* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, September 7, 2010

စိတ် စေတသိက် ရုပ် နိဗ္ဗာန် ဆိုတာ ပရမတ္တတရား ဟုတ်ရဲ့လား

ဒကာ။ ။ “စိတ် စေတသိက် ရုပ် နိဗ္ဗာန် လေးတန် ပရမတ်” ဟု လယ်တီဆရာတော်ဘုရားကြီးများ ပရမတ္တတရားလေးပါးကို သင်ကြားပေးကြပါတယ်။
ဒါပေမဲ့ စိတ် စေတသိက် ရုပ် နိဗ္ဗာန် ဆိုတာ ပရမတ္တတရား မဟုတ်ဘူး၊ ပညတ်သာဖြစ်တယ်လို့ ဆရာအချို့က ဆိုကြပါတယ်၊ ဘယ်ဟာကို အမှန်ယူရမှာလဲ ဆရာတော်။
ဆရာ။ ။ အင်း…နှစ်မျိုးစလုံး မှန်တာချည်းပဲလို့ မှတ်ယူရမည်။
ဒကာ။ ။ အမှန်ယူပုံကို အနည်းငယ် ရှင်းပြပေးပါဦး ဆရာတော်၊ ဘယ်လိုမှန်တာလဲ ဘုရား။

ဆရာ။ ။ ပရမတ်ဆိုတာက (၁) အပြောပရမတ်၊ (၂) သဘောပရမတ်၊ နှစ်မျိုးရှိတယ်။

စိတ် စေတသိက် ရုပ် နိဗ္ဗာန် ဆိုတာက အမည်နာမ အပြောပရမတ်ဖြစ်တယ်၊ အဲဒီ ပရမတ် အမည်ကို ဖော်ထုတ်မပြောဘဲနဲ့တော့ ဘယ်တော့မှ မဖြစ်နိုင်ဘူးပဲ၊ ဒါကြောင့် ပရမတ်တရားရဲ့ အမည်နာမကလေးတွေကို သတ္တဝါများနားလည်အောင် ထုတ်ဖော်ဟောပြောရလို့ အပြောပရမတ်လို့ ဆိုရင်လည်း မှန်တာပဲ။

ဟာ…စိတ် စေတသိက် ရုပ် နိဗ္ဗာန်….ဆိုတာ အမည်နာမ ပညတ်သာဖြစ်တယ်၊ ပရမတ်မဟုတ်ပါဘူးလို့ ဆိုရင်လည်း မှန်တာပဲ၊ အမည်ပညတ်တွေပဲကိုး။

ပရမတ် အစစ်ဆိုတာက သူ့ရဲ့ပြီးစီးမှုသဘောတရား ကိရိယာကလေး သက်သက်မျှကိုသာ ယူရတာဖြစ်တယ်။

ဒကာ။ ။ ပေါ်လွင်အောင် ရှင်းပြပါဦး ဆရာတော်၊ ဒကာကြီးနားလည်အောင် တိုတိုကျဉ်းကျဉ်းနဲ့ပေါ့ ဘုရား။

ဆရာ။ ။ စိတ်ပရမတ် ဆိုတာက အာရုံကိုသိခြင်း၊ ညွတ်ခြင်း သဘောကလေး သက်သက်မျှကိုသာ ဆိုတာ၊ စိတ်ဟာ ပညတ် အမည်မျှသာပဲ။

စေတသိက်တွေထဲကလည်း ဝေဒနာဟာ ပညတ်အမည်ပဲ၊ ပရမတ်အစစ်က ခံစားခြင်းသဘော ကိရိယာကလေးမျှသာ ဖြစ်တယ်။

သညာဟာလည်း ပညတ်အမည်သာပဲ၊ ပရမတ်အစစ်ကတော့ မှတ်သားခြင်းသဘော ကိရိယာကလေးကို ဆိုတာ ဖြစ်တယ်။

စေတနာစေတသိက် ဆိုတာလည်း နာမပညတ်ပဲ၊ ပရမတ်အစစ်ကတော့ အလုပ်ဖြစ်မှု စေ့ဆော်ခြင်းသဘော ကလေးမျှသာ ဖြစ်တယ်။

ရုပ်ဆိုတာလည်း နာမပညတ်မျှသာပဲ၊ ပရမတ်အစစ်က ဖေါက်ပြန်ပြောင်းလဲမှု သဘော ကလေးမျှ သက်သက်ပဲ။

နိဗ္ဗာန်ဆိုတာလည်း အမည်ပညတ်ပဲ၊ ပရမတ်အစစ်ကတော့ နိစ္စ သုခ အမြဲငြိမ်းအေးချမ်းသာမှု သဘော ကိုဆိုတာပဲ၊ ကဲ….ကျေနပ်ရဲ့လား၊ ပရမတ်ဆိုတာ အမည်နာမ အထည်ဒြပ် မရှိဘူး၊ သဘောကလေးသက်သက်ကို ယူရတယ်။

ဒကာ။ ။ မှန်ပါ့၊ သဘောပေါက် ကျေနပ်ပါပြီ ဆရာတော်။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP