* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, October 3, 2010

ငါဂေါ နာဂီ ဒု အောက်တိုဘာ

(၁)

သူ တိဘက်တက္ကသိုလ်ပရိဝုဏ်အတွင်းမှ ထွက်လာတော့ ညနေလေးနာရီခွဲရှိပြီ။ ထီးတစ်ချောင်းကို ထမ်း လွယ်အိတ်တစ်လုံးကို လွယ် ကွန်ကရိလမ်းလေးအတိုင်း သူလျှောက်လာခဲ့သည်။ တက္ကသိုလ်စာကြည့် တိုက်ရှေ့မှ ဖြတ်လျှောက်လာသည့်တိုင် စာကြည့်တိုက်ထဲသို့ မ၀င်ဖြစ်။ ဒီနေ့တစ်နေ့လုံး စာဖတ်ရတာတွေ များသွားပြီ။

စက်တင်ဘာလ တစ်ခုလုံး စာရေးဖို့ တွန့်ဆုတ်နေခဲ့သည် သို့မဟုတ် ငြီးငွေ့နေသည်။ နံနက်ခင်းတိုင်း သူသည် စောစီးစွာ အိပ်ရာနိုးထစေရန် မိုဘိုင်းဖုန်းမှ နှိုးစက်နာရီကို အားကိုးရမြဲဖြစ်သည်။ ဗာရာဏသီတွင် သူက အိပ်ရာမြဲလေသူတစ်ဦးတော့ မဟုတ်ခဲ့။ သူနေထိုင်ရာ မိဂဒါဝုန်လမ်းရှိ အခန်းလေးနှင့် (၇) ကီလိုမီတာခန့် ဝေးကွာသည့် သက္ကတတက္ကသိုလ်အဆောင် သို့မဟုတ် ဗာရာဏသီမီးရထား ဘူတာရုံကြီးအနီးရှိ ဆေးဝင်္ကဘာမြန်မာ ဘုန်းတော်ကြီးကျောင်းတွင် အိပ်စက်တတ်လေသည်။ (ဗာရာဏသီတွင် မြန်မာ ဘုန်းတော်ကြီးကျောင်း ငါးကျောင်းရှိသည်၊ မိဂဒါဝုန်မြန်မာကျောင်း၊ ဆေးဝင်္ကဘာ မြန်မာကျောင်း၊ မဇ္ဈိမသုခ ဖောင်ဒေးရှင်းကျောင်း၊ ဓမ္မစကြာရိပ်သာကျောင်းနှင့် ဆီဂရာမြန်မာကျောင်းတို့ ဖြစ်သည်။)

ဆေးဝင်္ကဘာ(သို့) သက္ကတတက္ကသိုလ်အဆောင်တွင် အိပ်စက်မိပြီဆိုလျှင် မနက်စောစော မိဂဒါဝုန်လမ်းဆီ တိဘက်တက္ကသိုလ်စာသင်ချိန်အမီ ထပြေးရတတ်သည်။ အော်တိုသုံးဘီးကားလေးတစ်စီး အဆင်သင့်ငှါးရမ်းခွင့် ရဖို့ ဆုတောင်းရသေးသည်..။

ရွှေပြည်ကြီးမှာ နေစဉ်က သူသည် ဤမျှ ၀ီရိယကောင်းခဲ့သည်တော့ မဟုတ်ခဲ့။ မဟာယာနဗုဒ္ဓဘာသာ အ၀ိုင်းအ၀ိုင်းထဲရောက်နေသည့် ထေရ၀ါဒရဟန်းတစ်ပါးဟူသော တွန်းအားကြောင့်သာ သူ့ကိုယ်သူ ရှေ့တိုး နေမိခြင်းသာ ဖြစ်သည်။ သူ့အကြောင်းသိသူများ၏ စကားဝိုင်းတွင် သူသည် ပျင်းရိလေးတွဲ့သော ခပ်ညံ့ညံ့တစ်ဦးအဖြစ် စာရင်းပေါက်ခဲ့ပြီး ဖြစ်ပါသည်။

လွန်ခဲ့သောနှစ်က သူကိုယ်တိုင် နှစ်ခြိုက်လိုလားစွာ ဘလော့လေးတစ်ခုကို ဖွင့်မိခဲ့သည်။ သူသည် ဂင်္ဂါကို ဧရာဝတီလောက် မမြတ်နိုးသည့်တိုင် ဗာရာဏသီနေ့ရက်များနှင့် လိုက်လျောညီထွေဖြစ်စေရန် ဓမ္မဂင်္ဂါ ဟူသော အမည်ကို ရွေးချယ်ဖြစ်သွားသည်။ နောက်များမှာတော့ ဓမ္မဂင်္ဂါသည် သူ အဦးအစအသုံးပြုသော အမည်မဟုတ်မှန်း သိသွားရပြန်သည်။ ကာလကတ္တားအခြေစိုက် ၀ိပဿနာဂုရုကြီး အက်စ်ဂိုအင်ကာ၏ ကမ္မဋ္ဌာန်း ရိပ်သာ ခွဲအမည်ဖြစ်နေခဲ့လေသည်။

မည်သို့ဆိုစေ သူသည် ဂင်္ဂါကို ကူးခတ်မိခဲ့ပြီ။

(၂)

နေ့စဉ်ပင် တစ်နေ့တာပါဠိသင်တန်းသုံးကြိမ်အတွက် သင်ခန်းစာပြင်ဆင်ရသည်။ မနက် (၈း၀၀)နာရီတွင် ဥပစာတန်း (က)အတွက် ခုဒ္ဒကနိကာယ်၊ ခုဒ္ဒပါဋ္ဌပါဠိကို ပို့ချသည်။ ရွှေပြည်ကြီးတွင် အကြိမ်ကြိမ်ရွတ် ဖတ်ခဲ့ရသော မင်္ဂလသုတ်၊ ရတနသုတ်၊ မေတ္တသုတ်၊ တိရောကုဋသုတ်၊ နိဓိကဏ္ဍသုတ်များကို ပို့ချရသည် ဆိုသော်လည်း ဂါထာများကို စစ်စစ်ပေါက်ပေါက် အင်္ဂလိပ်ဘာသာဖြင့် ရှင်းပြရသည်က ချွေးပြန်သည်။ သင်တန်းသားက ငါးယောက်သာဖြစ်သည်။ လားမားရဟန်းတော်သုံးပါး၊ ရုရှားကျောင်းသားတစ်ယောက်နှင့် ဂျမူးကက်ရှမီးယားပြည်နယ်က လာဒက်ကျောင်းသူလေးတစ်ယောက်ဖြစ်သည်။ သည်ရက်ပိုင်းမှာ တုတ်ကွေး ရောဂါကြောင့် လားမားရဟန်းတစ်ပါးနှင့် လာဒက်ကျောင်းသူလေးက ကျောင်းမတက်နိုင်။ သို့နှင့် သင်ခန်းစာအသစ်လည်း မပို့ချဖြစ်။ မေတ္တသုတ်ကိုပဲ ပြန်နွှေးပေးဖြစ်သည်။

၈း၄၅ နာရီတွင် တက္ကသိုလ်စာသင်ခန်းမှ သူ့အခန်းလေးရှိရာသို့ ပြန်လာမြဲဖြစ်သည်။ အင်္ဂလိပ်စာ သင်တန်းတက်မည့် မိတ်ဆွေမြန်မာရဟန်းတော်များက သူငှါးရမ်းနေထိုင်ရာ အဆောင်ရှေ့တွင် အဆင်သင့် စောင့်နေကြသည်။ သူ့အခန်းလေးက သင်တန်းသားရဟန်းတော်များအတွက် ကျဉ်းမြောင်းသည်မို့ အဆောင်ရှေ့မြက်ခင်းပြင်သည်ပင် သင်တန်းခန်းမဖြစ်သွားသည်။

ကမ္ဘာကျော်ဘင်္ဂါလီစာဆိုကြီး ရာဗိန္ဒြာနတ် တဂိုး၏ သျှန္တိနိကေတန်တက္ကသိုလ်ကြီးနှင့် နိုဘယ်ဆုရ မဟာကရုဏာ ရှင် မာသထရီဆာ၏ ကိုလ်ကတ္တားမြို့တော်ရှိ လူမှုဝန်ထမ်းပညာရေးစင်တာကြီးသည် သစ်တစ်ပင်ရင်း ၀ါးတစ်ပင်ရင်း စာသင်ခန်းမှ စတင်ခဲ့သည်ဟု ဆိုပါသည်။( သူကတော့ ရွှေပြည်ကြီးပြန်ရောက်လျှင် အကဲဒမစ်ခ် စင်တာအဆောက်အဦးကြီး ခမ်းနားစွာ တည်ဆောက်ပြီးမှ သင်တန်းစတင်ရန် တွေးနေမိသည်ကို ပြန်သုံးသပ်နေရသည်။ )

တနင်္ဂနွေနေ့မှ လွဲ၍ အခြားအကြောင်းထူးမရှိလျှင် သင်တန်းဖျက်လေ့မရှိပါ။ ၉း၄၅ နာရီတွင် သူ့အင်္ဂလိပ်စာ သင်တန်းပြီးသွားသည်။ ၁၀း၀၀ နာရီမှ ၁၁း၀၀ နာရီအထိ သူ့ကိုယ်ပိုင်အချိန်ဖြစ်သည်။ ၀က်ဘ်ဆိုဒ်အချို့ကို ဖွင့်ကာ သတင်းစာမျက်နှာများကို ၀င်ရောက်ဖတ်ရှုဖြစ်သည်။ ပြုံးလိုက် မဲ့လိုက်....သံဝေဂယူဖြစ်သော အချိန်ဖြစ်သည်။

၁၁း၀၀ နာရီထိုးသည်နှင့် သီတင်းသုံးဖော်ရဟန်းတို့ လက်စွမ်းလက်စရှိသမျှ ချက်ပြုတ်ထားသော နေ့လည်စာ ကို စားခွင့်ရပါသည်။ (သူနှင့် အတူနေထိုင်ကြသည့် ရဟန်းတော်များက ဟင်းချက်ဂုရုကြီးများဖြစ်သည်။ သူကတော့ နာမည်ပျက်မည့်အတူတူ နာမည်အပျက်မခံတော့ပါ။ အိမ်း အိမ်း။)

၁၁း၃၀ နာရီတွင် တက္ကသိုလ် ဥပစာအကြိုတန်း(က)တွင် အခြေခံပါဠိသဒ္ဒါနှင့် ဇာတက၀တ္ထုမိတ်ဆက်ပို့ချရန် အပြေးသွား ရပြန်သည်။ ပါဠိဘာသာကို ပထမဆုံးမိတ်ဆက်ပေးရသော အတန်းဖြစ်၍ ဂရုစိုက်ရသည်။ ကျောင်းသားက လေးယောက်သာ ရှိသည်။ နီပေါလ်ကျောင်းသားတစ်ယောက်၊ အရုဏာချယ်လ်ပြည်နယ်သား ကျောင်းသားတစ်ယောက်နှင့် တိဘက်လားမားနှစ်ပါးတို့ဖြစ်သည်။ ယနေ့တော့ သူသည် ရွှေပြည်ကြီးမှ ထေရ၀ါဒရဟန်းတော်များဆွမ်းခံချိန်အကြောင်းကို ပြောပြဖြစ်သည်။ သပိတ်ဟူသော ဝေါဟာရကို ရှင်းပြရာမှ ဆင့်ပွားသွားခြင်းဖြစ်သည်။ မဟာယာနကျောင်းသားများအတွက် အထူးအဆန်းဘာသာရပ်တစ်ခုဖြစ်နေသည်။ ၁၂း၃၀ တွင် သင်တန်းပြီးသွားသည်။

၁၂း၃၀ သင်တန်းပြီးသည်နှင့် သူ့ပါဠိဌာနပါမောက္ခ ဆူရိန္ဒြာကုမားရ်ကြီးက စောင့်နေသည်။ ယနေ့ တက္ကသိုလ်ပထမခြောက်လပတ်အတွက် မေးခွန်းများအပြီးသတ် တင်သွင်းရမည့်နေ့ဖြစ်သည်။ သူ့စိတ်ဝယ် ထင်မြင်နေမိသည်က သူပို့ချသည့်အတန်းကို သူကိုယ်တိုင်မေးခွန်းထုတ်ခွင့်ရမည် ဟုပင်။ သို့သော် သူ့နာမည်ဖြင့် လိပ်မူရောက်ရှိလာသည်က ပါမောက္ခ ဆူရိန္ဒြာကူးမားရ်ပို့ချနေသည့် ဥပစာတန်း(ခ)အတွက် မေးခွန်းထုတ်ရန်ဖြစ်နေသည်။ သူ့ပို့ချနေသည့် ဥပစာအကြိုတန်း(က)အတွက် ပါမောက္ခ ဆူရိန္ဒြာကူးမားရ်က မေးခွန်းထုတ်မည်။ ဥပစာတန်း(က)အတွက်တော့ ဗာရာဏသီဟိန္ဒူတက္ကသိုလ်မှ ပါမောက္ခတစ်ဦးက မေးခွန်းထုတ် မည်ဟု သိရသည်။ အားလုံးဖြေနိုင်ကြပါစေ။ စာမေးပွဲက ဒီဇင်ဘာမှာ ကျင်းပမည်မို့ နှစ်လခန့်လိုပါသေးသည်။

(၂)

၁း၃၀ နာရီတွင် သူတက်ရောက်နေသော တိဘက်ဘာသာစကားသင်တန်း စတင်ပါသည်။ တိဘက်သင်တန်းက တစ်ပတ်လျှင် သုံးရက်ဖြစ်သည်။ တနင်္လာ၊ ဗုဒ္ဓဟူးနှင့် သောကြာနေ့များဖြစ်သည်။ သင်တန်းပို့ချသည့် ပါမောက္ခတိဘက်လားမားကြီးက လေ့ကျင့်ခန်းလုပ်ခိုင်းသည်။ '' ဂုရုဂျီး ငါ့ဂေါ နာဂီ ဒု'' ( ဂုရုကြီးရေ ငါ့ခေါင်းတော့ သိပ်ရှုပ်သွားပြီ) ဟု သူပြောသောအခါ ခင်မင်ဖွယ်ကောင်းသည့် လားမားကြီးက တသိမ့်သိမ့်ရယ်မောလေသည်။ (တိဘက်လားမားကြီးက လူရွှင်တော်အကယ်ဒမီဦးမိုးဒီကြီးနှင့် တူလှသည်။)

(ငါက ငါ၊ ဂေါက ခေါင်း-ဂေါင်းဖြစ်သည်) တိဘက်ဘာသာစကားက မြန်မာနှင့် သင်ပုန်းကြီးတူလှသည်။ မြန်မာဆိုရိုးလိုပင် ဆိုရသည်။ မြန်မာက က ငသတ်ဆိုသလိုပင် တိဘက်ကလည်း က ငတတ် ဟုဆိုရသည်။ မြန်မာက က ၀ဆွဲဆိုသလိုပင် တိဘက်ကလည်း က ၀ဆိုး ဟု ဆိုရသည်။မြန်မာက က ယပင်း ကျ ဆိုရသလိုပင် တိဘက်က က ယတတ် ကျ ဆိုရသည်။ မြန်မာက က လုံးကြီးတင် ကိ ဆိုရသလို တိဘက်က က ဂေကု ကိ ဟု ဆိုရသည်။

တိဘက်စာသင်ဘက်များက ဒဿနိကဗေဒပါမောက္ခဟောင်းဆရာကြီးတစ်ဦး၊ နိုင်ငံရေးသိပ္ပံကထိက ဆရာတစ်ဦးနှင့် အင်္ဂလိပ်စာတွဲဘက်ပါမောက္ခဆရာမတစ်ဦးတို့ဖြစ်သည်။ တိဘက်လားမားကြီးက ဟိန္ဒီလို ပို့ချလိုက် အင်္ဂလိပ်လို ရှင်းပြလိုက်ဖြစ်သည်။ အင်္ဂလိပ်ဘာသာစကားကတော့ သူ့အတွက် ရည်ရွယ်သည်။ လားမားကြီးက ရိုးသားပွင့်လင်းစွာပင် အင်္ဂလိပ်ဝေါဟာရအချို့ မသိသောအခါ ဆရာမနှင့် ပါမောက္ခ ဟောင်းကြီးကို မေးမြန်း လေ့ရှိသည်။ နွေးထွေးသော စာသင်ခန်းဖြစ်သည်။

ဤတက္ကသိုလ်တွင် ဆရာ ဆရာမများကြား ခွဲခြားဆက်ဆံမှုမျိုးရှိသည်ကို ယနေ့အထိ မတွေ့ရ။ ပါမောက္ခများ၊ ကထိကများကြားဆက်ဆံရေးသည် ပွင့်လင်းလွတ်လပ်သည်။ ဟိတ်ဟန်းလည်း နည်းပါးကြသည်။ အမှန်တကယ် ဆိုလျှင် သူက ဧည့်သည်မျှသာ ဖြစ်သည်။ ဆရာမက အိမ်ထောင်သည် ဘင်္ဂါလီ အမျိုးသမီးတစ်ဦးဖြစ်ပြီး သူ့ကို '' ဘန္တေဂျီး ဟဆ်မုခ်ဟဲ '' ဟု အမြဲပြောတတ်သည်။ မျက်နှာချိုသည်ဟု ဘာသာပြန်ခွင့်ပြုကြပါ။ ရင်းနှီးသူများဘာသာပြန်လျှင် တစ်မျိုးအနက် ထွက်နိုင်သောကြောင့်ဖြစ်သည်။

သင်တန်းချိန်က တစ်နာရီသတ်မှတ်ထားသော်လည်း အမြဲတမ်း နှစ်နာရီခွဲခန့်ကြာတတ်လေသည်။ မဇ္ဈိမသား တို့ကတော့ ပြောလည်း ပြောနိုင်ကြသည်။ နားလည်း နားထောင်နိုင်ကြပေသည်။ သူ့မှာသာ ရွှေပြည်ကြီးသားပီပီ အတိုကြိုက် အမြန်ကြိုက် အလွယ်ကြိုက်...။ တိဘက်သင်တန်းတက်နေစဉ်မှာပင် သူပို့ချရမည့် ပါဠိအထူးသင်တန်းချိန်ရောက်လာသည်။ ၂း၃၀ နာရီ ။

သင်တန်းသားက စာရင်းအရ (၇)ယောက်ရှိသော်လည်း တကယ့်သင်တန်းသားက သူ့တပည့်ရင်း နှစ်ယောက်သာ မြဲနေသည်။ ဥပစာကြိုတန်း က နီပေါလ်ကျောင်းသားနှင့် ဥပစာတန်းက ရုရှားကျောင်း သားဖြစ်သည်။ တပည့်ကျောင်းသားနှစ်ယောက်၏ ပါဠိဘာသာစိတ်ဝင်စားမှုနှင့် အားထုတ်မှုကို အသိအမှတ်မပြုဘဲ နေ၍ မရတော့ပါ။ အချိန်တိုတိုအတွင်းမှာပင် ပါဠိဝါကျတည်ဆောက်ပုံများကို နားလည် သွားကြသည်။ တပည့် ချွန်ထက်လျှင် ဆရာအနေဖြင့် မချောင်လည်ကြောင်း သိကြလိမ့်မည်။ ငယ်စဉ်က ဆရာဘုန်းတော်ကြီး၏ "သံသယများတဲ့ တပည့်ကို ဂရုစိုက်ရတယ်'' ဆိုသော သြ၀ါဒကို အမှတ်ရသည်။ ဘာသာရပ်တစ်ခုကို စူးစိုက်လေ့လာသည့် တပည့်အတွက် သံသယများ တိုးပွားသည်။ သိလိုသော အရာတို့ များလာသည်။ ဆရာက အဆင်သင့်ဖြစ်ဖို့ အရေးကြီးသည် တဲ့။

ပါဠိဝါကျများနှင့် ရင်းနှီးကျွမ်းဝင်လာပြီဖြစ်သော ဤကျောင်းသားနှစ်ယောက်အတွက် ယခုတစ်ပတ်မှ စတင်ကာ ဓမ္မပဒအဋ္ဌကထာကို သူပို့ချဖြစ်ခဲ့သည်။ ယခုအထိတော့ အခက်အခဲ မရှိသေး။ လွန်ခဲ့သောတစ်ပတ်ကတော့ ဗာရာဏသီဟိန္ဒူတက္ကသိုလ်တွင် တက်ရောက်နေသည့် မိတ်ဆွေရဟန်းတော် စွန်းလွန်းအရှင်သောဘနာလင်္ကာရထံမှ အမရပူရ မဟာဂန္ဓာရုံဆရာတော်ကြီး၏ အဋ္ဌကထာအခြေပြုဖိုင်လ်လေးတစ်ခု ပေးပို့ထားသည်။ ကိုးကားရည်ညွှန်းနိုင်ရန်ဖြစ်သည်။

ပထမဆုံး ယမက၀ဂ်၊ စက္ခုပါလမထေရ်ဝတ္ထုကို စတင်ဖတ်ကြသည်။ ထေရ၀ါဒနှင့် မရင်းနှီးသော တပည့်ကျောင်းသားများကို ပါဠိဘာသာစကားကိုသာမက ထေရ၀ါဒနောက်ခံသမိုင်းကိုပါ ပြန်လှန်နေရသည်။ စက္ခုပါလ၀တ္ထုဖွဲ့တည်ရာ သာဝတ္ထိမြို့ကြီးအကြောင်း၊ အနာထပိဏ်သူဌေးကြီးနှင့် ၀ိသာခါဒကာမကြီးတို့၏ ဇေတ၀န်နှင့် ပုဗ္ဗာရုံကျောင်းတော်ကြီးများ။ ပုထုဇဉ်နှင့် အရိယာသာဝကတို့၏ ထူးခြားချက်။ ဘုရားရှင်တို့ ဖြည့်ဆည်းရသည့် ပါရမီဆယ်ပါးနှင့် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းအရေအတွက်ကာလများ..။

သာဝတ္ထိမြို့၏ လူဦးရေ (၇)ကုဋေရှိကြောင်းနှင့် (၅)ကုဋေက အရိယာသာဝကများဖြစ်ကြောင်း၊ ပုထုဇဉ်မှာ (၂)ကုဋေမျှသာ ရှိကြောင်း ရှင်းပြသောအခါ ကျောင်းသားနှစ်ဦးလုံးက သူ့ကို မော့ကြည့်သည်။ အနာထပိဏ် သူဌေးကြီးနှင့် ၀ိသာခါဒကာမကြီးတို့ ဘုရားကျောင်းတော်သို့ လာသည့်အခါ ကိုရင်ငယ်လေးများ ပြေးလွှားကာ မုန့်တောင်းနေကြသည့်မြင်ကွင်းကိုတော့ ကြည်နူးစွာပင် စာသင်ခန်းထဲမှ ဆရာတပည့်များ လှမ်း မျှော်ကြည့်ဖြစ်ကြသည်။

(၄)

စာမရေးတာ ကြာပြီနော် ဟု ဆိုလာကြသည့် မိတ်ဆွေအချို့အတွက် ကောက်ခြစ်မိသော ၀ါကျအချို့သာ ဖြစ်သည်။ တစ်ဘက်ဆည်ကန်တွင် ဆောင့်တိုးဝင်ရောက်လာသည့် တောင်ကျချောင်းရေလိုပင် စကားလုံးအချို့ သူ့နှလုံးသားဗဟိုချက်တွင် တဒုတ်ဒုတ်ထိနေသည်။ သို့သော် သူသည် ယမန်နှစ်က စီးဆင်းအားကို လိုက်မမီနိုင်အောင် ခေါင်းတစ်ခြမ်းကိုက်ဝေဒနာကို သိမ်းဆည်းနေရသည်။ ခေါင်းတွေ ရှုပ်လိုက်တာ...(ငါဂေါ နာဂီ ဒု)

ဓမ္မဂင်္ဂါ

၁-၁၀-၂၀၁၀

တကယ်ပါ (ဂေါ နာဂီ ဒု)

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP