အာဒိဗြဟ္မစရိယသီလဆိုတာ ဘယ်သီလမျိုးလဲ ဘယ်တရား၏ အစအဦး အာဒိလဲ
ဒကာ။ ။ သီလတွေထဲမှာ အာဒိ ဗြဟ္မစရိယသီလဆိုတာ အရေးကြီးတယ်၊ သူဟာ မဂ်ဖိုလ်တို့ရဲ့ ရပိုင်မှု အစ အဦး အာဒိပဲ၊ တရားအားထုတ်တဲ့ယောဂီဟာ ဒီအာဒိဗြဟ္မစရိယ သီလကို စောင့်ထိန်းရမည်ဟု ဟောပြောနေကြတယ်။
တချို့ကလည်း ဒီသီလဟာ ဘုရားဟော မဟုတ်ဘူး၊ ရိပ်သာဆရာတွေက အသစ်အဆန်း တီထွင်ထားကြတာ၊ လူသားတို့အတွက် ငါးပါး,ရှစ်ပါး,ဆယ်ပါး သီလ တို့ကိုသာ ဘုရားဟောတော်မူတာဟု ပြောဆိုနေကြပါတယ်၊ ဒါ့ကြောင့်။
(၁) ယင်း အာဒိဗြဟ္မစရိယသီလဟာ ဘယ်သီလမျိုးလဲ။
(၂) ဘုရားဟောတော်မူတာ ဟုတ်ရဲ့လား၊ ဘယ် ပိဋကတ်တော်မှာ ပါသလဲ။
(၃) ဘယ်တရား၏ အစအဦးလဲ၊
တိုတိုနဲ့ပဲ သိပါရစေ ဆရာတော်၊ ပါဠိတွေထုတ်ပြီး အရှည်ကြီးတော့ မလုပ်ပါနဲ့ဘုရား၊ နားလည်မှာလည်း မဟုတ်ပါဘူး။
ဆရာ။ ။ အင်း...ယင်းသီလပြဿနာဟာ မကြာမကြာ ရောက်ရောက်လာတယ်၊ ဒကာကြီးတို့ရဲ့ အမေးလက္ခဏာက သုံးချက်ပါနေတယ်၊ တိုတိုနဲ့ပဲ မှတ်သားလောက်အောင် ဖြေကြားပါ့မယ်လေ၊ ကြိုက်ရင်လည်း မှတ်ယူကြပေါ့။
(၁) ယင်း သီလဟာ ကာယဒုစရိုက်သုံးပါး၊ ၀စီဒုစရိုက်လေးပါး၊ အာဇီဝ-အသက်မွေးမှုလျှင် အဋ္ဌမ ရှစ်ခုမြောက်သောကြောင့် ယင်းသီလကို "အာဇိဝဋ္ဌမက" သီလမျိုး ခေါ်သည်တဲ့။
(၂) ပိဋကတ်တော်အားဖြင့် ၀ိသုဒ္ဓိမဂ် အဋ္ဌကထာဆရာကြီးက ဗုဒ္ဓသာသနာခံယူသူတို့ ယုံကြည်လောက်အောင်.....
တေနာဟ ပုဗ္ဗေ၀ ခေါပနဿ ကာယကမ္မံ ၀စီ ကမ္မံ
အာဇီဝေါ သုပရိသုဒ္ဓေါ ဟောတီတိ-
ဟု....မြတ်စွာဘုရားသခင်သည် ဤ အာဇီဝဋ္ဌမကသီလကို ဥပရိပဏ္ဏာသ ပါဠိတော်၌ ဟောကြားတော်မူကြောင်းနဲ့ ကိုးကားပြဆိုထားသဖြင့် ဘုရားဟောတယ်လို့ပဲ ဆိုရမယ်။
(၃) သာသနာတော်ခေါ်တဲ့ မြတ်စွာဘုရားသခင်၏ ဆုံးမသြ၀ါဒကို လိုက်နာခံယူကျင့်ကြံအားထုတ်မည့်သူသည် ယုတ်မာကြမ်းတမ်းသော မကောင်းစရိုက် မိုက်မဲဆိုးရွားလှတဲ့ ကာယဒုစရိုက် သုံးပါး၊ ၀စီဒုစရိုက် လေးပါး၊ အပြစ်ရှိသော အသက်မွေးဝမ်းကျောင်းမှု မိစ္ဆာဇီဝ၊ ဤရှစ်ပါးသော ဒုစရိုက်ဆိုးဘ၀မှ လွတ်အောင် ရှောင်ရှား ကျင့်ကြံစောင့်ထိန်းမှုကို ရှေးဦး လက်မွန် စတင်ကျင့်သုံးဆောက်တည်ရမည်ဖြစ်၍ (၀ါ) ဆောက်တည်ရသောသီလမျိုးဖြစ်သောကြောင့် (အာဒိ-အစအဦးဖြစ်သော၊ ဗြဟ္မ စရိယ- မြင့်မြတ်ဖြူစင်သောအကျင့်) အာဒိဗြဟ္မစရိယ- မြင့်မြတ်ဖြူစင်သော အကျင့်လမ်းစဉ်၏ အဦးအစ၊ စတင်၍ ကျင့်စေရမည့် သာသနာတော်ဝင်ရောက်စ သူတို့၏ အကျင့်သီလ တဲ့၊ ကဲ...ဒါအောက် တိုလို့တော့ မရတော့ဘူး။
ဆိုလိုရင်းက သာသနာတော်အတွင်းသွင်းကာစ ဒုစရိုက်ကြမ်းသမားတယောက်ကို အဲဒီ (အာဇီဝဋ္ဌမက) သီလဖြင့် ယဉ်ကျေးအောင် စ,တင်ကျင့်သုံး ဆုံးမ ဆောက်တည်ခိုင်းရမည်၊ သုစရိုက်ပိုင်းရောက်လာတဲ့အခါကျတော့ အရိယာမဂ်ကို ရယူ တက်လှမ်းဖို့ လူတို့အတွက် နိစ္စသီလဖြစ်တဲ့ ငါးပါးသီလနဲ့ အခြားဥပုသ်သီလဖြစ်တဲ့ ရှစ်ပါးတို့, ကိုးပါး, ဆယ်ပါးတို့, ကိုယ်အင်အားအလျောက် မဂ်,ဖိုလ် ရောက်အောင် ပို့ဆောင်သွားဖို့ပဲတဲ့။
လိုရင်းချုပ် မှတ်ယူဖို့ကတော့ သာသနာတော်အတွင်း ကျုံးသွင်းကာစ ဒုစရိုက်တုံးများကို ယင်းသီလဖြင့် စ,တင်ပေး၍ ယဉ်ကျေးစေရမည်တဲ့၊ ဒါ့ကြောင့် အာဒိဗြဟ္မစရိယ သီလ ခေါ်တယ်လို့ မှတ်ရမယ်။
အရိယာမဂ်ကို ရရှိရန် စ,တင် ကျင့်သုံးဆောက်တည်ရသော သီလဖြစ်၍ ယင်း အာဇီဝဋ္ဌမကသီလကို အာဒိဗြဟ္မစရိယသီလ ခေါ်တယ်ဟု အမှတ်မှားတွေ မယူစွဲ မပြောကြားရဘူးနော်၊ ငါးပါး, ရှစ်ပါး, ဆယ်ပါးသီလတို့ကို ပြစ်မှားကဲ့ရဲ့ရာကျသည်ကို သတိရှိကြပါ၊ နှုတ်လွန် အာလွန် မဖြစ်ကြစေနဲ့။
ဒကာ။ ။ ဒီလိုဆိုရင် ယင်းအာဇီဝဋ္ဌမက ခေါ်တဲ့ အာဒိဗြဟ္မစရိယသီလဟာ အရိယာ မဂ် စ,တင်ရယူနိုင်တဲ့ သီလမျိုးမဟုတ်ဘူး၊ သာသနာတော်တွင်း ချဉ်းနင်းဝင်ရောက်စ ဒုစရိုတသမားများ အတွက်သာ စ, တင်ဆက်သွယ်ပေးတဲ့ သီလမျိုးလို့ မှတ်ရမှာလား ဆရာတော်၊ ရှင်းပြပါဦး ဘုရား။
ဆရာ။ ။ ဟာ...ဒီလိုလည်း ပစ်ပစ်ခတ်ခတ်နဲ့ မှတ်ချက်ချကာ အပြတ်မယူရဘူးလေ၊ ယင်းသီလနဲ့လည်း အရိယာမဂ်ကို တက်လှမ်းရယူနိုင်တာပါပဲ၊ "အာဒိ" ဆိုတဲ့ ပါဠိစကားပုဒ်ကလေးကို ထောက်ထားပြီးတော့ ကောက်ယူမှတ်သားချက် လွဲမှားနေကြတာတွေကြောင့် အမှန်ကိုပြပေးနေတာပါ၊ ယင်းသီလကို ပုဂ္ဂိုလ်အချို့ လွဲမှားပြောကြားစွဲယူနေကြပုံက....
အာဒီဗြဟ္မစရိယ သီလ, ခေါ်တဲ့ အာဇိဝဋ္ဌမကသီလ, ကသာလျှင် အရိယာမဂ်ကို စ,တင် ပေးနိုင် ရယူစေနိုင်တဲ့ သီလဖြစ်သည်၊ ယခုကာလအများ စောင့်သုံးနေကြသော ငါးပါးသီလ, ရှစ်ပါးသီလ, ဆယ်ပါးသီလတို့ဟာ အရိယာမဂ် ရယူရေးအတွက် စ,တင် ကျင့်သုံးရသော သီလမျိုး မဟုတ်ဘူး စသည်ဖြင့် အမှားမှားတွေ ပြောကြားစွဲယူ ကျင့်သုံးနေကြတယ်။
အဲဒီ အမှားပြော အမှားစွဲ အမှားယူတွေကို အမှန်သိအောင်လို့ တိုတိုတိတိနဲ့ အာဒိ-အစ ဆိုတဲ့ ပါဠိပုဒ်ကလေးရဲ့ အနက်ယူဆပုံကို အရိယာမဂ်သက်သက် တခုတည်းသော အနက်အဓိပ္ပာယ် တချက်တည်းကိုသာ အယူစွဲ မမှားဖို့ ရှင်းပြပေးတာပါ၊ တခြားငါးပါးသီလ, ရှစ်ပါးသီလ, ကိုးပါးသီလ, ဆယ်ပါးသီလ တို့ဟာလည်း မဂ်,ဖိုလ် နိဗ္ဗာန်ရဲ့ အာဒိ- အစဖြစ်တဲ့ မူလအခြေခံ တရားတွေပါပဲလို့ အမှန်သိမှတ်ထားကြဖို့ပါပဲ၊ ကဲ....ကျေနပ်လောက်ရောပေါ့။
ဒကာ။ ။ ဒီလို အမှန်အသိရောက်အောင် ရှင်းလင်းသင်ပြပေးတာကို အားရနှစ်သက် ကျေနပ်ကြပါတယ် ဆရာတော်။

0 comments:
Post a Comment