* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, October 29, 2010

ချိုပြုံးလည်း လွမ်းနေရတယ်(၃)

အကယ်ဒမီချိုပြုံး

(၃)

ဦးဇင်းလေးများသည် မြန်မာပြည်တွင် အဆင့်မြင့်ပိဋကတ်စာပေများကို သင်ယူခဲ့ကြပြီးဖြစ်သည်။ ထိုပိဋကတ်စာပေအသိကို အိန္ဒိယနိုင်ငံတက္ကသိုလ်အသီးသီးရှိ ခေတ်ပညာရေးစနစ်သစ်များနှင့် နှိုင်းယှဉ်ကာ ကမ္ဘာတွင် သာသနာပြန့်ရန် ကြိုးပမ်းကြပေဦးမည်။ကျမတို့ ရှိနေစဉ် မြန်မာပညာသင် ရဟန်းတော်များကျောင်းတွင် လာရောက်စုဝေးနေကြသော ဦးဇင်းလေးများသည် ကျောင်းအမကြီးဒေါ်မြရှင်၏ ချက်ပြုတ်ကျွေးမွေးမှုဖြင့် ယာယီချမ်းသာနေကြသည်။ အရုဏ်ဆွမ်းချိန်တွင် သားဦးဇင်းလေးများ မဘုဉ်းပေးရမည်စိုး၍ အခန်းတံခါးစေ့အောင် လိုက်ခေါက်တတ်သော ကျောင်းအမကြီးကို ဦးဇင်းလေးများ မေ့နိုင်မည် မထင်တော့ပါ။ နေ့ဆွမ်းဆိုလည်း နေ့ဆွမ်းမို့ (၁၀) နာရီခွဲသည်နှင့် သူ့ဦးဇင်းတွေ စုံမစုံ လိုက်ကြည့်ရသည်မှာလည်း အမောပင်။

ကျမတို့ အမှတ်တရဖြစ်ရသည်က နေ့ဆွမ်းဘုဉ်းပေးပြီးသည်နှင့် ဦးဇင်းလေးများ ချီးမြှင့်သည့် မေတ္တာသုတ်ပရိတ်တရားတော်ကို နေ့စဉ်နာယူခွင့်ရခြင်းပင် ဖြစ်သည်။ ဘာသာခြားတို့ ကြီးစိုးသည့် ဒေသစိမ်းတွင် ကိုယ့်ကျောင်းကိုယ့်ကံ ကိုယ့်ဒေသနာသံကို နာယူခွင့် ရခြင်းလောက် ကံကောင်းခြင်း ဘယ်မှာ ရှိပါတော့မည်နည်း။ဆောက်လက်စကျောင်းဆောင်တွင် စောင့်ရှောက်ထိန်းသိမ်းရန် အမြဲနေ ရဟန်းတော် (၁၀) ပါး သီတင်းသုံးသည် ဟု သိရသည်။ ကျောင်းအမကြီး ဒေါ်မြရှင် ဆွမ်းပင့်ဖိတ်ထား၍သာ ရဟန်းတော်အပါးသုံးလေးဆယ်ဖြင့် စည်ကားနေခြင်း ဖြစ်သည်။ ကျမတို့ ပြန်သွားကြသည်နှင့် ဦးဇင်းလေးများ မိမိတို့ တက္ကသိုလ်အဆောင်အသီးသီးသို့ ပြန်ကြရမှာဖြစ်သည်။ ထိုအခါ အစားအသောက်အနေအထိုင် ဆင်းရဲကြဦးမည်ပင်။ ထိုအတွေးများက ကျမရင်ကို နာကျင်စေပါသည်။

ဒီဦးဇင်းလေးတွေ ဒီလိုဒုက္ခပေါင်းများစွာ ခံပြီး အမျိုးဘာသာသာသနာအတွက် ကြိုးစားသင်ယူနေကြသည်ကို လူတိုင်းသိကြပါလေစ။ ကျမမြင်စေချင်စမ်းလှသည်။ ''မိဘနဲ့ မတွေ့ရတာ (၇) နှစ်ကြာပြီ။ ဦးဇင်းကတော့ ပညာရေးမပြီးမချင်း မပြန်သေးပါဘူး။ ဆိုသော အသံများ။ မိဝေး ဘဝေး ဆွေမျိုးဝေးမှာ ရုန်းကန်လှုပ်ရှား ပညာသင်နေကြသည့် သားများအတွက် အမိနိုင်ငံက မိဘဆွေမျိုးတွေ ဘယ်လောက်အကူအညီပေးနိုင်ကြသလဲ ကျမ မသိပါ။ ကျမကိုယ်တိုင်ကရော ဘယ်လောက်ကူညီနိုင်သလဲ..လို့ မိမိကိုယ်ကိုယ် မေးခွန်းပြန်ထုတ်မိပါသည်။ ကျမလည်း မယ်မယ်ရရ မတတ်နိုင်လှသေးပါ။

ပညာသင်ယူနေကြသည့် ဤဘုန်းကြီးလေးများအတွက် ကျမစိတ်ကူးထဲတွင် ကျမသည် အသက်ကြီးကြီး စိတ်ရှည်ရှည်မိန်းမကြီးတစ်ဦး(ဆွမ်းချက်ကပ်ရန်) သွက်လက်ဖြတ်လတ် ကျန်းမာသော ခပ်ရွယ်ရွယ် မိန်းမတစ်ယောက် (ဝေယျာဝစ္စဆောင်ရွက်ပေးရန်) ။ ငွေကြေး ပြည့်စုံ ကုံလုံသော ၀ိသာခါလို ဥပါသိကာမကြီးတစ်ဦး (လစဉ် ဆန်ဆား ငရုတ် ကြက်သွန် အပြည့်အစုံ စားဖိုဆောင်တွင် အလျှံပယ် ရှိစေရေး စီစဉ်ပေးရန်) စိတ်ကူးသည် စိတ်ကူးမျှသာ ဖြစ်ပြီး စိတ်ကူးနယ်ပယ်မှ ထွက်မြောက်နိုင်အောင် ကျမ ကြိုးစားရပါဦးမည်။

တကယ်တမ်း ပြန်မည့် ရက်မတိုင်မီ (၃) ရက် အလိုမှာတော့ ဒေါ်ချိုပြုံးရဲ့ နှစ်စဉ် ခံစားနေကျ ဝေဒနာတွေ ရင်နှင့် အပြည့်ဖြစ်လာသည်။ ကျမ သားသမီးများရှိရာ အင်္ဂလန်သွားလျှင် အပျော်များ၊ ရင်ခုန်လှုပ်ရှားမှုများနှင့် တက်ကြွနေတတ်သည်။ ပြန်ရန် တစ်ပတ်ခန့် အလိုမှာတော့ မအိပ်နိုင်၊ မစားနိုင် မွန်းကြပ်သော ဝေဒနာများနှင့် တအီအီဖြစ်ရသည်။ သားသမီးများလည်း ဟန်ဆောင်အပြုံးများ နောက်ကွယ်မှာ မျက်လုံးများ နီရဲလို့ နေတတ်သည်။ မိမိသည်လည်း လေယာဉ်ပေါ် ရောက်သည်နှင့် မျက်နှာကို လက်ကိုင်ပုဝါအုပ်၍ ငိုတော့သည်။ နောက်တစ်ခါ မသွားတော့ဘူး။ ပြန်ခါနီးကျရင် ခံနိုင်ရည် မရှိဘူး ခုတော့ နေသားကျနေပြီ ဟု အကြိမ်ကြိမ်တွေးမိသည်။ အတွေးသည် အတွေးသာဖြစ်သည်။ အချိန်တန်လျှင် သွားမိသည်ပင်။

ခုလည်း ဂယာမှ ပြန်ခါနီးတွင် ထုံးစံအတိုင်း စိတ်ယောက်ယက်ခတ်တော့သည်။ အမေတစ်ယောက်၏ နှလုံးသားသည် သားသမီးများနှင့် ခွဲခွာရမည်ကို ဘယ်သောအခါမှ မကျေနပ်နိုင်ပါ။ ဗုဒ္ဓ၏ တရားများကို သင်ယူအားထုတ်ဖြန့်ဖြူးကြမည့် သားရဟန်းတို့လည်း လက်တွေ့ဘ၀၏ ခွဲခွာရခြင်း ငယ်ရွယ်သူများပီပီ လက်ခံချင်ပုံ မရပါ။ မိဘများကို အလွန်လွမ်းပုံရကြပါသည်။ ကျမသည် လေယာဉ်ပေါ်တက်ခါနီးအထိ သားများအနားမှာ ပေကပ်နေသည်။ ဒီ ဦးဇင်းလေးတွေက မကြာမီကာလမှာ ကမ္ဘာ့နိုင်ငံအသီးသီးမှာ သာသနာပြုကြမယ့် ပုဂ္ဂိုလ်တွေပဲ၊ ဒီအမေက ဒီသားရဟန်းတွေအတွက် ဂုဏ်ယူရမှာပါလား ဆိုသည့်အတွေးများကြောင့်သာ လေယာဉ်ပေါ်တက်နိုင်နိုင်ခဲ့ခြင်းဖြစ်သည်။

လေယာဉ်စက်သံနှင့်အတူ ပြေးလမ်းမှ လေယာဉ်ဘီး လွန်သွားပုံ၊ ငြိမ့်ကနဲ လေယာဉ်လှုပ်သွားပုံသည် ဂယာနှင့် ဝေးခဲ့ပြီး သာသနာ့အာဇာနည်လေးတွေ ကျန်ခဲ့ပြီ ဟူသော အသိနှင့်အတူ ( အော် သံသရာအစကတည်းက လွမ်းခဲ့လိုက်ရတာ၊ ခုထိလည်း လွမ်းနေရတုန်းပဲကိုး ...) ဟု ပြောလိုက်သော သားရဟန်း၏ အသံသည် ဘေးနားက ခုံမှာ ထိုင်ပြောသည်သို့..။

ကျမသည် အင်္ဂလန်မှ ပြန်လာစဉ်ကလိုပင် မျက်နှာကို လက်ကိုင်ပုဝါနှင့် အုပ်လိုက်မိပါသည်။ အော် ချိုပြုံးလည်း လွမ်းနေရတုန်းပါပဲလား၊ သို့သော် သည်အလွမ်းက လောကီဆန်းလွန်းသော အလွမ်းတော့ မဟုတ်၊ သားရဟန်းတို့၏ အနာဂတ်သာသနာ့အရေး မျှော်တွေးအားတက်နေမိသည့် မိခင်တစ်ယောက်၏ မုဒိတာယှဉ်သော အလွမ်းပါပေ။

အကယ်ဒမီချိုပြုံး

အဋ္ဌမနှစ်လည်စာစောင်မှ ပြန်လည်ကူးယူဖော်ပြပါသည်။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP