* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, November 1, 2010

ဘလော့ပြေးခြင်း

(၁)
တိဘက်တက္ကသိုလ်ပရိဝုဏ်ထဲမှာ အ၀ါရောင်သင်္ကန်းဆင်မြန်း မြန်မာရဟန်တော်ဆောင်းထီးတစ်လက်နဲ့ ၀င် ထွက်သွားနေတတ်တဲ့သူ့ကို တိဘက်လားမားကြီးတွေနဲ့ တက္ကသိုလ်ကျောင်းသူကျောင်းသားတွေက ဗာရ မားပါဠိဂုရုဂျီ (မြန်မာပါဠိဆရာ)အဖြစ် သိနေခဲ့ကြပါတယ်၊ တွေ့တဲ့အခါတိုင်း“ဘန္တေဂျီ”လို့ တခုတ်တရ နှုတ် ဆက်လေ့ရှိပါတယ်။ သူ့အနေနဲ့ တိဘက်တက္ကသိုလ် အသိုင်းအ၀ိုင်းထဲမှာ ပျော်မွေ့နေမိတာ အသေအချာပါပဲ။
စာသင်ချိန်တွေကတော့ အဓိကကြည်မွေ့စရာဖြစ်ခဲ့ပါတယ်။ စာသင်သားဘ၀က ကျောင်းတက်ချိန် အမြဲလစ် ခဲ့တဲ့ သူက ဆရာ ဘ၀မှာတော့ အချိန်မှန်ဖို့ အားစိုက်ခဲ့ပါတယ်။ (ကိုယ်က ပြောရမှာကိုး)။ စာသင်ချိန်က တစ်နေ့သုံးကြိမ်ပါ။
၁၀း၁၅-၁၁း၀၀ (ပိဋကတ်စာပေကောက်နှုတ်ချက်)
၁၂း၃၀-၀၁း၀၀( အဘိဓမ္မတ္ထသင်္ဂဟ)
၀၂း၃၀-၀၃း၃၀ (ပါဠိအထူးသင်တန်း)


တိဘက်တက္ကသိုလ်စာသင်ဆောင်

ဒါပေမယ့် တကယ်ပြောရပြီဆိုတော့လည်း မသက်သာလှပေဘူး၊ ဘာပဲဖြစ်ဖြစ် အပြောသမားဘ၀ကို ရွေးချယ်ခဲ့မိတဲ့ သူအတွက် အပြောသမားဖြစ်လာတာ ကျေနပ်စရာပါ။ အပြောသမားတွေကြောင့် ကမ္ဘာမြေဟာ သိမ်မွေ့လာရခြင်းပေပဲ၊ ဗုဒ္ဓကိုယ်တော်တိုင်လည်း “ သွာက္ခာတော ဓမ္မော” လို့ ရဲရဲမိန့်တော်မူလေ့ ရှိပါတယ်။ အပြောဟာ အလုပ်ပဲလို့ မသိသူတွေအတွက်တော့ အပြောသမားဆိုတာကို နာလေ့ရှိပါတယ်။ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းပါရမီဖြည့်မှ အနှိုင်းမဲ့ အပြောသမားကြီးဖြစ်ရတဲ့ ဗုဒ္ဓကို အခါခါ ဦးညွတ်မိပါရဲ့။

(၂)

အကြောင်းသိမိတ်ဆွေရဟန်းတော်တစ်ပါးကတော့ ထေရ၀ါဒအရိပ်ထင်အောင် သင်္ကန်ရုံကြီးတလွှားလွှား၊ မြန်မာယောင်ဆောင်ထားတဲ့ ဂျပန်ထီးကြီးတကားကားနဲ့ ဗာရာဏသီနွေထဲ တဖားဖားပေမယ့် တကြွားကြွား ဖြစ်နေတဲ့ သူ့ကို “ ကျောင်းတက်ပျင်းတဲ့ ပုဂ္ဂိုလ်မှ ကျောင်း ဆရာလာဖြစ်ရတယ်လို့” ဆိုပြီး သူ့ကို ထော မနာပြုပါတယ်။ တတ်နိုင်ပေဘူး၊ သူက အိပ်ရာထဲမှာ ခွေပြီး တစ်ကမ္ဘာလုံးက တက္ကသိုလ်စာသင်ခန်းတွေဆီ စနည်းနာလှည့်နေခဲ့တာမှ မမြင်ကြဘဲလေ။(အဟမ်း) အဲဒီမိတ်ဆွေရဟန်းတော်ကပဲ ဓမ္မဂင်္ဂါအတ္ထုပ္ပတ္တိတော်ကြီး ရေးသားခွင့်တောင်းနေတာကို ပယ်ချလိုက်ရပါတယ်။

“ ဓမ္မဂင်္ဂါ မည်သာနာမ ထင်ရှားလှသော ဆရာတော်သည် ငယ်စဉ်ကပင် မိဘဆရာသမားစကား မြေ၀ယ်မကျ နားထောင်တတ်ခြင်း၊ ဆရာသမားများ သင်ကြားပို့ချသည့်အတိုင်း နာယူမှတ်သားလေ့ရှိခြင်း၊ ရိုးရာမပျက် ခေတ်အမြင်နွှယ်ယှက်သော သင်နည်းကို တွယ်ဖက်လျက် ပိဋကတ်စာပေ၌သာ တစိုက်မတ်မတ် အားထုတ် လေ့ရှိခြင်း၊ ”

သူ့မိတ်ဆွေရေးရင် ဒီလို ဟုတ်ချင်မှ ဟုတ်ပေမကိုး။ ဒါကြောင့်ပဲ ကိုယ်တိုင်ကြွားအတ္ထုပ္ပတ္တိတော်ကြီးကို မျက်စိမှိတ်လွှတ်လိုက်ရပေတာပဲ။

တိဘက်တက္ကသိုလ်စာကြည့်တိုက်
တက္ကသိုလ်စာသင်ခန်းတွေ ဖြတ်သန်းခဲ့သမျှမှာ ကျောင်းလစ်မှန်တဲ့ ကျောင်းသားတစ်ယောက်အဖြစ် အခိုင် အမာရပ်တည်နိုင်ခဲ့ပါတယ်။ ဂုဏ်ယူစရာ မဟုတ်ပေမယ့် သူညံ့ခဲ့တာလည်း ဟုတ်ချင်မှ ဟုတ်မယ် ။ သူ စိတ်ကူး တည့်ရာလက်လှမ်းမီရာ ဖတ်ခဲ့သမျှ စာတွေက တက္ကသိုလ်ပြဌာန်းစာတွေအဖြစ်ပြန်ဆုံရတာကိုး။ (အင်း ကိုယ် တိုင်ကြွားက အကျယ်ကြွားဖြစ်တော့မယ်)၊

စည်းကမ်းလိုက်နာချင်ပေမယ့် သူက သင်ခန်းစာအသစ်တွေကိုပဲ သင်ယူချင်ခဲ့ပါတယ်။ သင်ခန်းစာတွေထဲမှာ ကွန့်မြူးခွင့်မရဘဲ မွန်းကြပ်လာတဲ့အခါ “ အလုပ်မရှိ ကျောင်းပြေး” ကြွေးကြော်သံပေးခဲ့ရပါတော့တယ်။ ကျောင်း ပြေးတဲ့အကျိုးက ကြီးပါတယ်။ ၀ိဇ္ဇာတန်းစာမေးပွဲမှာ အမှတ်ကောင်းပေမယ့် မဟာဝိဇ္ဇာလောင်းမဖြစ်ဘဲ နယ် စပ်ကို သာသနာပြုအဖြစ်နဲ့ ဂျောင်းခဲ့ပါရတော့တယ်။

တကယ်တော့ အဲဒါတွေဟာ သူ့အတွက် မဟာတန်းတက်ခွင့်ထက် ကျယ်ပြောတဲ့ လောကမျက်နှာပြင်နဲ့ ထိတွေ့ခွင့်ရစေခဲ့ပါတယ်။ အရှုံးထင်ခဲ့မိပေမယ့် ခုမှ အမြတ်မှန်းသိခဲ့ရတော့တာပါ။ မဟာတန်းမ၀င်အောင် ကျောင်းပြေးမိတာကိုပဲ အခုတော့ ကျေးဇူးတင်နေမိပါပြီ။ သူက မန္တလေးပျော်ရဟန်းပေမို့ မဟာတန်းသာ တက်ခွင့်ရခဲ့မယ်ဆိုရင် “ရတနာပုံ”သီချင်းဥခွံထဲက ထွက်နိုင်ဖွယ်မမြင်တော့ပေဘူး။

(တက်မိတဲ့တက္ကသိုလ်တိုင်းမှာ ကျောင်းပြေးချန်ပီယံတော့ ဖြစ်ခဲ့တာချည်းပါပဲ။ ကျောင်းပြေးခဲ့ဖူးတဲ့ တက္ကသိုလ် များကို အမှတ်တရဖော်ပြလိုက်ပါတယ်။ ) ထေရ၀ါဒတက္ကသိုလ်ကျောင်းတက်ဖော် သြစတေးလျရဟန်းတော် တစ်ပါးကတော့ ''Teachers come, you do not come. You do come no teacher comes" “ဆရာလာသော် သင်မပေါ်။ သင်ပေါ်လာငြား ဆရာနား၏” လို့ တံဆိပ်ကပ်လိုက်ပါသေးတယ်။

(၃)
တိဘက်တက္ကသိုလ်မှာတော့ ဆရာမို့ ကျောင်းပြေးမရ၊ သူတက်နေတဲ့တက္ကသိုလ်မှာတော့ ပါရဂူကျမ်းပြု တွေအတွက် အခြားတက္ကသိုလ်တွေမှာလို နေ့စဉ် သို့မဟုတ် လစဉ် လက်မှတ်ထိုးဖွယ်တာဝန်မရှိလေတော့ ကျောင်းပြေးတဲ့အရသာက မထူးခြား၊ ဒီတော့ အကြောင်းပြချက်မယ်မယ်ရရမရှိဘဲ သူ့ကိုယ်ပိုင် ဘလော့ဂ် ကနေပဲ နှစ်ရက်တိတိပြေးမိပါတော့တယ်။ ကျောင်းပြေးမရတော့ ဘလော့ပြေး။ သံသရာဆုံး အောင်တော့ မပြေး ချင်သေး။


မန္တလေးသာသနာ့တက္ကသိုလ်(ဓမ္မဂင်္ဂါလစ်ထွက်ခဲ့ဖူးရာမုခ်ဦး)
(၁၉၉၆-၁၉၉၉)


ထေရ၀ါဒတက္ကသိုလ်ပင်မဆောင်
(၂၀၀၁-၂၀၀၆)
(ကျောင်းလစ်ပေမယ့် ဒီပင်မဆောင်ကြီးမှာရှိတဲ့ စာကြည့်တိုက်ကိုတော့ ရောက်အောင်သွားပြီး စာအုပ်အနှောင့်မှာရေးထားတဲ့ စာအုပ်နာမည်တွေလိုက်ကျက်၊ အမှာစာနဲ့ မာတိကာတွေ လိုက်ဖတ်ခဲ့)


ဗာရာဏသီသက္ကတတတ္ကသိုလ်
(၂၀၀၆---)

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP