* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, October 29, 2010

*အရိယာ သစ္စာလေးပါး တရားတော်-၁*

ဤကမ္ဘာပေါ်တွင် ဆင်းရဲများလှ၏။ နေ့စဉ်နှင့်အမျှ သန်းပေါင်းများစွာသော လူသားတို့သည် စားရမဲ့ သောက်ရမဲ့ဖြစ်လျက် ငတ်မွတ်ခြင်း ဆင်းရဲနှင့် ကြုံတွေ့နေရ၏။ သန်းပေါင်းများစွာသော လူသားတို့မှာလည်း ၀တ်စရာမရှိ၊ နေစရာမရှိ၊ အတိဒုက္ခမျိုးစုံ ကြုံတွေ့နေရ၏။ မိုးဒဏ် လေဒဏ် နေဒဏ်ကို မျက်မှောက် ခံစားနေရရှာသည်။ ရောဂါဝေဒနာ မျိုးစုံကို ပက်ပင်းကြုံတွေ့ ခံစားနေရာသော လူများမှာလည်း သန်းနှင့်ချီပြီး ရှိနေကြ၏။ အနာသိလျက် ဆေးမရှိ၊ ကုသမှုကို ခံစားခွင့် မရှိဘဲ ဆင်းရဲ ကြုံတွေ့နေရပါသည်။ ဇာတိ (မွေးဖွားခြင်း) ဆင်းရဲသည် ထင်ရှားရှိ၏။ မိခင်တို့၏ ဒုက္ခဆင်းရဲ ထင်ရှားရှိ၏။ မွေးဖွားလာသော လူသား ကလေးငယ်တို့မှာ ပို၍ ဒုက္ခဆင်းရဲ များကြပါသည်။ မိခင်၏ ၀မ်းတိုက်မှ ကျဉ်းမြောင်းလှသော ယောနိကို အတင်း တွန်းထွက်လာရ ကတည်းက အပြင်လောက၏ ပွတ်တိုက်ခြင်းကို ကြုံတွေ့ ခံစားကြရသည်။ ကိုယ်ခန္ဓာမှာ ရောဂါအနာ ရကြသည်။ နာမကျန်း ဖြစ်ရသည်။ အိုမင်း ရင့်ရော်ကြရသည်။ နောက်ဆုံးတော့ သေခြင်း ဆင်းရဲကြီးနှင့် ကြုံကြရတော့သည်။

ဤလောက၀ယ် ရန်သူတို့၏ လက်တွင်း၌လည်းကောင်း၊ အနာတရ ဘေးဒုက္ခရောက်အောင် ဖန်တီးသူတို့၏ လက်တွင်း၌ လည်းကောင်း၊ အားကိုးရာမဲ့ ညှင်းဆဲ နှိပ်စက် ခံနေကြရ သူတွေမှာလည်း များလှပါ၏။ နိုင်ငံများစွာဝယ် အကျဉ်းခံနေရသော အကျဉ်းသားများသည် လူမဆန်စွာ ရက်စက် ကြမ်းကြုတ်ခြင်းဘေးနှင့် ကြုံတွေ့နေရပါသည်။ စစ်ဆိုသော ရက်စက် ကြမ်းကြုတ်မှုကြီးလည်း ရှိပါသည်။ စစ်ဘေး စစ်ဒဏ်ကို ကျွန်ုပ်တို့ ကဲ့သို့သော လူသားစင်စစ် ယောက်ျား၊ မိန်းမ အပေါင်းတို့သည် မရှုမလှ ငုတ်တုတ် အားကိုးရာမဲ့အဖြစ်ဖြင့် ခံစားနေကြပါသည်။ ထို အဖြစ်ဆိုးမျိုးနှင့် လူသားများ တွေ့ဆုံဆက်ဆံ ခံစားခဲ့ကြရသည်မှာ အကြိမ်မည်မျှ ရှိပါမည်နည်း။ နောက်ထပ် ထို အဖြစ်ဆိုးမျိုးနှင့် အနာဂတ်ဝယ် အကြိမ်ပေါင်းမည်မျှ ကြုံတွေ့ရပေ ဦးမည်နည်း။

ကံစက်၏ အနည်းငယ်သော အလှည့်အပြောင်း ဖြစ်ရုံမျှဖြင့် ကျွန်ုပ်တို့သည်လည်း ထိုကဲ့သို့သော လူသားများ အဖြစ်သို့ နောက်ထပ်တစ်ဖန် ရောက်ကြရပေ ဦးတော့မည်။ ဤ ရုပ်နာမ်ခန္ဓာကို ရရှိခဲ့မှုကြောင့် ထိုထို ဆင်းရဲဒုက္ခအပေါင်းကို ခံစားရမည့် အလားအလာများ ရှိနေပေသည်။ ဤအဖြစ်ဆိုး ဒုက္ခ အတွေ့အကြုံမျိုးကို ကျွန်ုပ်တို့သည် အကြိမ်မည်မျှ ခံစားခဲ့ကြရ ဖူးပြီနည်း။ ထိုအဖြစ်မျိုးနှင့် မည်မျှ အလှည့်ကြုံ၍ ခံစားကြရပေဦးမည်နည်း။

ကျွန်ုပ်တို့၏ ရုပ်နာမ်ခန္ဓာကို ဖွဲ့စည်းထားသော ရုပ်ဓာတ်များကို မဟာဘုတ် ဓာတ်ကြီးလေးပါးဟု ခေါ်ကြပါသည်။ ၎င်းတို့ကို မဟာဘုတ်ဟု ခေါ်ရခြင်းမှာ ၎င်းတို့၏ အဖျက်စွမ်းအား ကြီးကျယ်မှုကြောင့် ဖြစ်၏။ ကျွန်ုပ်တို့၏ ခန္ဓာကိုယ်တွင် ပါဝင် ဖွဲ့စည်းနေကြကုန်သော ဤ ဓာတ်ကြီး လေးပါးသည်ပင် ကမ္ဘာမြေကြီးကို လည်းကောင်း၊ နေနက္ခတ်တာရာ ဂြိုဟ်ကြီးများကို လည်းကောင်း ဖွဲ့စည်း ဖြစ်ပေါ်စေကြ၏။ ခန္ဓာကိုယ်ဝယ် ထိတွေ့ သိရှိရသော အဆိုပါ ဓာတ်ကြီးလေးပါးသည် သဘာဝ နိယာမ အားလျော်စွာ နေစကြ၀ဠာကြီး တစ်ခုလုံးကို ဖွဲ့စည်း ဖြစ်ပေါ်စေခြင်း၌လည်း တာဝန် မကင်းကြကုန်။ ထို ဓာတ်ကြီးလေးပါးပင် စကြ၀ဠာတိုက် တစ်ခုလုံးကို ဖန်ဆင်းခဲ့သည် ဟူလို။

ထို့အတူ စကြ၀ဠာတိုက်ကြီး တစ်ခုလုံး၊ ကြယ်စုကြီး တစ်ခုလုံး ပျက်စီးနိုင်အောင်လည်း ဤဓာတ်ကြီး လေးပါးသည်ပင် ဖျက်ဆီးနိုင်သော အစွမ်းသတ္တိ ရှိကြပါသည်။ ကာလ အခိုက်အတန့် တစ်ခုဝယ်သာ ဓာတ်ကြီးလေးပါး မျှတကြကုန်သည်။ ထို အခိုက်အတန့်မှာသာ အရာဝတ္ထုတို့ ခေတ္တ တည်ရှိနေကြရသည်။ ထိုစဉ် အသက်ရှင်နေကြရ ကုန်သော ကျွန်ုပ်တို့သည် ဓာတ်ကြီးလေးပါးမှ ချေဖျက်ပြီး ဖရိုဖရဲ ပြိုကွဲသွားမည့် အရေးကို မတွေးမိဘဲ နေကြ၏။ ဓာတ်ကြီးလေးပါး ညီညွတ် မျှတခိုက်မှာသာ အထည် ဒြပ်ဝတ္ထု ပစ္စည်းများ ဖြစ်ပေါ် လာကြရပြီး ထိုသို့ ဖြစ်ပေါ်လာပြီးသည်နှင့် တစ်ပြိုင်နက် မရှေးမနှောင်းမှာပင် ထိုဓာတ်တို့၏ မျှတမှု အခြေသည် စတင် ယိုယွင်းပျက်စီးစ ပြုလေတော့သည်။ ထိုသို့ ဖြစ်ခြင်းသည် ရင့်ဆွေးမှု၏ အကြောင်း ဖြစ်၏။ နာခြင်းဆင်းရဲ၊ သေခြင်း ဆင်းရဲတို့၏ အကြောင်းကြီးပင်တည်း။

----------------------------------------------------------

ဆက်လက် ဖော်ပြပါမည်။

ဆရာဦးဆန်းလွင်နှင့် ဆရာဦးဟန်ဌေးတို့ ဘာသာပြန်ဆိုသော ဂိုးလ်စတိန်း၏ ကိုယ်တွေ့ဝိပဿနာ မှ ကူးယူပါသည်။

လေးစားစွာဖြင့်
ဖိုးသား

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP