* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, January 28, 2011

ကိုယ့်တာ ကိုယ်လုံအောင်

''ပိဋကတ်မြန်မာပြန် အတော်များများ ဖတ်ဖူးပါတယ်။ ဗုဒ္ဓမြတ်စွာ တရားဟောတော့မယ်ဆိုရင် ရဟန်းများကိုသာ ခေါ်လေ့ရှိတာကို သတိပြုမိပါတယ်၊ ဒီတရားတော်တွေဟာ လူတွေနဲ့ မသတ်ဆိုင်လို့ ပါလား''
ဤကား လူရွယ်လေးတဦး၏ အမေးတည်း။ သူဤသို့ သိချင်နားလည်ချင်၍မေးသည်ကို စာရေးသူ ကျေနပ်ဝမ်းမြောက်လှပါသည်။ ပိဋကတ်မြန်မာပြန်တွေ အတော်တော်များများ ဖတ်ဖူးသည် ဆိုသဖြင့် လေးစား၍ပင် သွားသည်။ မှန်ပါသည်၊ ငယ်ငယ်ရွယ်ရွယ်ဖြင့် ပိဋကစာပေများကကို လေ့လာမှတ်သား ဘို့မှာ မလွယ်ကူပေ။ ဘုရား တရား စာပေတွေဖတ်ရှုကြရလျှင် ဆေးခါးကြီး သောက်ရသလို နှာခေါင်းရှုံ့ ချင်သူတွေသာ များသည်မဟုတ်ပါလော။ ယခုအခါတွင် ကမ္ဘာအေး ဗုဒ္ဓသာသနာအဖွဲ့မှ ပိဋကတ် မြန်မာပြန်များ ရိုက်နှိပ်ဖြန့်ချီ လိုက်ရာ လူအတော်များများပင် လေ့လာဖတ်ရှုနေကြသဖြင့် ဝမ်းမြောက် ဂုဏ်ယူဖွယ်ပင်ဖြစ်သည်။ တခါကလည်း ဤလူရွယ်လေး တဦးကဲ့သို့ပင် လူမှုရေး ဘာသာရေးဘက်တို့၌ လူအားငွေအားတို့ဖြင့်သွန်မှောက်လျက် အစွမ်း ကုန်ကြိုးစားနေသော ဒါယကာကြီးတဦးက မေးဘူးသည်။ သူ၏အမေးကား ဤသို့တည်း။
''ဆန်ဆိုး ဆန်ကောင်း ထောင်းမှသိ၊ လူဆိုးလူကောင်း ပေါင်းမှသိ ဆိုတာလို သံဝါသေန သီလံ ဇာနိတဗ္ဗံ- တဦးနဲ့တဦး ပေါင်းသင်းကြည့်မှ ကိုယ်ကျင့်သီလရှိ-မရှိသိနိုင်တယ်လို့ ကောသလသံယုတ်မှာ မြတ်စွာဘုရား မိန့်ထားပါတယ်၊ ဘယ်နှစ်ရက်ကြာမှ ဘယ်နှစ်နှစ်ကြာမှ သိနိုင်မယ်ဆိုတာ အဋ္ဌကထာ ဋီကာများမှာ ဖွင့်ထားတာ ရှိပါသလား၊ တပည့်တော်တို့ လူလူချင်းပေါင်းကြည့်လိုက်ရင် လေးငါးရက် လောက်နဲ့ပဲ အကဲဖြတ်လို့ရပါတယ် ဘုရား''တဲ့။
''ကြာကြာလဲပေါင်းကြည့်မှ၊ သတိလဲထားမှ၊ စူးစမ်း စီစစ်တတ်တဲ့ဥာဏ်လဲရှိအုံးမှ သိနိုင်တယ်လို့ ပါဠိတော်မှာပဲ တိုက်ရိုက်ဟောထားပါတယ်။ ဘယ်နှစ်ရက် ဘယ်နှစ်နှစ်ပေါင်းမှရယ်လို့ ကန့်သတ်ချက်တော့ မရှိပါဘူး''ဟု စာရေးသူ ပြန်လည်ဖြေကြားလိုက်ရပါသည်။ ဤအကြောင်းလေးများကို ဖေါ်ပြနေသည်မှာ အကြောင်းရှိပါသည်။ ယနေ့လူတို့သည် အရာရာတွင် လေ့လာကြသည်။ စူးစမ်းကြသည်။ သိချင်တတ်ချင် နားလည် ချင်ကြသည်။ ပိဋကမြန်မာပြန်တို့၏ ကျေးဇူးကြောင့် လူအတော်များများသည် ဘုရားဟော ပိဋကတော်များ၌ နှံ့စပ်သိကျွမ်း နေပြီဆိုသည်ကို ရဟန်းတော်များ သိရှိတော်မူကြရန်ပင်ဖြစ်ပါသည်။
မိမိတို့ကိုယ်တိုင်က ပိဋကတော်များ၌ နှိုက်ချွတ်လေ့လာခြင်းမရှိပဲ ယင်းသို့နားလည်လိုသူများက တရားသဖြင့် မေးမြန်းကြရာ၌ အထက်စီးကနေ၍ ငေါက်ငမ်းခြင်း စိတ်ဆိုးခြင်းများ အလျင်းမပြုမိ ရန်ပင်ဖြစ်သည်။ ဤသို့ ဘုရားဟောစာပေတို့ကို လေ့လာသူများ စိတ်ပါဝင်စားစွာဖြင့် မေးမြန်လာသူကို ဘုရားသားတော် အမည်ခံ ရဟန်းတော်များက များစွာကြိုဆိုထိုက်ပေတော့သည်။ မြန်မာကို မြန်မာကသိရန်၎င်း၊ မြန်မာကို ကမ္ဘာကသိရန်၎င်း၊ ကမ္ဘာကို မြန်မာကသိရန်၎င်း၊ ကြိုးပမ်းကြရမည်မှာ အမျိုးကို ချစ်သောယနေ့မြန်မာတို့၏ သမိုင်းပေးတာဝန်ပင် ဖြစ်သကဲ့သို့ ဗုဒ္ဓသာသနာတော်ကို အရင်း အမြစ်ကျကျ မြန်မာတို့သိရန်၎င်း၊ ကမ္ဘာကသိလာရန်၎င်း ကြိုးစားရမည်မှာ သာသနာကိုချစ်သော သာသနာ့ ဝန်ထမ်း ရဟန်းတော်များ၏ တာဝန်ပင်ဖြစ်သည်။
စာရေးသူသည် အထက်ပါလူရွယ်လေးတဦး၏ အမေးကို ဖြေဆိုချင်သဖြင့် ဤဆောင်းပါးကို ရေးဖြစ်ရသည်။ သံယုတ်အဋ္ဌကထာ၌ မိန့်ဆိုချက်များကို မှီငြမ်းပြု၍ ဖေါ်ပြပါမည်။ ''ဘိက္ခု-ရဟန်း''ဟူသည် ဘိက္ခတိ ယာစတိ သီလေနာတိ ဘိက္ခု-တောင်းရမ်း စားသောက်နေရသောကြောင့် ရဟန်းဟုခေါ်ဆိုခြင်းဖြစ်သည်။ ''ပေးကြပါ ကမ်းကြပါ''ဟု ပါးစပ်မှ ထုတ်ဖေါ်မတောင်းသော်လည်း အိမ်စဉ်လှည့်ပတ်၍ဆွမ်းရပ်ခြင်းသည် အရိယာတို့၏ တောင်းခံနည်း တမျိုးပင်ဖြစ်သည်။ ရဟန်းတို့၏ အသက်ရှင်ရေး(ဘဝရပ်တည်ရေး)သည် သူပေးလူပေး စားနေရသဖြင့် သူတပါးတို့နှင့် လုံးဝဆက်စပ် လျက်ရှိသည်။ ဗုဒ္ဓမြတ်စွာသည် သားရဟန်းတို့ကို ''ဘဝမေ့သူများ'' မဖြစ် စေချင်ပေ။ သူပေးလူပေး စားသောက်နေရသည့် ဘဝ၌ အချည်းအနှီး မာန်မာနတွေတတ်ကြွား၍ ပလွှားခြင်းကို လိုလားတော်မမူ။ အမြဲတမ်းမာန်မာနကို နှိမ့်ချသူများ ရိုးရိုးကုတ်ကုတ်ဖြင့် တရားကို အားထုတ်နေသူများသာ ဖြစ်စေချင်သည်။ ထို့ကြောင့် တောင်းခံစားသောက်နေရသည့်ဘဝကို မမေ့စေရန်အတွက် ''ဘိက္ခဝေ-အိမ်စဉ် လှည့်ပတ်၊ ဆွမ်းကိုရပ်လျက်၊ မပြတ်အမှန်၊ တောင်းခံရငြား၊ ရဟန်းများတို့''ဟု တရားမဟောမီ ရှေးဦးစွာ ရဟန်း တို့ကို ''အာလုပ်''ပြုတော်မူခြင်းဖြစ်သည်။
ထို့ပြင်ရဟန်းတို့အား တရားတော်ကို ကောင်းစွာ နာယူစေလိုသည့်အတွက်''ရဟန်းတို့''ဟု အာလုပ်မြွတ်တော်မူခြင်းဖြစ်သည်။ တရားမဟောမီထိုသို့ ခေါ်လိုက်ခြင်းအားဖြင့် တရားတော်၌ ကောင်းစွာ စိတ်စိုက်လာစေသည်။ မှန်၏။ သာသနာတော်၏ ပြည့်စုံခြင်းသည် ကောင်းစွာစိတ်စိုက်ခြင်း၊ နှလုံးသွင်းခြင်းတည်း။ ''သုတံ ပညာယ၀ဍ္ဎုနံ-အသိအလိမ္မာ ဥာဏ်ပညာတိုးပွားခြင်းသည် စိတ်စိုက်မှတ်သား နာကြားခြင်းပင်တည်း''ဟု ဆိုထားသည်မဟုတ်ပါလော။ တနည်းအားဖြင့်လည်း ''ရဟန်းတို့'' ဟုမခေါ်ဘဲဟောလိုက်လျှင် အချို့ရဟန်းများစိတ်ပျံ့လွင့်နေ၍၄င်း၊ တရားဆင် ခြင်နေ၍၄င်း၊ ကမ္မဋ္ဌာန်း နှလုံးသွင်းနေ၍၄င်း၊ စုံစုံစိစိ မကြားနာလိုက်ရပဲရှိမည်။ ထိုသို့မကြားလိုက်ရသဖြင့် ဘုရားသျှင်ကို ဤတရားကို ဘယ်မြို့မှာဟောသည်။ ဘာကြောင့်ဟောသည် စသည်ကို မမှတ်သားနိုင်ပဲ အလွဲလွဲ အမှားမှားသော်လည်းဖြစ်မည်။ သို့မဟုတ် လုံးဝမမှတ်သားလိုက်နိုင်ပဲသော်လည်းရှိမည်။ ထို့ကြောင့် စိတ်စိုက် မှတ်သား စေတော်မူလို၍လည်း ရဟန်းတို့ကို ခေါင်းတပ်ခေါ်တော်မူခြင်း ဖြစ်ပါသည်။
ဤတွင် လူရွယ်လေးတဦး မေးသကဲ့သို့ပင် ''တရားနာ ပရိသတ်တွင် အခြားအခြားသော နတ်လူ တွေရှိပါလျက် အဘယ့်ကြောင့် ရဟန်းတို့ကိုသာ ရွေး၍ခေါ်တော်မူရပါသနည်း၊ မျက်နှာလိုက်၍ ရဟန်းတို့ကိုသာ ခေါ်တော်မူခြင်းလော''ဟု စောဒက တက်လိုက တက်နိုင်သည်။ ထိုသို့မဟုတ်ပါ၊ ရဟန်းတော်များသည် ကြီးကဲမြင့်မြတ်အနီးကပ်လျက် ဆက်စပ်နေသူများ ဖြစ်သောကြောင့်သာ ရဟန်းတို့ကို ခေါ်ဆိုလေ့ရှိပါသည်။ ယင်းသို့ ရဟန်းတို့ကိုသာ ခေါင်းတပ်ခေါ်သော်လည်း ဗုဒ္ဓမြတ်စွာ၏ တရာဒေသနာတော်သည် ပရိသတ်အားလုံး နှင့် သက်ဆိုင်သည်သာဖြစ်သည်။ အနည်းငယ် ထပ်၍ ရှင်းရသော် ပရိသတ်သည် ရဟန်းပရိသတ်၊ ရဟန်းမပရိသတ်၊ ဒကာပရိသတ်၊ ဒကာမပရိသတ်ဟု (၄)မျိုးရှိရာ ရဟန်းပရိသတ်သည် အဦးဆုံးပေါ်ပေါက်လာ သောကြောင့် ထိုပရိသတ်(၄)မျိုးတွင် အကြီးအကဲဟု ဆိုရသည်။ (ဗုဒ္ဓထံတော်၌ ပဉ္စဝဂ္ဂီရဟန်း ၅-ဦးပထမဆုံး တပည့်ခံသည်ကို သတိပြုပါ။)
သင်္ကန်းကို ဝတ်ရုံခြင်းမှစ၍ လောကီအာရုံ ကာမဂုဏ်တို့ကိုခွာရှောင်ခြင်း၊ ဘုရားသျှင်၏ ကျင့်စဉ်သို့ လိုက်၍ကျင့်ခြင်း၊ ပရိယတ္တိ ပဋိပတ္တိ ပဋိဝေဓ ဟူသော သာသနာတော်သုံးရပ်ကို ခံယူခြင်းတို့ကြောင့် သာမန်လူ တို့ထက် သာလွန်မြင့်မြတ်သည် ဟုလည်းဆိုနိုင်သည်။ တရားနာရန် စုဝေးရောက်ရှိ နေကြသည့် ပရိသတ်တို့တွင် ရဟန်းတို့သည် ဘုရားနှင့် အနီးကပ်ဆုံးလည်း ဖြစ်ကြသည်။ မြတ်စွာဘုရားထံ၌ အမြဲ မပြတ် ဆည်းကပ်သွား လာနေကြသောကြောင့် ဗုဒ္ဓမြတ်စွာနှင့် ဆက်စပ်လျက်ရှိသည်။ ဤအကြောင်း များကြောင့် ရဟန်းတို့ကို စတင်ခေါ်တော်မူခြင်းဖြစ်သည်။ တနည်းအားဖြင့် ရဟန်းများသည် ဘုရားသျှင် ဟောဖေါ်ညွှန်ပြ ဆုံးမတော်မူအပ် သည့်အတိုင်း မချွတ်မှန်စွာ လိုက်နာပြုကျင့်ကြရမည်ဖြစ်သောကြောင့် အိုးခွက်ပမာ တရားတော်၏ တည်ရာမှီရာများ ဖြစ်ကြလေသည်။ ထို့ကြောင့် ရဟန်းတို့ကို ခေါ်င်းတပ် ခေါ်ခြင်းဖြစ်သတည်း။
ဤမျှဖြင့် လူရွယ်လေးတဦး၏ အမေးသည် ပြီးပြေလောက်ပြီဟုထင်ပါသည်။ ဤသို့ပင် ဗုဒ္ဓမြတ်စွာ သည် အများဆုံးရဟန်းတို့ကို ပဓာနပြု၍ ၄၅-ဝါတိုင်တိုင် တရားဒေသနာတို့ကို မနေမနား ဟောကြားခဲ့ သည်။ ထိုဒေသနာတော်တို့သည် ပိဋကအားဖြင့် သုံးသွယ်၊ နိကယ်အားဖြင့်ငါးဖြာ၊ အင်္ဂါအားဖြင့် ကိုးတန်၊ ဓမ္မက္ခန်အားဖြင့် ရှစ်သောင်းလေးထောင် အထိမျှ ရှိခဲ့လေသည်။ ယနေ့ရဟန်းတော်တို့သည် ဤဒေသနာ တော်များ ပျောက်ပျက် ယိုယွင်းခြင်းမရှိရလေအောင် သင်အံလေ့ကျက် လျက်ရှိပေသည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်တို့အနေဖြင့် အထွတ်အမြတ်ပြု၍ ပစ္စည်းလေးပါးဖြင့် ထောက်ပံ့လှူဒါန်းနေ ကြခြင်းဖြစ်သည်။ စလေဦးပုည ရေးသကဲ့သို့ ''ရှင်လျှပ်ရှင်မွေ၊ ပေသာပေ၊ တူသာတူ၊ ဘိက္ခူကြီးပဂေး၊ ဝိနည်းမှာဝေးစွ၊ ရှေးအတီတေ၊ ပုဂံပြေတွင်၊ ဆံကေသာ လက်လေးသစ်၊ မုတ်ဆိတ်မွှေးဗလဗြစ်၊ မဲညစ်သည့်စီဝရံနှင့်၊ တာတေလံ အကျင့်ဆိုးသော၊ ရှင်သိုးတကာထိပ်ခေါင်ကြီး၊ ရှင်မထီးတို့ကဲ့သို့ ယီးတီးယားတား'' အစားတွေထဲကဆိုလျှင် မည်သူကမျှ ပြန်စောင်းကြည့်ချင်ကြမည် မဟုတ်ချေ။ ထို့ကြောင့်......
''လူမှာလူဖျင့်၊ လူသာကျင့်၏
ရှင်နှင့်မလျှော်၊
ရှင်သော်ရှင်ကျင့်၊ ရှင်သာသင့်၏၊
လူနှင့်မရာ၊ မစပ်စွာတည့်''ဟု
မဃဒေဝ၌ မန်လည် ဆရာတော်ကြီး မိန့်မှာထားသကဲ့သို့ ရဟန်းတော်တို့ အနေဖြင့် ''ဘီလူးစည်း-လူစည်း'' ခြားလျက် ဝိနည်းတော်နှင့်အညီ နေထိုင်ခြင်း၊ လူတို့အား တရားသဖြင့် နည်းပေးညွှန်ပြ ဆိုဆုံးမခြင်းဖြင့် သာသနာတော်ကိုမလိုလားသူတို့၏ လက်ညှိုးထိုးစရာ ပြယုဂ်မဖြစ်စေပဲ မိမိတို့ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ မိမိအကျိုး၊ နိုင်ငံ၏အကျိုး၊ သာသနာတော်၏ အကျိုးတို့ကို သည်ပိုး ထမ်းရွက်တော်မူကြရန်ပင် ဖြစ်ပါ သတည်း။ ။


အရှင်မဟောသဓပဏ္ဍိတ

၂၈-၂-၇၂ ၊ ဓမ္မဗျူဟာ (အတွဲ ၁ဝ၊ အမှတ် ၁၁)

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP