* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, October 5, 2010

*ျမတ္ဆရာ*

Written by တောသားလေး 1 အကြံပြုပါသည်။ Posted in:


ဒီနေ့ အောက်တိုဘာ(၅) ရက်နေ့ ဆရာများနေ့ဖြစ်ပါတယ်။ ဒီပိုစ်လေးကို ဆရာများနေ့ အမှတ်တရ အနေဖြင့် ကျေးဇူးရှင် ဆရာသမားတို့အတွက် မှန်းဆတမ်းတကာ ရေးသားလိုက်ရခြင်း ဖြစ်ပါတယ်။
ကျွန်တော့်ဘ၀မှာ လက်ဦးဆရာများဖြစ်သော မိနှင့်ဖ၊ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ လောကီ၊ လောကုတ္တရာဆရာ အလွန်များပြား လွန်းလှပါတယ်။ ကျွန်တော်ငယ်ငယ် လွန်ခဲ့တဲ့(၂၂) နှစ်လောက်က “၀” လုံးကစ “က” ၊ “ ခ” ဘယ်လိုရေးရတယ်ဆိုပြီး စိတ်ရှည်သည်းခံစွာ သင်ကြားပေးခဲ့သော ဆရာ၊ဆရာမများ၏ ကျေးဇူးကြောင့် ယနေ့ ဒီပိုစ်လေးကို ရေးနိုင်၊ စာပေများကို ဖတ်နိုင်ပြီး သူငယ်ချင်းများကို ပြည်လည်မျှဝေနိုင်တာ ဖြစ်ပါတယ်။ အဲဒီဆရာသမားများအားလုံး၏ ကျေးဇူးကြောင့် တောရွာမှနေပြီး မူလတန်း၊ အလယ်တန်း၊ အထက်တန်း၊ တက္ကသိုလ်ပညာများကိုလည်း အဆင့်အဆင့် ဆည်ပူးနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။
ပန်းပုပညာရှင် တစ်ယောက်ဟာ အရုပ်လေးများကို ရူချင်စဖွယ်ဖြစ်အောင် ထုဆစ်သလို ဆရာ၊ဆရာမများကလည်း မိမိထံရောက်လာသော အကြမ်းထည်လေး အမျိုးမျိုးကို လိုရာပုံရောက်အောင် လိမ္မာရေးခြားရှိအောင် သွန်သင်ဆုံးမပေးတတ်ကြပါတယ်။ ဘယ်ကလေး ဘယ်လိုစရိုက်ရှိတယ် ဘယ်လိုသွန်သင် ဆုံးမပေးရမယ်ဆိုတာကိုလည်း ပုဗ္ဗာစရိယမိနှင့်ဖ နဲ့ ဆရာသမားများက ကောင်းစွာသိပါတယ်။ “စေတနာ၊ ၀ါသနာ၊ အနစ်နာ” ဆိုတဲ့ နာသုံးနာကို အခြေခံပြီး သွန်သင်ဆုံးမကာ “ဆရာထက် တပည့်လက်စောင်းထက်” အောင် ဆရာစားမချန် ပညာများကို သင်ကြားပေးကြပါတယ်။ အဲဒီလိုသင်ကြားပေးကြတာ သူတို့အတွက် မိမိတပည့်ထံမှာ ဘာမျှော်လင့်ချက်မှမရှိဘဲ မိမိပြုစုပျိုးထောင် ပေးလိုက်သော ပန်းလေးများ ထာဝရ လန်းဆန်းနေတာကို အမြဲမြင်ချင်လို့သာ ဖြစ်ပါတယ်။ ထို့ကြောင့် “တပည့်မရှား၊ တပြားမရှိ၊ ပီတီကိုစားအားရှိ” နေသူများဖြစ်တယ်လို့ ဆရာများအတွက် ဆောင်ပုဒ်လေး တောင်ဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်။
ဆရာဂုဏ်ကျေးဇူးကို မာဃဒေ၀ လင်္ကာသစ်တွင်လည်း “ရှေးရှုမေတ္တာ ၊ ဂရုဏာနှင့် ၊ နာနာကျင်ကျင် ၊ အပြစ်မြင်တိုင်း ၊ ၀မ်းတွင်းမသို ၊ ဟုတ်တိုင်းဆို၍ ၊ ကျိုးလိုစိတ်က ၊ ဆုံးမတတ်သူ ၊ ဆရာဟူလော့” ဟူ၍ ဖွဲ့ဆိုထားပါတယ်။ အဲဒီလိုဂုဏ်ကျေးဇူးတွေများပြား လွန်းလှတဲ့အတွက် မြတ်စွာဘုရားရှင်က အနန္တော အနန္တငါးပါး ထဲမှာလည်းထည့်သွင်း ထားခဲ့ခြင်းဖြစ်ပါတယ်။
လောကီနယ်ပယ်တွင်သာမက လောကုတ္တရာနယ်ပယ်တွင်လည်း ယနေ့တရားဓမ္မများကို ကျွန်တော်တို့ နာယူနိုင်ခြင်း၊ ပဉ္စ၀ဂ္ဂီငါးပါးမှ အစပြု၍ သံဃာဆိုတာဖြစ်ပေါ်လာပြီး ကိုးကွယ်ဆည်းကပ်ခွင့် ရခြင်းဟာလည်း တုနှိုင်းမဲ့တဲ့ မြတ်စွာဘုရားရှင် ဆရာသခင်ကျေးဇူးရှင်၏ ဂုဏ်ကျေးဇူးတော်ကြောင့်ဘဲ ဖြစ်ပါတယ်။
ပစ္စုပ္ပန် သံသရာကောင်းကျိုး နှစ်ဖြာလုံးအတွက် သူတော်ကောင်း ဆရာသမားများကို ရှာဖွေရာတွင်လည်း
“ရိုသေချစ်ထိုက်၊ ချီးမွမ်းထိုက်နှင့်၊ လွဲမိုက်ဆုံးမ၊
မေးသမျှခံ၊ ဓမ္မံနက်နဲ၊ ဟောနိုင်မြဲ၍၊ ကျိုးနဲမတန်၊
ခုနှစ်ခန်းနှင့်၊ ပြည့်လျှမ်းညီညာ၊ ဤဆရာ၊ ရှာဖွေတပည့်ခံ”
ဟု မာဃဒေ၀လင်္ကာတွင် ညွန်ကြားထားပါတယ်။
ဆရာများ၏ ကျေးဇူးဟာ အလွန်ကြီးမားလှတဲ့အတွက် ဘယ်စာပန်းချီမှ ရေးသီဖွဲ့လို့လည်း မဆုံးနိုင်ပါဘူး။ အဲဒီလို ကျေးဇူးကြီးမားလှတဲ့ ကျွန်တော်အား ငယ်စဉ်အရွယ်မှစ၍ ယခုအချိန်ထိသင်ကြား ဆုံးမပေးကြသော လက်ဦးဆရာ မိနှင့်ဖ၊ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ များအားလုံးကို အဝေးတစ်နေရာမှ ကိုယ်တိုင် ရောက်မလာနိုင်သော်လည်း စိတ်မှရည်မှန်းကာ ဤပိုစ်လေးဖြင့် ကန်တော့ပန်းဆင်လိုက်ပါတယ်။ ဆရာသမားများအားလုံး ကျန်းမာချမ်းသာကြပါစေ။
“တို့ဆရာကြီး ကျန်းမာပါစေ” ဆိုတဲ့ သီချင်းလေးပါ။ သူငယ်ချင်းများအားလုံးလည်း ငယ်စဉ်က ရွာကျောင်းလေးနဲ့ ဆရာများအတွက် အလွမ်းပြေသီချင်းလေး နားဆင်နိုင်ပါတယ်ခင်ဗျာ။
video

ဓမ္မမိတ်ဆွေများ သူငယ်ချင်းများအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာ ချမ်းသာကြပါစေ။

တောသားလေး

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP