*အရိယာ သစ္စာလေးပါး တရားတော်-၂*
ကျွန်ုပ်တို့သည် မီးလောင်နေသော အိမ်ထဲတွင် ပျော်ပျော်ပါးပါး ကစားနေကြသော ကလေးများနှင့် တူကြပါသည်။ ထိုကလေးတို့သည် ကစားစရာ အရုပ်ကလေး များကိုသာ အာရုံပြုလျက် အခိုက်အတန့်အားဖြင့် ပျော်ရွှင်မြူးထူးနေကြ စဉ်ဝယ် အိမ်ကြီး မီးလောင်နေခြင်း အဖြစ်ကို သတိမထားနိုင်ကြကုန်။ သို့သော် သဘာဝ လောကကြီးက သနားကြင်နာစွာ ဘေးဥပါဒ် အန္တရာယ်တို့၏ နိမိတ်များကို မြင်သာအောင် အထင်အရှား ပြသလျက် နေပါသည်။ လေးဖက်လေးတန်မှာ ဆင်းရဲဒုက္ခတွေ ၀ိုင်းရံနေသည်ကို ညွှန်ပြလျက် ရှိပါသည်။
“အကြင်လောက၌ အသက် ၈၀၊ ၉၀ သို့မဟုတ် ၁၀၀ အရွယ် အိုမင်းရှုံ့တွ ခါးကုန်းဖြစ်လျက်၊ သုံးဘက်သုံးတန် ဒေါက်တိုင်ကျိုးပြီး တိမ်းစောင်းနေသော အိမ်ခေါင်မိုးနှင့် တူစွာ ကုန်းကွလျက်၊ ချိုင်းထောက်အပေါ် အားပြုလျက်၊ တုန်တုန်ရီရီ သွားလာ နေကြရသော… နုပျိုစိုပြေခြင်း ခန်းခြောက်လျက် ကျိုးပြီးသောသွားလည်း ရှိသော၊ ဖြူပြီးသော ကျဲသော ဆံပင်လည်း ရှိသော၊ အိုမင်းမစွမ်းတော့ပြီ ဖြစ်သော လူယောက်ျား၊ လူမိန်းမတို့ကို သင်မမြင်မိ လေသလား။ ထိုအဖြစ်မျိုးသို့ သင်လည်းတစ်နေ့ မလွဲမသွေ ရောက်ရမည်တကား ဟူသော အတွေးအမြင် အဆင်အခြင် တရားသည် သင့်အပါးသို့ ရောက်မလာဖူး လေသလား။ အိုခြင်း ဆင်းရဲမှ သင်လည်း မလွတ်မြောက်။”
“အကြင်လောက၌ နာမကျန်း ဖြစ်လျက် မိမိ၏ အညစ်အကြေးတို့ဖြင့် လူးလျက် သူများထူပေးမှ ထရပြီး သူများ ချပေးမှ အိပ်ရသော အကြင်ယောက်ျား မိန်းမများကို သင် မမြင်ဖူးလေသလား။ ထိုကဲ့သို့ နာမကျန်းသော အဖြစ်ကို သင်လည်း မုချ ကြုံတွေ့ရမည်ပါ တကားဟူသော အတွေးအမြင် အဆင်အခြင် တရားသည် သင့်အား မရောက်လေ သလား။ သင်လည်း ထိုနာသော အဖြစ်မှ လွတ်မြောက်ခြင်းငှာ မတတ်သာချေ။”
“အကြင်လောက၌ နေ့စဉ်နှင့်အမျှ လူသေကောင် အလောင်းတစ်ခု၊ နှစ်ခု၊ သုံးခု စသည်ကို သင် မမြင်ဖူးလေသလား။ လူသေကောင် အလောင်းတို့သည် ပုပ်ပွလျက် အသားအရေတို့ အညိုအမည်း အပြာရောင်စွဲလျက် အသားအရေ ပျက်စီးနေသည့် အဖြစ်မျိုးကို သင်လည်း တစ်နေ့ မုချမသွေ ရင်ဆိုင်ရမည် ပါတကားဟူသော အတွေးအမြင် အဆင်အခြင် တရားသည် သင့်အား မရောက်ဘဲ နေလေသလား။ သင်လည်း ထိုအဖြစ်ဆိုးမှ ကင်းလွတ်ခြင်းငှာ မတတ်သာချေ။”






ကျွန်ုပ်တို့လည်း ထိုအိုဘေး၊ နာဘေး၊ သေဘေးကြီးကို ထပ်တူထပ်မျှ ခံစားကြရမည့် သူများသာ ဖြစ်ကြပါသည်။ သေခြင်းတရားသည် တချို့သော သတ္တ၀ါတို့ အဖို့သာ ဖြစ်ပြီး တခြားသော သူများအတွက် ကိုမူ ချန်ထားမည်ဟူ၍ မရှိပါ။ ဤကား ကျွန်ုပ်တို့ အားလုံး၏ နိဂုံးချုပ် အဆုံးသတ် တရားပေတည်း။ ဤ အိုမှု၊ နာမှု၊ သေမှုတို့မှ လွတ်ရာလွတ်ကြောင်း နည်းကောင်း မရှိပါ။
စိတ်မှာလည်း ဆင်းရဲဒုက္ခ မျိုးစုံ ကြုံရတတ်ပါသည်။ စိတ်ဆင်းရဲခြင်း၊ စိတ်ဓာတ်ကျခြင်း၊ စိတ်ပျက်ခြင်း၊ စိုးရိမ် ကြောင့်ကြခြင်း၊ ပူပန်ခြင်း၊ ဒေါသဖြစ်ခြင်း၊ မုန်းတီးခြင်း၊ ကြောက်လန့်ခြင်း၊ တပ်မက်ခြင်း၊ ပူဆွေးခြင်း စသည်တို့ ဖြစ်ကြပါသည်။
အ၀ိဇ္ဇာ တဏှာတို့၏ မောင်းနှင်မှုဖြင့် အဖန်တလဲလဲ ကျင်လည်ရသော ဤ ဇာတိဒုက္ခ သံသရာဝယ် ကျွန်ုပ်တို့သည် မည်မျှလောက် ကြာအောင် အချုပ်အနှောင်မိလျက် နေကြရပေ ဦးမည်နည်း။ ဤ ဆင်းရဲဒုက္ခတို့ကား အဆုံးမဲ့ ဖြစ်ချေ၏။ နံနက်မိုးသောက် အလင်းရောက်လျှင် အဆင်း၊ အနံ့၊ အသံနှင့် ခံစားမှုများ၊ အတွေးများလည်း အဆုံးမဲ့ ထပ်တလဲလဲသာ ဖြစ်၍ နေ၏။ ကျွန်ုပ်တို့သည် နေ့ကို ဖြတ်သန်းကြပြီးနောက် အိပ်စက်ခြင်းသို့ ရောက်ကြရ၏။ ထို့နောက် တစ်ဖန် ထိုအဆင်း၊ ထိုအသံ၊ ထိုအနံ့၊ ထိုအရသာနှင့် ထိုခံစားချက်၊ ထိုအတွေးများ သို့သာ နိုးလာ ရောက်ရှိကြပြန်သည်။ ဤသို့သာ ဖြစ်ပြီးရင်း ဖြစ်လျက် နေကြရ၏။
“ဤသံသရာ၏ အစကိုကား မြင်ခြင်းငှာ မတတ်သာချေ။ အ၀ိဇ္ဇာ၏ ဖျက်ဆီးခြင်း၊ တဏှာ၏ ရစ်ပတ် နှောင်ဖွဲ့ခြင်းဖြင့် အဖန်တလဲလဲ မွေးလိုက်သေလိုက် ဖြစ်နေသော သတ္တ၀ါတို့၏ အစကို ရှာဖွေ စူးစမ်းနိုင်မည် မဟုတ်ချေ။ ဤသံသရာ ခရီးရှည်ကြီး တစ်လျှောက်ဝယ် မချစ်မနှစ်သက်သော အရာတို့နှင့်သာ ပေါင်းဖက်ကြရပြီး ချစ်နှစ်သက်သော အရာတို့နှင့် ကွေကွင်းခဲ့ရသောကြောင့် ကျဆင်းခဲ့ရသော သင်၏ မျက်ရည်အစုသည် သမုဒ္ဒရာလေးစင်းမှ ရေအထုနှင့် နှိုင်းယှဉ်သော် ဘယ်ရေက များလိမ့်မည် ထင်ပါသနည်း။ ဖခင် သေဆုံးခြင်းကြောင့် လည်းကောင်း၊ မိခင် သေဆုံးခြင်းကြောင့် လည်းကောင်း၊ သားသမီးများ သေဆုံးခြင်းကြောင့် လည်းကောင်း၊ ညီအစ်ကို မောင်နှမများ သေဆုံးခြင်းကြောင့် လည်းကောင်း သင် ပူဆွေးသောက ရောက်ရသဖြင့် ဤသံသရာ ခရီးဝယ် သင်ကျခဲ့ဖူးသော မျက်ရည်စုသည် သမုဒ္ဒရာလေးစင်းမှ ရေထုထက်ပင် ကြီးကျယ် များပြားလှချေ သေး၏။ ဤသို့လျှင် သင်သည် ဆင်းရဲဒုက္ခ ရောက်ခဲ့ရခြင်း များလှပါပြီ။ ဂြိုဟ်ဆိုးနှင့် ရင်ဆိုင်တိုးခဲ့ခြင်း အကြိမ် များလှပါပြီ။ ထို့အတူ သင်္ချိုင်းမြေတွင်းကို ဖြည့်တင်းခဲ့ရသော အကြိမ်ပေါင်းလည်း မရေမတွက် နိုင်အောင်ပင် များလှပါချေပြီ။ ဖြစ်တည်ခြင်း ဟူသော ဘ၀ကို မကျေမနပ် အလိုမကျဖြစ်ဖို့ရာ အကြောင်း လုံလောက်ပါပြီ။ ဤအဖြစ်ဆိုး၊ ကြမ္မာဆိုး ဘေးဒုက္ခအပေါင်းမှ လွတ်ရာလွတ်ကြောင်း ပြုဖို့ရာလည်း အကြောင်းယုတ္တိ လုံလောက်စွာ ရှိပါပြီ။”
http://www.apymt.com/2010/10/
------------------------------------------------------
ဆက်လက် ဖော်ပြပါမည်။
ဆရာဦးဆန်းလွင်နှင့် ဆရာဦးဟန်ဌေးတို့ ဘာသာပြန်ဆိုသော ဂိုးလ်စတိန်း၏ ကိုယ်တွေ့ဝိပဿနာ မှ ကူးယူပါသည်။
လေးစားစွာဖြင့်
ဖိုးသား
10/31/2010, SUN:, 5:25:14 PM

0 comments:
Post a Comment