ဒီဂရီ အထူအပါး
ရေကန်တစ်ကန်ကို ကြည့်လျှင် တံငါက ငါးဖမ်းရမည့်နေရာကို မြင်ရသည်ဆို၏။ မုဆိုးက သားကောင်ရေသောက်ဆင်းမည့် နေရာကို မြင်သည်။
ဆရာဘုန်းကြီးက ခရီးသွားလာရင်း ကုဋီက မစင်ပုံများကို ရှုမိတုန်းက သံဝေဂရအောင်သာ ရှုလိုက်သည်၊ မစင်အတွက် နှလုံးမသာမယာ မဖြစ်ခဲ့ဟု တစ်ခါက အမိန့်ရှိသည်။ ရာသီဥတု ပူလို့အေးလို့ အပြစ်တင်မိသလားဟု တပည့်များကို စစ်သည်။ အဲဒီလို အပြစ်တင်နေသေးရင် နေရာမကျသေးဘူး ဟု မိန့်သည်။ ကျွန်တော်တို့ကတော့ ခပ်ရိုးရိုးပါပဲ။ ပူလည်းစိတ်ညစ် အေးလည်းစိတ်ညစ်သည်။ ဆူသံပူသံတွေ ကြားရတာ များလွန်းတော့လည်း စိတ်တိုသည်။ ဒါနဲ့ မြို့စွန်က စွန်းလွန်းဂူကျောင်းမှာ ဆယ်ရက်သွားနေသည်။ တိတ်ဆိတ်လွန်းသည်ဟု ထင်ပြန်သည်။ ဆူသံပူသံကို ကြားချင်လာ၍ ခုနစ်ရက်မြောက်နေ့တွင် အိမ်ကိုဖုန်းဆက်တော့သည်။
မြတ်စွာဘုရားကို ဖူးတွေ့ရလျှင် တိတ္ထိတို့က အကုသိုလ်စိတ်ဖြစ်သည်။ ဗုဒ္ဓဘာသာဝင်တို့က ကုသိုလ်စိတ် ကြည်ညိုစိတ် ဖြစ်သည်။ နှလုံးသွင်းကွာသွား၍လည်း ဖြစ်မည်။ စရိုက် ၀ါသနာ တို့အရ ကွာခြားသွား၍လည်း ဖြစ်မည်။ တံငါက တံငါသည် မြင်သလို မြင်သည်။ မုဆိုးက မုဆိုးလို မြင်သည်။ သူတော်ကောင်းက သူတော်ကောင်းလို မြင်သည်။ ပါရမီရင့်သူက ပါရမီရင့်သူလို မြင်သည်။ ကျွန်တော်တို့ကဲ့သို့ သူလိုကိုယ်လိုလူက သူလိုကိုယ်လိုပဲ မြင်သည်။ဆရာကြီးဦးရွှေအောင်နှင့် အရှင်ဒေါက်တာသီလာနန္ဒာဘိဝံသ၏ ကျေးဇူးအားဖြင့် ထိုအမြင်များကိစ္စ၊ နှလုံးသွင်းခြင်းကိစ္စကို နားလည်ရသည်။ ကိုယ့်ဟာကိုယ် ထွင်းဖောက်ပြီး မြင်နိုင်မလားဟု စဉ်းစားသည်။ မမြင်နိုင်။
ကိုယ့်ဟာကိုယ် ကြုံရသည်။ ကြုံရသမျှကိုတော့ အမျိုးအစားခွဲဖို့မတတ်။ ကျောင်းတုန်းက လက်ဖျံရိုးနှစ်ချောင်း အိမ်ကိုယူသွားမိတုန်းက အမေတို့က ဆူသည်။ ကျွန်တော်တို့က လက်ဖျံရိုးကို လေ့လာစရာ ပစ္စည်းဟု မြင်သည်။ အမေတို့က လူအရိုးဟု မြင်သည်။ အသက်ကြီးတော့ မိတ်ဆွေတွေရှိလာသည်။ မိတ်ဆွေ တစ်ယောက်ကနေ နှစ်ယောက်ရှိလာသည်။ မိတ်ဆွေ တစ်ယောက်က အခြားတစ်ယောက်ကို ရန်သူဟု မြင်သည်။ ကျွန်တော်က မိတ်ဆွေဟုမြင်သည်။ ဘာကြောင့် အမြင်မတူရသနည်း။ အဖြေကို မတွေ့။
စဉ်းစားသည်။ နားမလည်။ မစဉ်းစား။ နားမလည်။
အဲဒီလိုနဲ့ တစ်ယောက်ပြီး တစ်ယောက် သေကုန်သည်။ ရန်သူဟု မြင်သူလည်း သေသည်။ မိတ်ဆွေဟု မြင်သူလည်း သေသည်။ မိတ်ဆွေ၏ မိဘတွေလည်း သေသည်။ မိတ်ဆွေ၏ အသိတွေလည်း သေသည်။ ထူးခြားသောနှစ်ကား တတိယနှစ်အပြီး အိမ်ကိုပြန်သောနှစ် ဖြစ်သည်။ တစ်လအတွင်း လေးလောင်းဆက်တိုက် ကြုံသည်။ အဲဒီတုန်းကတော့ ပင်လယ်ဝံပုလွေထဲက လာဆင်၏ စကားက စွဲနေသည်။
"သေခြင်းထက် ရှင်ခြင်းက ကျက်သရေရှိတယ်။"
ဟုတ်ပြီ။ ကျွန်တော်တို့ မသေအောင် တိုက်ပွဲဝင်သွားဖို့ လိုမည်။ ဆုံးရှုံးလျှင် အနိုင်ရသူ၏ အပြစ် မဟုတ်။ ရှုံးသူ၏ အပြစ်။ နိုင်သောသူသာ ထာဝရမှန်သည်။ အမေရိကန်သည် ဂျပန်ကို စစ်မနိုင်ခဲ့လျှင် နာဂါဆာကီကို ဒုတိယအကြိမ် အနုမြူဗုံး ကြဲချမှုနှင့် စစ်တရားရုံးသို့ ရောက်ရမည်။ နိုင်အောင်တိုက်ခဲ့၍ သူက တပြန်တရားစွဲခွင့်ရသည်။ ဟုတ်ပြီ။ ကျွန်တော်တို့ အသက်ရှင်အောင် ကြိုးစားရမည်။ မဆုံးရှုံးအောင် ကြိုးစားရမည်။ အသက်ရှင်ဖို့ နိယာမများသည် ရှိအံ့။ ထိုနိယာမများကို ကျွန်တော်တို့ သင်ယူရမည်။ သင်ယူနေတုန်း အသက်ဆုံးခါမှ ဆုံးရော ကျွန်တော်တို့ နောက်ဆုံးအချိန်အထိ ကြိုးစားမှ လူ့တာဝန်ကျေမည်။ အဲဒါက ဟိုတုန်းက အတွေးအခေါ်များ ဖြစ်၏။
ထိုအတွေးအခေါ်များထဲက အားလုံးကို စွန့်ပယ်ခြင်းမပြုခဲ့။ အနိုင်ရဖို့ မည်သည့်ညစ်ပတ်သည့် နည်းကို မဆို သုံးခွင့်ရသည်ဆိုတာကတော့ မကြိုက်လို့ ပယ်လိုက်သည်။ သို့သော် ကြိုးစားသင့်သည်ကို အသက်ဆုံးသည်ထိ ကြိုးစားမှ လူ့တာဝန်ကျေသည်ဟူသော မာန်ကို ခုထိစွဲလန်းနေတုန်း ဖြစ်သည်။ လာဆင်က ဦးနှောက်ကင်ဆာနှင့်ကို နောက်ဆုံးအချိန်အထိ ရုန်းကန် တိုက်ပွဲဝင်သွားသည်။ ကျွန်တော်တို့မှာ ပျော့ညံ့သော ညည်းညူပြစ်တင်ခြင်းမျိုးထက် အဲဒီလို မာန်မျိုးရှိဖို့လိုမည် စဉ်းစားလာပြန်သည်။ သို့သော် တက္ကသိုလ် နောက်ဆုံးနှစ်များအတွင်း ထူးခြားသော ပြောင်းလဲခြင်းကား ရုန်းကန်ခြင်းသည် အနိုင်ရဖို့ချည်း သက်သက် မဟုတ်ဟု မြင်လာခြင်း ဖြစ်သည်။ ရုန်းကန်ခြင်းသည် လူ့ဂုဏ်သိက္ခာအတွက်သာ ဖြစ်သည်။
ဘာသာတရားနှင့် ပတ်သက်ပြီး ကြိုးစားလျှင် ကြိုးစားသလောက် လက်ငင်းသိသာ အကျိုးပေးသော ဘာသာတရားကို စိတ်ဝင်စားလာသည်။ ဟုတ်သည်။ ဦးဆန်းလွင်ကြောင့် ဖြစ်သည်။ အကာလိကော အခါမလင့်အကျိုးပေးသည် ဆိုတာက မဂ်ရတာနှင့် ဒုတိယစိတ်က ဖိုလ်စိတ်ကို တန်းရတာကို ဆိုလိုသည်ဟု ဆရာတော်များက ရှင်းပြသည်။ တစ်ဖက်က ကြည့်ပြန်တော့ နှာသီးဖျားမှာ စိတ်ကိုထားလိုက်တာနှင့် သမာဓိရသည်နှင့် ချမ်းသာခြင်း၊ ၀မ်းသာခြင်း၊ တည်ကြည်ခြင်းများကို ခံစားရသည်။ ဒါကလည်း အခါမလင့် အကျိုးပေးတာပဲ ဖြစ်ရမည် ဟု တွက်သည်။ စိတ်ချမ်းသာတော့ ရုပ်ပါကြည်သည်။ ပေါင်းသင်းဆက်ဆံရာမှာ အဆင်ပြေသည်။ အဆင်ပြေလျှင် တရားကို မေ့သည်။ အဆင်မပြေလျှင် ပြန်သတိရသည်။
ပုထုဇဉ်တို့က ၀ါးပင်လို ယိမ်းတတ်သည်တဲ့။ မိုးကုတ်ဆရာတော်ဘုရားက အမိန့်ရှိသည်။ ဒီဘ၀မှာ သူတော်ကောင်း၊ နောက်ဘ၀မှာ လူယုတ် ဖြစ်ချင်ဖြစ်နိုင်သည်တဲ့။ ဟုတ်မှာပါပဲ။ ကျွန်တော်တို့ကို တည့်တည့်ဟောတာ ဖြစ်မည်။ အဲလိုနဲ့ ဗဟုသုတလေး ရှိလာတော့ တရားဟောချင်လာသည်။ ကိုယ်က ဗဟုသုတရှင်ဆိုတော့ လေက နည်းနည်းမာသည်။ တရားမာနကို သတိထားနော် တပည့် တဲ့။ ဆရာဘုန်းတော်ကြီးက သတိပေးသည်။ အခြားမာနထက် တရားမာနက ဆိုးပါသတဲ့။
အင့်ဟင်။ ကိုယ့်ခြေထောက် ကိုယ့်နှလုံးသား ကိုယ့်ဦးခေါင်း အကုန်ကြည့်သည်။ ဒီတစ်သက် တရားရှင် ဖြစ်နိုင်မည် မထင်ပါ။ တရားကို စောင့်ရှောက်သူ ဖြစ်မည်မထင်ပါ။ တရားဓမ္မကို မြတ်နိုးသူတော့ ဖြစ်ကောင်း ဖြစ်မည်။ ဘာပဲဖြစ်ဖြစ် ကျေနပ်သူ အဖြစ်လောက်တော့ ရှိနေတတ်သည်။ အစ္စလာမ်ဘာသာဝင်များ၏ ရှစ်ဖို့တစ်ဖို့ အလှူကိုလည်း ကျေနပ်သည်။ ခရစ်ယာန်ဘာသာဝင်များ၏ ၀ဲဘက်ပါးကိုရိုက်လျှင် ယာဘက်ပါးကို ထိုးပေးလိုက်ပါ ဆိုတာကိုလည်း ကျေနပ်သည်။ ဘာသာတရား အလိမ်အညာများအတွက် ပြောသင့်လို့ ပြောလျှင်လည်း ကျေကျေနပ်နပ်နှင့်ပဲ ၀တ္တရားအရ ပြောသည်ဟု မှတ်ယူလိုက်သည်။
အဲဒီလို စဉ်းစားလိုက်တော့ ရာသီဥတု ပူတာကို စိတ်ညစ်တာ နည်းနည်းလျော့သွားသည်။ အေးတာလည်း စိတ်ညစ်တာ လျော့သွားသည်။ လျော့သွားရုံမျှ ဖြစ်ပြီး လုံးလုံးပျောက်သွားတာ မဟုတ်သောကြောင့် နေရာတော့မကျသေး။ သို့သော် ပလီပလာ တွေးတတ်သူပြီပြီ ရေးရေးတော့ သဘောမျှ ပေါက်လိုက်ပြီဟု ကိုယ့်ဖာသာလှည့်စားသည်။
သြော် တံငါက တံငါလို မြင်ပေမှာပဲ။
သြော် မုဆိုးက မုဆိုးလို မြင်ပေမှာပဲ။
ကိုယ့်ဖာသာပဲ ကြည့်လေ။ ဒုတိယနှစ်တုန်းက ၇၅ ဒီဂရီက ခု ၁၅၀ ဖြစ်ပြီ။ မျက်မှန်ချွတ်လျှင် အဝေးကို ခပ်ဝါးဝါးသာ မြင်သည်။ ၀ါးတာချင်းအတူတူ ငယ်ငယ်က ၀ါးတာက တော်သေး။ ခု ၀ါးတာက ပိုဆိုးလာသည်။ ဒါ လောကဝေါဟာရအရ ကိုယ့်မျက်လုံးတစ်ခုတည်းရဲ့ မတူတဲ့အမြင်။
ဒါတွေ သူငယ်ချင်း မိတ်ဆွေများကို ပြောပြတော့ တစ်ယောက်က ဇရာ ဇရာ ဟုရေရွတ်သည်။ အခြားတစ်ယောက်က သန္တတိသင်္ခါရ ဟုချဲ့ထွင်သည်။ ဆရာကြီးဦးရွှေအောင်၏ ဆောင်းပါးခေါင်းစဉ်အရ အမြင်များပြောင်းလဲခြင်းလည်း ဖြစ်သည်ဟု တစ်ယောက်က ရွဲ့သည်။
ဒီဂရီအထူအပါး ကွာသွားသည်ဟု ခနဲ့သူက ခနဲ့သည်။
ဘာပဲဖြစ်ဖြစ် ဒီလူတွေဟာ အတူတူ "လူ"ချည်းပါပဲ ဟူသော ကြားဖူးနားဝ ဒဂုန်တာရာ၏ စကားကို သဘောတကျရှိတာကြောင့် သူတို့ဘာပြောပြော ပြောသမျှ သဘောကျ၏ဟု လုပ်နေလိုက်သည်။ သို့သော် အမှန်သဘောကျတာလား နေသေးသပ ချုံထဲက ချိုသွေးတမြမြ လုပ်နေတာလား ဆိုတာကိုတော့ စာရေးသူကျွန်တော်ကိုယ်တိုင် မှ လွဲ၍ မည်သူမျှ သိမည်မထင်။ ကျွန်တော်ဟူသော သူကိုယ်တိုင်ပင်လျှင် သူ့စိတ်ဖြစ်သမျှ အကုန်သိနိုင်ပါ့မလား စဉ်းစားစရာ ရှိနေသည်။ ဘာပဲ ဖြစ်ဖြစ် ဖြစ်သင့်တာကို သူကား ပြောချလိုက်ခြင်းသာ ဖြစ်ပေလိမ့်မည်။ ယောကျာ်းကောင်းက သူ့စကား သူထိန်းသိမ်းလိမ့်မည်။ ယောကျာ်းညံ့ကား ထိန်းမည်မဟုတ်။ သူ့စကား သူ ဘယ်မျှ တန်ဖိုးထားသလဲဆိုတာကို အချိန်က ဆုံးဖြတ်လိမ့်မည်။ စောင့်ကြည့်ဖို့လိုမည်ဟု သူ့ကိုယ်သူ နားလည်လိုက်ပါသည်။

0 comments:
Post a Comment