* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, August 28, 2010

ရိပ်သာဝင်မည်ဆိုပါလျှင်



ရိပ်သာဝင်မည့်သူများ အနေဖြင့် "တရားအားထုတ်တယ်ဆိုတာ ဒုက္ခအကြောင်းကို သင်ယူခြင်း ဖြစ်တယ်" ဆို သည်ကို ဦးစွာ သဘောပိုက်ထားသင့်ကြပါသည်။ သက်တောင့်သက်သာ နေလိုသဖြင့် တရားလာအားထုတ် သည်ဟု ဆိုပါလျှင် မှန်းချက်နှင့် နှမ်းထွက်မကိုက် ဖြစ်တတ်သဖြင့် ထိုသူမျိုးတို့မှာ နောက်ပိုင်းတွင် ရိပ်သာ ဆို သောအသံကို ကြားရုံမျှနှင့်ပင် နောက်တွန့် သွားကြ မြဲဖြစ်ပါသည်။ ထိုစကားမှန်၏။ တရားအားထုတ်သည်ဖြစ်စေ ၊ အားမထုတ်သည်ဖြစ်စေ လူတိုင်းလူတိုင်းတွင် အကောင်းအဆိုး နှစ်မျိုးသော ခံစားချက်မျိုး ရှိကြစမြဲပင်ဖြစ်ပါ၏။

လူအတော်များများသည် မိမိတို့ဘ၀၏ အချိန်အတော်များများကို တကယ်အလုပ်မဖြစ်သောအရာများအတွက် အချည်းနှီးဖြုန်းတီးပစ် တတ်ကြပါသည်။ မှန်၏ ။ ကျွုပ်တို့သည် နှစ်လိုဖွယ်ရာအာရုံများကိုသာ မရမက ဖမ်းဆုပ် နိုင်ရန် ကြိုးစားခြင်း ၊ မနှစ်လိုဖွယ် အာရုံများကို မရမက မောင်းထုတ်ရန် ကြိုးစားခြင်းတို့ဖြင့် တန်ဖိုးရှိလှသော အချိန်များကို အချည်းနှီးဖြုန်းတီးနေကြသည် သာဖြစ်ပါ၏ ။

ကျွန်ုပ်တို့သည် အိမ်မှာနေစဉ် ကျင့်သုံးခဲ့သော ထိုအလေ့ အထများကို ရိပ်သာသို့တိုင် သယ်ဆောင် လာတတ်ကြ၏။ တရားအားထုတ်စဉ် နာကြင်ခံခက်သော အခြေအနေများကိုငြင်းဆန်လိုခြင်း၊ သက်တောင့်သက်သာ အနေအထားမျိုးကိုသာ မျှော်လင့်တောင့်တခြင်းမျိုး ကို သူသူငါငါ ပြုမိ တတ်ကြ၏ ။ ထိုအခြေအနေမျိုးသည် ရိပ်သာ၏ပြင်ပမှာ လည်းမရှိနိုင်သကဲ့သို့ ရိပ်သာတွင်းမှာ လည်းရှိနိုင် သောအရာမျိုးမဟုတ်ကြသည်ကို ကောင်းစွာ သတိချပ်သင့်ကြပါ၏။


သို့ဆိုလျှင် ရိပ်သာဝင်ရကျိုးမရှိတော့ပြီလောဟု မေးစရာရှိ၏။ မေးလာသော် အိမ်၌နေစဉ်သတိမထားမိခဲ့သော တကယ်ရှိဒုက္ခ အကြောင်းကို ကောင်းစွာသိရှိ သတိပြုမိခြင်းအကျိုးရှိ၏ဟု ဖြေရမည်သာဖြစ်ပါ၏။ အိမ်၌နေစဉ် ဒုက္ခအကြောင်းသတိပြုမိ၍သာ ရိပ်သာလာရောက် တရားအားထုတ်ခြင်းဖြစ်သည် မဟုတ်ပါလောဟု ထပ်၍ စောဒက တက်လာစရာအကြောင်းရှိနေပြန်၏။

ဤသို့ စောဒကတက်လာသော် အိမ်၌နေစဉ် ဒုက္ခအကြောင်းကို သိသည်ဆိုသော်လည်း အလိုရှိသည်ကိုမရ၍သော်လည်းကောင်း၊ အလိုရှိသည်ကို လက်လွတ်ဆုံးရှုံးရ သော် လည်းကောင်း ဖြစ်သောဒုက္ခလောက်ကိုသာ ရိပ်မိရုံမျှ သိသောအခြေအနေမျိုးဖြစ်၏။ ရိပ်မိသည်ဆိုရာ၌လည်း တည်ငြိမ်သော အနေအထားမျိုးဖြင့် ရိပ်မိသိရှိခြင်းမျိုးကားမဟုတ် ၊ အလိုမပြည့် အငတ်မပြေ၍ တောင့်တမှု
ကြောင့်ကြမှု စိုးရိမ်မှုကြီးစွာဖြစ်ခြင်းမျိုးသက်သက်မျှသာဖြစ်၏။ ဤအသိမျှလောက်နှင့် ငြိမ်သက်မှု၊ အေးချမ်းမှု၊ လျစ်လျူရှုနိုင်မှု မျိုးကို စင်စစ် လက်လှမ်းမမီနိုင်သေးပါချေ။

ရိပ်သာဝင်ရောက် တရားအားထုတ်လိုက်သောအခါ အလဟဿအချိန်ဖြုန်းတီးမှု, မိမိကိုယ်ကိုထပ်၍ညှင်းဆဲမှု သက်သက်မျှသာ ဖြစ်သော တကယ်အလုပ်မဖြစ်သော စိုးရိမ်ကြောင့်ကြနေရသော အလုပ်တို့အစား ငြိမ်သက်မှု၊ အေးချမ်းမှု၊ လျစ်လျူရှုနိုင်မှုမျိုးကို ကိုယ်တွေ့ခံစားသိမြင်လာ နိုင်ကြမည်သာဖြစ်ပါ၏။ အိမ်၌နေစဉ် သတိမထားမိခဲ့သောဒုက္ခ၏အကြောင်း၊ ဒုက္ခ၏သဘာဝ၊ ဒုက္ခ၏ အကန့်အသတ်၊ ဒုက္ခ၏ပျက်စီးမှုတို့ အကြောင်းကို ကောင်းစွာသိရှိ သတိထားမိလာနိုင်ကြမည်သာဖြစ်ပါ၏။

လိုရင်းချုပ်၍ဆိုရပါလျှင် ဒုက္ခကိုမသိနားမလည်ခြင်းကြောင့်သာ (တရားအားထုတ်သည်ဖြစ်စေ၊ တရားအားမထုတ်သည်ဖြစ်စေ) မလွဲမရှောင်သာ ခံစားကြုံတွေ့နေကြရသော ဒုက္ခတရားတို့အပြင် အပိုဆုအဖြစ် စိုးရိမ်ကြောင့်ကြခြင်း၊ နှလုံးမသာယာခြင်းစသော စိတ်ပိုင်းဆိုင်ရာ ဒုက္ခမျိုးကိုပါတိုး၍ ခံစားနေကြရခြင်းဖြစ်ပါ၏။ ဒုက္ခကို အတိုင်းအတာတစ်ခုအထိ သိရှိနားလည်သွားကြသူတို့အဖို့၌မူ ယခင်ပူခဲ့သလောက် အပူမရောက် တော့ခြင်း၊ ယခင်စိုးရိမ်ခဲ့ရသလောက် စိုးရိမ်မှုအပိုမနှောက်တော့ခြင်းစသော အကျိုးတရားတို့ကို လက်ငင်းခံစားရရှိနိုင်ကြမည်သာဖြစ်ပါ၏။

ထို့ကြောင့် တရားအားထုတ်ရန် ရိပ်သာဝင်ရောက်မည်ဟုကြံ ရွယ်ထားကြသူတို့ အဖို့ရာမှာ "ရိပ်သာကိုလာခြင်းကြောင့် သက်တောင့် သက်သာအနေအထားမျိုးကို ကြုံတွေ့ကြရလိမ့်မည်ဟု မမျှော်လင့်သင့်ကြမူ၍၊ ဒုက္ခအကြောင်းကိုသိရန်သာ ရိပ်သာဝင်ရောက်ခြင်း ဖြစ်သည်" ဟူသောသဘောမျိုးကိုပိုက်၍သာ ရိပ်သာဝင်ရောက်ထိုက်သင့်ကြပါကြောင်း စကားလက်ဆောင်ပါးလိုက်ရပါ၏။

(ဒုက္ခသစ္စံ ပရိညေယျံ)

(ရိပ်သာဝင်မည့်အကြောင်း အသိပေးလျှောက်ထားလာသူသို့ ရည်ညွှန်းပါသည်)

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP