ဂင်္ဂါလမ်း(အဆက်)
အရှေ့ပိုင်းရှမ်းပြည်နယ်မြို့တော် ကျိုင်းတုံကို ခေမရဋ္ဌ်ဟု ဒေသခံတို့က ဂုဏ်တင်ကြလေသည်။ထိုခေမရဋ္ဌ်နေ့ရက်များသည် သူ့ဒိုင်ယာရီတွင် စိမ်းလန်းနေခဲ့၏။ သူသည် စာသင်ခန်းလေးထဲတွင် ငြိမ်ဆိတ်စွာထိုင်ကာ အချိန်တန်လျှင် တက်ကြွပျော်ရွှင်စွာ ကျောင်းခေါ်ချိန်အမီ ရောက်လာကြမည့် တပည့်ငယ်များကို စောင့်မျှော်ရင်း ခေမရဋ္ဌ်နေ့ရက်များကို အလွယ်တကူ ဖြတ်သန်းနိုင်ခဲ့သည်။ တစ်ခါတစ်ရံ အခါ၊ လားဟူ တိုင်းရင်းသားသွေးချင်းတို့၏ ဝေးလံသီခေါင်မတ်စောက်လှသော တောင်ပေါ်ရွာလေးများဆီ လှည့်လှည်ရင်း အဖြူထည်ယဉ်ကျေးမှုကို ခံစားရသည်ကလည်း မမေ့ရက်နိုင်စရာ အတွေ့အကြုံတစ်မျိုးပင် ဖြစ်သည်။
စိတ်အဖြူ၊ စကားလုံးအဖြူ၊ နေထိုင်မှုအဖြူများ............။ လတ်ဆတ်သော အပြုံးများကတော့ အချိုဆုံးဖြစ်လိမ့်မည်။ တောင်ပေါ်ရောက်ဖို့ မြူခိုးဝေေ၀ တိမ်ခိုးစိုစို လျှိုမြောင်ချောက်ကြား လမ်းကျဉ်းလေးများကို တွယ်ကပ်တိုးတက်ရသည်မှာ အင်ဒီယာနာဂျုံးဆန်လွန်းလှပါသည်။ သပိတ်ကလေးလွယ်၊ ယတ်တောင်ကလေးထမ်း သာသနာလမ်းဖောက်ခဲ့ရသော နေ့ရက်များ မဟုတ်ခဲ့ပြီ။ ကျောပိုးအိပ်ကိုလွယ် ဘွတ်ဖိနပ်ကို စီး ခရီးတွင်အောင် သွားခဲ့ရသည်။ မြို့ပြရဟန်းတို့ ပြောသော သာသနာပြုဝေါဟာရနှင့်တော့ အလှမ်းကွာဝေးနေပေလိမ့်မည်။ သူလည်း စိတ်ကူးယဉ်ခဲ့မိတာပါပဲ။
လေတဟူးဟူး မြူးကြွနေသည့် တောင်ထိပ်သာသနာပြုကျောင်းလေးသို့ ခြေချမိသည်နှင့် အမောပြေစရာ ရိုးရာအရိုင်းဂီတ၊ ထူးခြားသော တောတွင်းပုလွေသံနှင့် မီးပုံပွဲများ.....။ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ကို စတင်ရွတ်ဖတ်သံများ...။ မည်သို့ဖြစ်စေ ကြည်နူးဖို့ကောင်းခဲ့သည်ကတော့ အသေချာပင်။
သာသနာပြုသက်တမ်းနှစ်နှစ်ပြည့်လေသောအခါ လိုအပ်ချက်များနှင့် ကြမ်းရှနေသေးသည့် သူ့ပညာရေးအနာအဆာများကို ပွတ်သပ်မိပြန်သည်။ သို့ဖြင့် မျှော်လင့်ချက် အရောင်များတောက်ပနေသည့် တပည့်ငယ်များ၏ မျက်လုံးများနှင့် ခေမရဋ္ဌ်စာသင်ခန်းလေးကို ကျောခိုင်းခဲ့ရပြန်သည်။ အမှန်တကယ် သူ့အနေဖြင့် သာသနာပြုရဟန်းတော်တစ်ပါး၏ ဘ၀ကို ပျော်ဝင်မိလေသည်ကတော့ အမှန်ပင်ဖြစ်သည်။ သို့သော် လမ်းဆုံးမဟုတ်သေး ဟု သူ့အိပ်မက်ကို ပုတ်နှိုးခဲ့ရသည်။
သာသနာပြုဘက်မိတ်ဆွေရဟန်းတော်များ၊ သင်တန်းသားသင်တန်းသူတပည့်များနှင့် နှစ်နှစ်တာ သာသနာပြုကာလများအတွင်း ပြုစုစောင့်ရှောက်ခဲ့ကြသည့် ကုသိုလ်ရှင်များကို နှုတ်ဆက်စကားပြောရသည်က ထိရှလွန်းပါသည်။ မိတ်ဆွေသာသနာပြုရဟန်းတော်များက သူ့ဘွဲ့နှင်းသဘင်ခရီးအတွက် ပြည့်စုံအောင် ဖြည့်ဆည်းပေးလိုက်ကြသည့် ကျေးဇူးကို သူမမေ့၊ တပည့်များက သူ့ကို နှုတ်ဆက်ကန်တော့ကြချိန်မှာတော့ ဆုပေးဖို့ မေ့နေခဲ့သေးသည်။ ပါရီမှာဖြစ်ဖြစ် ဆုံကြသေးတာပေါ့ ဟု ခပ်သောသောလေးဖြစ်အောင် ပြောခဲ့ဖူးသည်ကိုတော့ အမှတ်ရနေဆဲပင်။

0 comments:
Post a Comment