ကံ,ဥာဏ်,လုံ့လ မစုံက (၂)
လူ့ဘုံ လူ့ဘ၀ကံတစ်ခုတည်းနှင့်လည်း အလုပ်မဖြစ်၊ မကြီးပွားနိုင်၊ ကံမရှိ ဥာဏ်ရှိတိုင်းမွဲ ဆိုသကဲ့သို့ ချမ်းသာမှု အပြည့်အ၀ မရနိုင်ပါပေ၊ ကံ၊ ဥာဏ်မပါဘဲ လုံ့လ ၀ီရိယတစ်ခုတည်းအသုံးချပြန်ကလည်း “ရှေးကကောင်းမှု၊ မပြုနည်းပါး၊ ထိုသူများကား၊ စီးပွားဥစ္စာ၊ ချမ်းသာရကြောင်း၊ ပြုပါရှောင်းလည်း၊ တိမ်စောင်းယွင်းဖောက်၊ လှေငယ် မှောက်သို့၊ မမြောက်ကြရာ၊ လည်းချည်းခါအောင်၊ ချမ်းသာမရ၊ ဖြစ်တတ်စွ၏” ဟု ဆိုသည့်အတိုင်း လုပ်သမျှ ဒုက္ခနှင့်သာ တွေ့ကြုံတတ်ကြပေ၏၊ ယနေ့ တွေ့ကြုံနေကြရသော လူသားတို့သည် များသောအားဖြင့် ဘုန်းကံ နည်းပါးသူတို့သာ များလှပါ၏။ လုံ့လ၀ီရိယကတော့ မနည်းပါလှပါ။ မိမိတို့ တောသူတောင်သားတို့သည် လုံ့လ၀ီရိယကို အားကိုးပြုပြီးလုပ်ကိုင် စားသောက်နေကြရသည်မှာ မြင်းဘူးမည်ထင်ပါသည်။ ထိုလုံ့လကြောင့် ထမင်းနပ်မှန်အောင် စားနေကြရပါသည်။
ထိုကဲ့သို့ လုံ့လ ၀ီရိယ ရှိကြပါသော်လည်း ရှေးဘုန်းကံ အထူပါမလာသောကြောင့်လည်း ကောင်း၊ အကြားအမြင် ဗဟုသုတနည်းပါး၍ ဥာဏ်ပညာကိုလည်း အသုံးမချနိုင်သော်ကြောင့် လည်းကောင်း၊ ကြီးပွားချမ်းသာဖို့လမ်း နည်းပါးလုပါသည်။ မသေထမင်း မသေဟင်းနှင့်သာ တင်းတိမ်ရေကြရပါသည်။
မြို့ကြီးပြကြီးမှာ နေကြသော အချို့သောကံကြီးရှင် ဥာဏ်ကြီးရှင်တို့သည်ကား၊ ထမင်းဘယ်ကဖြစ်သည်ပင် မသိလောက်အောင်ချမ်းသာလှပါ၏၊ ထိုထိုဘုန်းကံရှင်ကြီး တို့ သည်ကား ရှေးကုသိုလ်ကံ ထောက်ပံ့သော်ကြောင့်လည်းကောင်း၊ အကြားအမြင်ဗဟုသုတ ဥာဏ်ပညာရှိနေသောကြောင့်လည်းကောင်း၊ လုံ့လ၀ီရိယရှိသောကြောင့်လည်းကောင်း၊ လုံ့လ ၀ီရိယ ရှိသောကြောင့်လည်းကောင်း၊ လုပ်သမျှ မုချအောင်မြင်နေကြပါသည်၊ ချမ်းသာ သုခနှင့် ပြည့်စုံနေကြပါ၏။
တောရောမြို့ပါ ကံမွဲ၊ ဥာဏ်မွဲ၊ လုံ့လမွဲတို့သည်ကား ဆင်းရဲတွင်းမှ တက်လှမ်းနိုင်ဖို့မလွယ်ကူ လှပါပေ၊ ထို့ကြောင့် (ကံမွဲဥာဏ်နုံ့၊ မလုံ့မလ၊ နတ်မမဘူး၊ အလသမျိုး၊ အကျိုးယွင်းယို၊ အလိုရော့ရည်း၊ အကျော့ကျည်းနှင့်၊ ကိုယ်လည်းလုံ့လ၊ နတ်လည်းမ၍၊ တောင့်တကြံရာ၊ မြန်မကြာလျှင်၊ လွယ်ကာကိစ္စ၊ ပြီးနိုင်ကြ၏) ဟုမန်လည်ဆရာတော် မိန့်တော်မူခဲ့ပေသည်။
ရှေးဘုန်းရှေးကံ မွဲပြီဆိုလျှင်များသောအားဖြင့် အသိဥာဏ်လည်းမွဲသည်က များလှပေသည်၊ ဒီဘ၀ ဥာဏ်ပညာ ထက်မြတ်ခြင်သည်လည်း ရှေးကုသိုလ်ကံကြောင့် ထက်မြတ်ခြင်းဖြစ် သည်။ ထို့ကြောင့် ရှေးဘုန်းရှေးကံ မွဲပြီဆိုလျှင် ပစ္စည်းဥစ္စာ မွဲရုံတင်မဟုတ်၊ များသောအားဖြင့် အသိဥာဏ်လည်း နုံချာသွားတက်ကြပါ၏၊ ပစ္စည်းမွဲသော်လည်း ဥာဏ်ပညာ ထက်မြတ်သည့် ပုဂ္ဂိုလ်ထူးတို့လည်း အနည်းငယ်ရှိပါသေးသည်။
ကံမွဲ ဥာဏ်မွဲပြီဆိုလျှင် လုံ့လ၀ီရိယလည်း လျော့သွားတက်ကြပါသည်၊ ဘယ်ကိစ္စ၌မဆို အပျင်းပိုနေတတ်ပါသည်။ ထိုကဲ့သို့ ကံကလည်းလည်းမွဲ၊ ဥာဏ်ကလည်းနည်း လုံ့လ၀ီရိယ ကလည်းမကူ အပျင်းထူနေသူအား ကြီးပွားလမ်း မမြင်တော့ပေ။
ထို့ကြောင့် စီးပွားရေး ၊ ကြီးပွာရေး ၊ ပညာရေး စသည့် အရေးပေါင်းစုံ အောင်မြင်လိုကြပါလျှင် ကံအားကိုးတစ်ခုတည်းနှင့် မအောင်မြင်နိုင်ပါ၊ ဥာဏ်အားကိုတစ်တည်းနှင့်လည်း မအောင် မြင်နိုင်ပါ၊ လုံ့လ၀ီရိယတစ်တည်းနှင့်လည်း မအောင်မြင်နိုင်ပါ၊ ဥပမာအားဖြင့် (တံငါလက်တွင်း၊ ရောက်လျှင်းတုံငြား၊ သုံးကောင်ငါးကို၊ မှတ်သားဝမ်းထဲ၊ နည်းယူစွဲလော့)တဲ့
တစ်ခါက တံငါသည်တစ်ယောက် လှေတစ်စင်းဖြင့် ငါးဖမ်းရာ ငါးသုံးကောင် မိခဲ့လေသည်၊ တစ်ကောင်း မောင်းကြိုးစားတဲ့၊ သူ့အတွေးက လောကမှာ ၀ီရိယရှိလျှင် ကြိုးစားလျှင် ဘယ်ကိစ္စမဆို အားလုံး ပြီးစီးနိုင်တယ်၊ အမောင် ကြိုးစားလိုက်ကွဆိုပြီး တံငါလက်တွင်းက လွတ်အောင် တဖျပ်ဖျပ်နှင့်ခုန်ကာ ကြိုးစားလေတော့သည်။
ဒီတော့ တံငါသည်က ဒီငါး၊ အတော်လှုပ်ရှားလှဆိုပြီး တက်နှင့်နှက်လိုက်ရာ သေသွားရှာ လေသည်။ မောင်ကြိုစားခမျာ ဥာဏ်မပါဘဲ လုံ့တစ်ခုနတည်းနှင့် ကြိုးစားရှာပါလည်း အောင်မြင်မရရှိလိုက်ရပေ။
မောင်ဥာဏ်ယုံဆိုသည့် ငါးကတော့ မောင်းကြိုးစားလို နေရာတကာတိုင်း မလှုပ်ရှားဘူး၊ တံငါသည်၏ အခြေအနေကို ဥာဏ်နဲ့ အသာစောင့်ကြည့်နေ၏၊ ဒါနဲ့ လှေနံဘေး စောင်းအသွား၊ လွှတ်လောက်သည့်အနေအထား ရောက်လောက်မှ ဖျက်ခနဲဆို တစ်ခါတည်း ရေထဲခုန်ချကာ လွှတ်မြောက်၍သွားတော့သည်။ မောင်ဥာဏ်ယုံငါးကလေးသည် ဥာဏ်ရှိရုံ တင်မဟုတ်ပဲ၊ လွှတ်လောက်သည့် ကံကလည်း ပါပါ၏။ ဥာဏ်ကို အသုံးချပြီး အချိန်အခါ ကိုကြည့်ကာ ကြိုးစားမှုကြောင့် အသက်ချမ်းသာရာ ရသွားလေတော့သည်။
မောင်ကံယုံဆိုသည့် ငါးကတော့ ငါ့ကံကောင်း လွှတ်လိမ့်မယ်ဆိုပြီး ဥာဏ်လည်းမကူ၊ လုံ့လလည်းမကူဘဲ အေးအေး ဆေးဆေး နေလိုက်၍ နောက်ဆုံး အသက်ခံလိုက်ရလေသည်။ ထို့ကြောင့် လောက၌ ဘယ်ကိစ္စမဆို စီးပွားရေး၊ ကြီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဘာသာရေး၊ နိုင်ငံရေးစသည့် အရေးအားလုံးမှာ ဘုန်းကံ အထူးမပါလျှင် အရာမထင်၊ ဥာဏ်၊ ၀ီရိယ မပါက အကျိုးမများနိုင်သည်ကို သတိပြု၍ ဘ၀သံသရာ၌ ကံလည်းကောင်းအောင်၊ ကံအရှိန်မြင့်လာအောင်၊ ကုသိုလ်တရားတို့ကို အထူးကြိုးစား ပြုသင့်ပါသည်။
ဥာဏ်ပညာ ထက်မြတ်ကြောင်း ကောင်းမှုတို့ကိုလည်း အထူးကြိုးစားသင့်လှပါသည်။ ၀ီရိယထက်မြတ်အောင်လည်း ၀ီရိယရှိသူတို့နှင့်ပေါင်း၍ အလေ့အကျင့် ပြုသင့်ပါသည်။ (သုခေါ ပုညဿ ဥစ္စယော) ကောင်းမှု များပြားခြင်းသည် ချမ်းသာခြင်း၏ အကြောင်းတရားပင် ဖြစ်ပါသည်။ ကံ၊ ဥာဏ်၊ ၀ီရိယအရှိန်ကောင်းလာလျှင် လောကီ၊ လောကုတ္တရာ ချမ်းသာအမျိုးမျိုးကို ဧကန်မုချ ရရှိနိုင်လေသည်။ ကံမွဲ၊ ဥာဏ်မွဲ၊ လုံ့လနည်းလျှင်တော့ အပါယ်ဆင်းရဲ၊ လူဆင်းရဲနှင့် ဆင်းးရဲအမျိုးမျိုးတိုးကာ ဒုက္ခသံသရာက ဆုံးနိုင်တော့မည် မထင်ပေ။
ထို့ကြောင့် ကျွနိုပ်တို့ ဘ၀သံသရာတွင် လူနတ်ချမ်းသာနှင့်တကွ ချမ်းသာအမျိုးမျိုး စံချိန်ထိုးလည်း တုနှိုင်းမရ အလွန်တရာ ချမ်းသာလှစွာသော နိဗ္ဗာန်ချမ်းသာတိုင်အောင် ချမ်းသာအမျိုးတိုးတက်အောင်- - -
ကံ ဥာဏ် လုံ့လ၊ မစုံက၊ သုခမရနိုင်၊
ကံမွဲ ဥာဏ်မွဲ၊ လုံ့လနည်း၊
ဆင်းရဲမဆုံးနိုင်၊
ကံ ဥာဏ် လုံ့လ၊ စုံပြည့်ဝ
သုခနိဗ္ဗာန်တိုင်….
ဟု ပညာရှိများဆိုအပ်သည့် လင်္ကာလေးကို မိမိတို့ရင်ဝယ်ထား၍ ဘ၀အဆက်ဆက် ချမ်းသာတိုးပွားအောင် ကြိုးစားအားထုက်နိုင်ပါစေကြောင်းဟု ဆန္ဒဖြင့် - - -

ကိုရင်လေး
၁၃.၁၀.၂၀၁၀

0 comments:
Post a Comment