* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, September 9, 2010

မိဂဒါဝုန်လမ်းမှာနေသည

(၁)

မိဂဒါဝုန်သည် သူ့အိပ်မက်ဖြစ်သည်။ မိဂဒါဝုန်တောက လပြည့်ညတစ်ညကို ရင်ခုန်ခဲ့ဖူးသည်။ ယခု သူက မိဂဒါဝုန်းလမ်းမှာ နေပါသည်။ ပြီးတော့ သူက မိဂဒါဝုန်ကို ကဗျာဖွဲ့နေတတ်သေးသည်။ သို့သော် သူ့စကားလုံး များ၏ နယ်ပယ်အလွန်က မိဂဒါဝုန်ကို မဖွဲ့နွဲ့တတ်ပြန်ပါ။ သို့နှင့် ရေးလက်စကဗျာများကို လုံးခြေပစ်ရ လိုက်သည်သာ များသည်။ သို့နှင့် မိဂဒါဝုန်ကို မိဂဒါဝုန်အတိုင်း ထားလိုက်၏။

ပထမဆုံး ဗာရာဏသီနေ့ရက်များတွင် သူ့သင်ယူခဲ့ဖူးသော စကားလုံးများအရ ကျွမ်းဝင်နေပြီးသားဖြစ်သည့် မိဂဒါဝုန်က သူ့ကို သိမ်းပိုက်လိုက်သည်။ သစ္စာစကားလုံးများ၏ မူလမြက်ခင်းစိမ်းများပေါ် သူအကြာကြီး ထိုင် နေခဲ့ဖူး၏။

မိဂဒါဝုန်နှင့်လည်း ခပ်ဝေးဝေးမနေတတ်ခဲ့ပါ။ မိဂဒါဝုန်သည် ဆိတ်ငြိမ်မှုနှင့် အိမ်ငှါးခ ဈေးချိုခြင်းဟူသော စာသင်သားကြိုက်ကောင်းကွက်များ ရှိနေခဲ့ပါသည်။ သို့သော် တက်ရောက်ရမည့် တက္ကသိုလ်မုခ်ဦးဆီ ချဉ်းကပ်ဖို့တော့ ခရီးက ဝေးနေခဲ့ပြန်သည်။ သို့သော် အခန်းလေးကို ချုံ့ဖို့အတွက် ခရီးကို ချဲ့ရပေမည်။

မိဂဒါဝုန်ကို အလွတ်နီးပါးရနေသည့်တိုင် ဓမ္မစကြာကိုတော့ အာဂုံမဆောင်ဖူးသေး။ သို့သော် စာမေးပွဲတွင် အမှတ်ပြည့်ရဖို့အတွက်တော့ အနက်အဓိပ္ပါယ်မှန်သိအောင် သေချာစွာ ဖတ်ခဲ့ဖူးသည်။ “ဘုန်းကြီးဖြစ်ပြီး ပရိတ်ကြီးတောင် ဖြောင့်အောင် မရဘူး” ဟု ရင်းနှီးသည့် တပည့်တစ်ယောက်က ပွင့်လင်းစွာ အပြစ်တင်သည်ကို ပြုံးနေခဲ့ဖူးသည်။

သူ့တပည့်လေးက “ရွတ်ဖတ်ရန်” ဟု ခေါင်းစဉ်တပ်ထားသည့်စာအုပ်မှန်သမျှကို နှုတ်တက် ရအောင် ကျက်မှတ် နေလေ့ရှိတတ်သည်။ ဓမ္မစကြာရွတ်လျှင် ဘုန်းကံကြီးသည် ဟု သူ့ဆရာကလည်း အမိန့်ရှိဖူးပြန်သည်။ ဘုန်းကံကြီးမားခြင်းနှင့် အသားကျအောင် မနေတတ်သောသူက ဒေသနာ၏ နက်ရှိုင်းမှုကိုသာ ဦးညွတ်မိတတ် သည်။

နားလည်မှုသည် သိမြင်ခြင်းအတွက် အထောက်အပံ့ဖြစ်ကြောင်း မကြာခဏကြားရတတ်သည်။ သို့သော် နားလည်မှုကိုတော့ တည်ဆောက်ချင်မှ တည်ဆောက်ကြပေလိမ့်မည်။ ဗုဒ္ဓအရှင်၏ အသံကို နှလုံးသားဖြင့် နားစွင့်ကြည့်မှသာ မိဂဒါဝုန်၏ အလှကို ဖမ်းဆုပ်မိတတ်သည်တဲ့ ။သူလည်း တကယ်တော့ ဘာမှ ကြားတတ်ခဲ့ သည် မဟုတ်သေး။ နှလုံးသား၏ အကြားအာရုံကို မြှင့်ရဦးမှာပါပဲ။

ရှင်ကောဏ္ဍညနှင့် တရားဦးနာပရိသတ်ရဟန်းတော်တို့၏ နားများကို အံ့သြကြည်ညိုရသည်ကပင် ကျေနပ် ဖွယ်ရာဖြစ်နေသည်။ ကြားသည့်အသံချင်း၊ စကားလုံးချင်းတူသော်လည်း သူ့နှလုံးသားက နှေးနေသည်။ မည်သို့ ဖြစ်စေ သူက မိဂဒါဝုန်လမ်းမှာ နေပါသည်။

(၂)

သူနေသည့် အခန်းလေးက မိဂဒါဝုန်လမ်းပေါ်တွင် တည်ရှိသည်။ မနက်ဖြန် သို့မဟုတ် ယခုလမကုန်မီ တစ်ရက်ရက်တွင် ပြောင်းရွှေ့ပေးရတော့မည့် အခန်းလေးကို ငြိကပ်နေသေးသည်မှာ ပျော့ညံ့မှုတစ်မျိုးဖြစ်လိမ့်မည်။(ယခု ဤစာကို ပြန်လည်ဖော်ပြချိန်တွင် မိဂဒါဝုန်လမ်းပေါ်ရှိ ကိုးန၀င်းဟု အမည်ပေးထားသည့် အဆောင်တစ်ခုတွင် ပြောင်းရွှေ့နေထိုင်လျက်ရှိပြီဖြစ်သည်။)

သူ့အခန်းလေးက သူ့မိတ်ဆွေများ၏ နံနက်ခင်းတံခါးခေါက်သံများနှင့် ထိစပ်နေသည်ကို သူက ပျော်မွေ့နေတတ်သည်။ ပြီးတော့ တိဘက်တက္ကသိုလ်စာသင်ခန်းလေးနှင့် ချိတ်ဆက်နီးကပ်နေသော အားသာချက်ကိုလည်း သူက မက်မောမိပြန်သေးသည်။

ဥပါဒါန်ဆိုသည်က သည်လိုအမွှမ်းတင်ရသောမျက်နှာစာမျိုး ရှိနေတတ်သည်။ ပိုင်စိုးဝေကြီး၏ ကဗျာအပိုင်းအစတစ်ခုကို ရေချိုးခန်းဝင်ခါးနီးတိုင်း သရဇ္ဈာယ်လေ့ရှိသော မိတ်ဆွေရဟန်းတစ်ပါးကို အမှတ်ရမိ၏။

“ အော် မစိမ်းမြ၊မစိမ်းမြ
အချောမသတ်ရသေးတဲ့
ဒုက္ခကြမ်းရှရှကြီးကိုမှ
ငါ့ရင်ခွင်ထဲ
ပစ်ထားခဲ့ရက်လေခြင်းနော်” တဲ့။

အော် ဒုက္ခချောချောလေးတွေ မတွေ့မချင်း...။

စိတ်ကြိုက်အခန်းလေးမတွေ့မချင်း သူ့ဘလော့စာမျက်နှာများ အသက်ရှူဝနိုင်ဦးမည်တော့ မဟုတ်ပါ။ ကဗျာယောင်ယောင်လေးများ ခပ်အစ်အစ်ထွက်လာတတ်သေးသည်ကိုတော့ ကျေးဇူးတင်ရသေးသည်။ မည်သို့ဖြစ်စေ သူ့မိတ်ဆွေများက ဂင်္ဂါကမ်းစပ်မှာ မုန်တိုင်းများဖြစ်နေသည်။ ဂင်္ဂါကိုယ်တိုင်ကတော့ လှိုင်းမရှိသော မြစ်ဖြစ် နေပြန်သည်။

ဤနေ့ရက်များတွင် သူ့စာသင်ခန်းလေးအတွက် စာဖတ်ချိန်များကို မြှင့်နေရပြန်သေးသည်။ မဇ္ဈိမဘာသာစကားတစ်ခုကို မဇ္ဈိမသားမဟုတ်သောသူက ပြန်လည် ထမ်းပိုးလာရခြင်းဖြစ်သည်။ အများဆုံး ကျောင်းသားငါးယောက်ထက်မပိုဟု ခန့်မှန်းထားသော သူ့ပါဠိစာသင်ခန်းလေးက ဖြည်းဖြည်းချင်းမြင့်တက်လာသော အမည်သစ်များဖြင့် ခမ်းနားလာသည်မို့ သူကိုယ်တိုင် ကျောင်းသားဘ၀ကို အရေးပေါ် ခုန်ဆင်းချလိုက်ရသည်။ ဆရာဟု လက်မှတ်ထိုးမိမှတော့ အမြဲတမ်းကျောင်းသားဖြစ်ရတော့သည်မဟုတ်လား။

သူ့မှာ စကားလုံးများရှိနေသည်။

သူ့မှာ မိဂဒါဝုန်ရှိနေသည်။

သူ့မှာ ရှိမနေသည်က သူကိုယ်တိုင်ဖြစ်သည်။


ဓမ္မဂင်္ဂါ

၁၉-၃-၂၀၁၀

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP