သောက်ဆေးကိုလိမ်းဆေးလုပ်ရင်ဖြင့်
Wednesday, September 8, 2010
ကျွန်တော်တို့တွေဖျားတဲ့နာတဲ့အခါမှာ ရောဂါအကြီးအသေးပေါ်မူတည်ပြီးတော့ ဆရာဝန်ဆီ သွားရောက် ကုသကြရတာရှိသလို ကိုယ့်ဆီမှာရှိတဲ့ ဆေးဝါးဓါတ်စာလေးနဲ့လည်း ပျောက်ကင်းသက်သာအောင် ကုသကြရပါတယ်။ ရောဂါဖြစ်လာပြီဆိုရင် ဆေးမသောက် ဆေးမစားပဲနဲ့တော့ မသက်သာနိုင်ပါဘူး။ ရောဂါအကြီးအသေးပေါ်မူတည်ပြီးတော့ ဆရာဝန်ရဲ့ညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်ကြရပါတယ်။ အဓိကကတော့ ဘယ်လိုနည်းနဲ့ကုကု ရောဂါပျောက်ဖို့ဆိုတဲ့စိတ်တစ်ခုနဲ့ သောက်စရာဆေးဆိုရင် မသောက်ချင်သောက်ချင် ရောဂါသက်သာအောင် သောက်ပေးကြရတာရှိသလို လိမ်းကြံပေးမှသက်သာမယ့်ဆေးဆိုရင်လည်း လိမ်းကြံပေးကြရပါတယ်။ အဲ့ဒီ့လိုကုသပေးတဲ့နေရာမှာ သောက်စရာဆေးကို လိမ်းစရာအဖြစ် အစားထိုး အသုံးပြုလို့ မရသလို.. လိမ်းကြံစရာဆေးကိုလည်း သောက်စရာအဖြစ်အစားထိုးလို့ မရပြန်ပါဘူး။ သူ့နေရာနဲ့သူ သောက်သင့်တဲ့ဆေးကိုသောက်၊ လိမ်းကြံသင့်တဲ့ဆေးကို လိမ်းကြံပေးမှသာ ရောဂါသက်သာပျောက်ကင်းမှာဖြစ်ပါတယ်။
ဆေးအကြောင်းလေးပြောမိတော့ သီတဂူဆရာတော်ဘုရားကြီး ဟောပြဆုံးမတဲ့ အဆုံးအမလေးတစ်ခု သတိရမိပါတယ်။ “ဗုဒ္ဓရဲ့အဆုံးအမတွေကို လိုက်နာကျင့်သုံးတဲ့သူတွေဟာ သောက်ဆေးကို လိမ်းဆေးလုပ်သလိုမျိုး အသုံးပြုကြရင်ဖြင့် ဆေးရဲ့အနှစ်သာရ ဆေးရဲ့အာနိသင် ဆေးရဲ့အကျိုးကျေးဇူးကို သိနိုင်မှာမဟုတ်ဘူး”ဆိုတဲ့ အဆုံးအမလေးပါပဲ။ ဆရာတော်ဘုရားကြီးရဲ့ အဆုံးမဟာ အင်မတန်မှ လေးနက်တန်ဖိုးရှိလွန်းလှပါတယ်။ ဗုဒ္ဓရဲ့အဆုံးအမတွေကို အပေါ်ယံကြည့်ပြီး ကိုးကွယ်နေရုံ၊ တွေးတောနေရုံ၊ ပါးစပ်ကရွတ်နေရုံနဲ့ အနှစ်သာရရဲ့တန်ဖိုးကို နားလည်နိုင်မှာမဟုတ်ဘူးဆိုတာကို ဆရာတော်ဘုရားကြီးက သိစေချင်တာပါ။ ဗုဒ္ဓမြတ်စွာဆုံးမပေးသွားတဲ့ အဆုံးအမတွေဟာ အပေါ်ယံလေးရွတ်နေရုံ သိနေရုံနဲ့တင် ကျေနပ်နေရမယ့် လက်ခံနေရမယ့် အဆုံးအမတွေမဟုတ်ပါဘူး။ အသိနဲ့အကျင့်ထပ်တူညီနိုင်အောင် ကျင့်ကြံပြီး သဒ္ဓါနဲ့ပညာညီမျှစွာပေါင်းစပ်နိုင်မှသာ အဆုံးအမရဲ့ တန်ဖိုးရှိမှုတွေကို နားလည်စေနိုင်မှာပါ။ သောက်ရမယ့် ဆေးကိုမသောက်ပဲ လိမ်းဆေးလုပ်နေရင်ဖြင့် ဘာအကျိုးမှမရှိနိုင်သလို ဗုဒ္ဓရဲ့အဆုံးအမတွေကို ဗုဒ္ဓဘာသာ အဖြစ်ခံယူရုံသာ ကိုးကွယ်မှုပြုနေမယ်ဆိုရင်ဖြင့် မိရိုးဖလာဗုဒ္ဓဘာသာဝင်အဆင့်မှာပဲ ရပ်တန့်နေတော့မှာပါ။
ကျွန်တော်တို့ဗုဒ္ဓဘာသာဝင်တွေ ဗုဒ္ဓမြတ်စွာဘုရားကို ကိုးကွယ်ကြတယ်ဆိုတာ ဘာအတွက် ကိုးကွယ်ကြတာလဲ..။ အားကိုးအားထားစရာအဖြစ် ကိုးကွယ်တာလား၊ လာဘ်လာဘတွေရလို့များ ကိုးကွယ်တာလား၊ မကိုးကွယ်ရင် ဒဏ်ခတ်မယ်ဆိုလို့များ ကိုးကွယ်တာလားဆိုတာ မေးကြည့်မိပါတယ်။ ဗုဒ္ဓမြတ်စွာဘုရားကို ကိုးကွယ်တဲ့ သူတွေဟာ လုပ်ချင်သလောက် အကုသိုလ်အပြစ်တွေလုပ်ပြီး ဗုဒ္ဓမြတ်စွာဘုရားထံလာပြီး ကျေအေးပေးပါ လို့ ဆုတောင်းရင်လည်း ဗုဒ္ဓမြတ်စွာဘုရားက ကျေအေးမပေးနိုင်ပါဘူး။ ကိုယ်ပြုသမျှ မကောင်းမှု ကိုယ်ပြုသမျှ ကောင်းမှုတွေဟာ ကိုယ်နဲ့ပဲဆိုင်တယ်လို့ ဗုဒ္ဓကဟောကြားခဲ့ပါတယ်။ ငါဘုရားကို ကိုးကွယ်နေရုံနဲ့မပြီးဘူး အဓိကက “အတ္တာဟိအတ္တနောနာထော” ဆိုတဲ့အဆုံးအမအတိုင်း မိမိကိုယ်သာကိုးကွယ်ရာဆိုပြီးတော့ ဟောပြဆုံးမပေးခဲ့တာပါ။ ဒီလိုဆိုရင် ကိုယ်လုပ်တဲ့အကုသိုလ်တွေလည်း ဗုဒ္ဓကမကျေအေးပေးနိုင်ဘူး၊ ကိုယ့်ကိုယ်ကိုလည်း ကိုးကွယ်ခိုင်းတယ်ဆိုရင် ဗုဒ္ဓမြတ်စွာဘုရားကိုကိုးကွယ်နေတာဟာ ဘာအတွက်ကိုးကွယ်နေတာလဲ။
တကယ်တော့ ဗုဒ္ဓမြတ်စွာဘုရားကို ကိုးကွယ်တယ်ဆိုတာ ဗုဒ္ဓဆုံးမခဲ့တဲ့အဆုံးအမတွေကို လိုက်နာ ကျင့်ကြံဖို့အတွက် ကိုးကွယ်တာပါ။ ဗုဒ္ဓမြတ်စွာဘုရားကိုကိုးကွယ်ပြီး ဗုဒ္ဓရဲ့အဆုံးအမတွေကို မလိုက်နာ မကျင့်သုံးဖူးဆိုရင်ဖြင့် အဲ့ဒီ့သူဟာ သောက်ဆေးကို လိမ်းဆေးလုပ်နေတာပါပဲလို့ ပြောချင်မိပါတယ်။ ဗုဒ္ဓရဲ့အဆုံးအမတွေကို သိသာသိပြီး လိုက်နာမကျင့်သုံး မကျင့်ကြံတဲ့သူတွေဆိုတာဟာလည်း သောက်ဆေးကို လိမ်းဆေးလုပ်နေတဲ့သူတွေပါ။ “အသိသာရှိပြီး အကျင့်မပါတဲ့သူမျိုးဟာ ဘာမှမသိတာနဲ့အတူတူပါပဲ” လို့ သီတဂူဆရာတော်ဘုရားကြီးက မိန့်ကြားတော်မူပါတယ်။ သိသလိုလိုနဲ့ တကယ်မကျင့်တဲ့သူဟာလည်း တကယ်မသိသေးလို့ပါပဲ။ တကယ်သိတဲ့သူဟာလည်း တကယ်မကျင့်ပဲနဲ့ကို မနေနိုင်ပြန်ပါဘူး။ ငါသိတော့သိတယ် မကျင့်နိုင်သေးလို့ပါဆိုတာဟာ တကယ်ကျင့်နိုင်လောက်တဲ့အသိတရားသူ့မှာ မရှိသေးလို့ပါပဲ။ ဒါမို့လို့လည်း သီတဂူဆရာတော်ဘုရားကြီးက “ဗုဒ္ဓသာသနာသည် အသိသမားတွေ အတွက် အရာမရောက် အကျင့်သမားမှသာ အရာရောက်သည်” လို့ ဟောပြဆုံးမပေးခဲ့တာပါ။
ဆရာတော်ဘုရားကြီးရဲ့အဆုံးအမဟာ အသိသမားတွေအတွက် အသိမှာတင်လမ်းဆုံးပြီး အကျင့်မပါတော့ရင် လမ်းမှန်းကိုမရောက်စေနိုင်ဘူးဆိုတာ သိရှိအောင်ဖော်ပြပေးတာပါပဲ။ ဒါပေမယ့် ဗုဒ္ဓရဲ့အဆုံးအမ သာသနာမှာ အကျင့်တစ်ခုထဲနဲ့လည်း မပြည့်စုံသေးပြန်ပါဘူး။ ထိုအကျင့်တရားကို နည်းမှန်လမ်းမှန်နဲ့ထောက်ပံ့ပေးနိုင်မယ့် အသိတရားဆိုတာလည်း လိုအပ်ပါသေးတယ်။ အဓိက ကတော့ သိနေရုံနဲ့လည်းအရာမရောက် ကျင့်နေရုံနဲ့လည်းမပြည့်စုံနိုင်သေးဘူးဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ သိရှိထားတဲ့ အသိတရားနဲ့ လိုက်နာကျင့်ကြံတဲ့ အကျင့်တရားဟာ ကိလေသာကိုငြိမ်းအေးစေနိုင်မှသာ ဗုဒ္ဓရဲ့အဆုံးအမကို ထပ်တူကျင့်သုံးရာကျနေမှာပါ။ ဗုဒ္ဓရဲ့အဆုံးအမတွေကို လိုက်နာကျင့်သုံးတဲ့နေရာမှာ သဒ္ဓါနဲ့ ပညာညီမျှစွာကျင့်သုံးပြီး အသိနဲ့ အကျင့် ထပ်တူကျမှလည်း လမ်းမှန်ကို ဆိုက်ရောက်နိုင်မှာပါ။ သဒ္ဓါဆိုတဲ့ယုံကြည်မှု၊ ပညာဆိုတဲ့ အမှားအမှန် အကြောင်းအကျိုး အကောင်းအဆိုးကို ခွဲခြမ်းစီစစ်နိုင်မှုဆိုတဲ့ အသိတရားတွေလိုအပ်ပါတယ်။ သဒ္ဓါပညာညီမျှမှလည်း အသိနဲ့အကျင့်ထပ်တူညီနိုင်မှာပါ။
အချို့တွေ သဒ္ဓါများတော့ တလွဲကြည်ညိုကြတယ်။ ဘယ်သူပြောတာဖြစ်ဖြစ် သူများကကောင်းတယ် လို့ပြောတာနဲ့ မျက်စိမှိတ်ယုံကြတယ်။ အချို့တွေ ပညာများပြားကြတယ်.. ဒါဟုတ်မှဟုတ်ပါ့မလားဆိုပြီး အကျင့်မပါတဲ့အသိတွေနဲ့ အပေါ်ယံလေ့လာပြီး အမှားအမှန်ကို ဆုံးဖြတ်ကြတယ်။ အချို့တွေကျတော့ စာတွေတအားသိ တအားတတ်ပြီး အကျင့်မပါတဲ့အတွက် စာအပေါ်မှာ လက်တစ်လုံးခြားလုပ်လာကြတယ်။ အဲ့ဒီလို သဒ္ဓါနဲ့ပညာမညီမျှတဲ့အသိတရားတွေနဲ့ဆိုရင် အကျင့်တရားတွေဟာလည်း ကိလေသာကို ငြိမ်းအေး ပေးစေနိုင်မှာ မဟုတ်ပြန်ပါဘူး။ ဆရာဝန်တွေဆေးပေးတိုင်းလည်း ပျောက်မှာပဲဆိုပြီး ရမ်းသောက်လို့ မရသလိုပါပဲ.. ဆေးကိုဘယ်အချိန်မှာသောက်ရတာလဲ.. ဘယ်လိုသောက်ရတာလဲ ဘာနဲ့မတည့်ဘူးလဲဆိုတဲ့ ကိုယ်ပိုင်စဉ်းစားဆင်ခြင်ဥာဏ်ရှိဖို့လည်း အရေးကြီးပါတယ်။
ဗုဒ္ဓမြတ်စွာဘုရားရဲ့ဝါဒဟာ မျက်စိစုံမှိတ်ပြီး ယုံကြည်ခိုင်းတဲ့ဝါဒမျိုးမဟုတ်သလို၊ အစမ်းသပ်မခံရဲတဲ့ အဆုံးအမမျိုးလည်း မဟုတ်ပါဘူး။ ဗုဒ္ဓရဲ့ဝါဒကိုက ၀ိဘဇ္ဇဆိုတဲ့ ဝေဖန်ပိုင်းခြားပြီးမှ လိုက်နာကျင့်သုံးရမယ့်ဝါဒမျိုးပါ။ တရားတော်ရဲ့ဂုဏ်တော်မှာပါရှိတဲ့ သန္ဒဋ္ဌိတဂုဏ်- ကျင့်ကြံသူအတွက် မျက်မှောက်ဘဝ၌ပင် ကိုယ်တိုင်ရှုမြင်နိုင်ခြင်း၊ ဧဟိပဿိက- တရားနှင့်ပတ်သက်ပြီး လာပါ ရှုပါ ကျင့်ကြံပါဟု ရဲရဲဝံ့ဝံ့ဖိတ်ခေါ်ရဲခြင်းဆိုတဲ့ တရားတော်ရဲ့ဂုဏ်တော်တွေကသက်သေခံနေပါတယ်။ အဓိက ကတော့ သောက်ဆေးကိုလိမ်းဆေးမလုပ်ပဲ သောက်ဆေးအတိုင်းသောက်မယ်ဆိုရင်ဖြင့် ဆေးရဲ့အာနိသင်ကို သိရှိလာမှာပါပဲ။ အဓိက ကတော့ ဆေးသောက်ဖို့ပါ။ ဆေးမှသောက်မကြည့်ပဲ ပျောက်ပါ့မလားဆိုရင်ဖြင့် ဘယ်သောအခါမှ မပျောက်ကင်းနိုင်ပါဘူး။ အနာနဲ့ဆေးတည့်အောင်မသုံးပဲ အပေါ်ယံပဲ တင်ကြည့်မယ်ဆိုရင်လည်း ဆေးဝါးဓါတ်စာရဲ့အကျိုးအာနိသင်ကို ခံစားနိုင်မှာမဟုတ်ပြန်ပါဘူး။ အဓိကကတော့ ဆေးသောက်ကြည့်စေချင်တာပါ။ ဆေးသောက်ကြည့်လို့တကယ်ပျောက်ပြီဆိုရင်လည်း ဘယ်သူပြောပြော မပြောပြော ရောဂါဖြစ်ရင် ဒီဆေးကို သူသောက်ကို သောက်သုံးသွားတော့မှာပါပဲ။ အဓိက ကတော့ သောက်ဆေးလေးကို လိမ်းဆေး မလုပ်မိဖို့ပါပဲ..။

0 comments:
Post a Comment