့် သိဝိမင်းတရား၏ ဤဖြစ်ရပ်လေးကို တွေးလိုက်မိသောအခါ  မိမိအလှူသည် စာမဖွဲ့ လောက်သေး၊ သွေးထိတ်ဖွယ် ကြောက်ဒူးတုန်ဖွယ် မရှိသေးဟု နားလည်လာသည်။ ထိုစဉ်ဒေါက်တာ ဌေးလှိုင်သည် စားရေးသူ၏လက်မောင်းကို အပ်ဖြင့်ထိုးစိုပ်ကာ  သွေးကိုဖောက်ယူလိုက်၏၊ ပုရွက်ဆိတ် ကိုက်သလောက် သာဖြစ်၏၊ ဆေးထိုးရသလောက်ပင် နာကျင်၏။
စောစောပိုင်းက ချိတ်ဆွဲထားသော သွေးလှူရှင်ဓာတ်ပုံများကို လျှောက်ကြည့်ခဲ့မိသည်။ ဆယ်ကြိမ် ထက်မက သွေးလှူဘူးသူကိုတွေ့ရ၏၊ မတ္တရာ မြို့မှ အသက် ၄၅ နှစ်ရှိ ဦးမောင်ကြီးဆိုသူကား ၂၉ ကြိမ်ထိ စံချိန်တင်ထား သူဖြစ်သည်။ သူတို့ကိုကြည့်၍ စားရေးသူတအံတသြဖြစ်ခဲ့၏၊ အာဂ သတ္တိရှင်တွေ အဖြစ်မြင်ခဲ့မိသည်။
ယခုလို ကိုယ်တိုင် ဖောက်ယူခံရသောအခါမူ သိပ်မအံသြချင်တော့၊ ဆေးဘက် ဆိုင်ရာ သိပ္ပံပညာ ခေတ်မှီ တိုးတက်မူကြောင့် အလွန်ပင် သက်တောင့် သက်သာရှိလှသည်။ မွန်မြတ်သည့် ဇီဝိတဒါန အလှူကြီးကို မည်သူမဆို အလွယ်တကူပင် ပြုလုပ်နိုင်ပေတော့သည်။ စာရေးသူလို သူရဲဘော ကြောင်သူပင် ကြောက်ရွံစိတ် မရှိတော့၊ ၁၅ မိနစ်ခန့်ကြာလျှင် သွေးထုတ်ယူခြင်းကိစ္စပြီးသွားတော့သည်။ ၃ မိနစ်ခန့်မျှ ကုတင်ပေါ်တွင် နားနေပြီး ထလိုက်သည်နှင့် အမျိုးသား သွေးလှူဘဏ်ဌာနခွဲ၏ အုတ်နံရံ၌ သင်္ဘောဆေးဖြင့် ရေးထားသော ကဗျာလေးတစ်ပုဒ်ကို တွေ့ရသည်။
အသက်သည်သွေး
သွေးသည်အသက်၊ ဦးတည်ချက်ကို
ရင်ထက်ယုံကြည်၊ စိတ်မွန်ရည်ဖြင့်
ငါသည်သွေးလှူခဲ့တကား။   
ငါးသွေးသက်ဖြင့်၊ စိမ်းကျက်မဟူ
ရန်သူမိတ်ဆွေ၊ မခွဲလေပါ
ဝေဒနာကင်း၊ သက်ရှင်ခြင်းသာ
ရင်တွင်းငါ၏ ဆန္ဒတည်း။
စာရေးသူ၏ ရင်ဝယ်ကြည်နူးမူပီတိလှုင်းလေးများ ရိုက်ခတ်၍သွားတော့သည်။ ဝေဿန္တရာ မင်းမြတ်ကဲ့သို့ သားတော် သမီးတော်များ မရှိသဖြင့် မလှူနိုင်ပါ၊ မယ်မဒ္ဒီအလား ကြင်သူသက်ထား မရှိလည်း မလှူနိုင်ပါ၊ သို့သော် မိမိပိုင်ဆိုင်သည် သွေးတစ်စက်ကိုကား နှစ်သက်ရွှက်ပြ အားပါးတရပင် လှူလိုက်နိုင်ပေပြီတကား။
လာရင်းကိစ္စပြီးဆုံးပြီဖြစ်၍ ဆရာ ဆရာမတို့ကိုပြန်ရန် နှုတ်ဆက် လိုက်ပါသည်။ ထိုနောင် စာရေးသူ၏ ရင်ထဲ အသဲထဲမှ လှိုက်လှိုက်လှဲလှဲ ထွက်ကျ လာသော စကားတစ်ခွန်းဖြင့် ဆရာ ဆရာမ တို့ကို ဖိတ်ကြားခဲ့ပါသည်။
''ဦးဇင်း၏သွေးက (အေဘီ) အမျိုးအစားပါ၊ ဘယ်လူနာအတွက်မဆို လိုအပ်ရင် အချိန်မရွေး အကြောင်း ကြားပါ'' ဟူသတည်း။    ။ 

အရှင်မဟောသဓ ပဏ္ဍိတ
၇.၃.၇၄
ဓမ္မဗျူဟာ (အတွဲ ၁၂၊ အမှတ် ၁၂)

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP