မင်းအလှ ခဏ ငှါးပါရစေ
Thursday, 26 August 2010 13:34 |
Written by Administrator | PDF | | Print | | E-mail
အရှင်ဉာဏိကာဘိဝံသ
(ကာလီဖိုးနီးယားတက္ကသိုလ်)
နံနက်စောစော လမ်းလျောက်တဲ့အခါတိုင်း Good morning ဒါမှမဟုတ် Morningဆိုတဲ့ နှုတ်ဆက်စကားကို မျက်နှာချင်းဆိုင် လျှောက်လာသူ၊ ပြေးလာသူတွေဆီကဖြစ်စေ။ နောက်ကနေ ကိုယ့်ကိုယ် ဖြတ်ကျော်ပြေးသွားသူတွေ ဆီကဖြစ်စေ။ အိမ်ရှေ့မြက်ခင်း စိမ်းစိမ်းတွေကို ရေလောင်းနေသူတွေဆီက ဖြစ်စေ။ အလုပ်သွားဖို့ ကားပေါ်တက်လုဆဲဆဲ သူတွေဆီကဖြစ်စေ၊ အမြဲလိုလို ကြားရတတ်တယ်။ သူတို့ကဦးလျင် သူတို့ကနှုတ်ဆက်၊ ကိုယ်ကဦးလျင် ကိုယ်ကဆက်။ သစ်လွင်လန်းဆန်းတဲ့ နေ့သစ်တစ်နေ့အတွက် ခွန်အားသစ်တို့ ဖြစ်စေနိုင်သော လှပတဲ့ယဉ်ကျေးမှု အစဉ်အလာ ကောင်းတစ်ခုပေါ့။
ဒီလို နံနက်ခင်းမှာ ကြားလိုက်ရတဲ့ Good morning ဆိုတဲ့အသံဟာ အခြားအချိန်များမှာ ကြားရတတ်တဲ့ နှုတ်ဆက်စကားထက် ပိုပြီးသာယာတယ်၊ စိတ်ကိုရွှင်လန်းစေတယ်လို့လည်း ထင်မိတယ်။ ဒီလို နှုတ်ဆက်စကား ကြားရတဲ့ နေ့မျိုးမှာ အစစအရာရာ တစ်နေ့တာလုပ်ရသမျှ ပိုမိုချောမွေ့အဆင်ပြေ တတ်တယ်လို့လည်း အစွဲတစ်ခု ဖြစ်နေသလို ခံစားမိတယ်။ နောက်ပြီး မှားမလားတော့ မဆိုနိုင်ဘူးပေါ့။ နံနက်စောစော လမ်းလျှောက်တတ်သူတွေဟာ အခြားသူတွေ ထက် ဝီရိယအားကောင်းသူတွေလို့လည်း မှတ်ယူထားမိတယ်။ ဒါကပဲ နံနက်စောစော လမ်းပေါ်မှာ တွေ့ရသူတွေကို အလိုလိုလေးစားမိရ ခြင်း အကြောင်းဖြစ်နိုင်သလို ဒီကတဆင့် သူတို့တွေရဲ့နှုတ်ဆက်စကားသံကလည်း ပိုမိုချိုမြနေသလို၊ ကျက်သရေရှိနေသလို ခံစားရဖို့ အကြောင်းလည်းပဲ ဖြစ်မယ်ထင်တယ်။
ခေတ်သစ်လူ့အဖွဲ့စည်းများမှာ အမျိုးမျိုးသော ဖျော်ဖြေရေးအစီအစဉ်များရဲ့ ဆွဲငင်မှု၊ မပြီးဆုံးနိုင်တဲ့ လုပ်ငန်းအဝဝရဲ့ ဖိအားကြောင့် အများစုသော သူတွေက ညဉ့်နက်မှ အိပ်လေ့ရှိတတ်တာ။ ဒီတော့ နံနက်စောစော အိပ်ရာထသူ ဆိုတာက အနည်းသား။ အလုပ်စောစော သွားရမည့်သူတွေ၊ ကျောင်း စောစော သွားကြရမည့်သူတွေလောက်ပဲ မဖြစ်မနေ လူးလဲထ တတ်ကြတာ။ ပုံမှန်အားဖြင့် နံနက် စောစော အချိန်တွေမှာက လမ်းတွေပေါ်မှာ၊ ဈေးဆိုင်တွေမှာ၊ ကားရှင်း၊ လူရှင်း။ မြင်ကွင်းတွေလည်း ရှင်းလင်းလို့။ ရှင်းရှင်းလင်းလင်းကို နှစ်သက်တတ်တဲ့ ကိုယ့်အဖို့ ဒါသည်ပင် တကယ့်ကိုမှ စိတ်ကြည် နူးစရာ။ နှလုံးရွှင်ပြုံးစရာ။ ဘဝင်ချမ်းမြ၊ စမ်းလ သန္တာ။
ကိုယ်က အခြားနေရာမှာသာ ဝီရိယ မကောင်းတာ။ ငါးနာရီ မထိုးမီအိပ်ရာထရတဲ့ အလေ့အကျင့်က အသားကျနေပြီမို့ ဘယ်အရပ်ပဲရောက်ရောက် နံနက်ပိုင်းဆိုလျင်တော့ ၆ နာရီလောက်ရောက်လျင် အိပ်ရာထဲမှာ ဆက်နေလို့ မရလောက် အောင်ကိုပဲ ဖြစ်နေတတ်ပြီ။ ဒီတော့ နံနက်စောစော အိပ်ရာထ ရတာ အသားကျနေတဲ့ သူအဖို့တော့ ခုလို ငြိမ်သက်စွာအေးချမ်းနေတတ်တဲ့ နံနက်ခင်းမှာ လတ်ဆတ် စွာ တိုက်ခတ်လာတဲ့ လေပြညင်းနဲ့အတူ မျောလွင့် ပါလာတတ်တဲ့ Early bird လေးများရဲ့ ချိုမြမြ သံ သာသာ သီချင်းသံလေးတွေကို ကံကောင်းလှစွာ ပြည့်ပြည့်ဝဝ ခံစားခွင့်ရလေ့ ရှိတတ်တာကပင် နံနက်ချိန်ခါ မင်္ဂလာဖြစ်လို့နေတယ်။
စာရေးသူနေထိုင်နေတဲ့ အရပ်မှာ ပန်းတွေက အစွမ်းကုန်ပွင့်တတ်ပေမယ့် အေးတဲ့ရာသီနဲ့ နည်းပါးတဲ့ နေရောင်ခြည် ကြောင့်ထင့်။ အနံ့ကောင်းကောင်း သင်းလေ့မရှိပါဘူး။ ပင်လုံးညွတ်ပွင့်နေတဲ့ နှင်းဆီရုံ ကြီးတွေဘေးမှာ ဖြစ်လျှောက် တာတောင်မှ နှင်းဆီနံ့သင်းသင်းလေး ရလေ့မရှိပါဘူး။ သို့ပေမယ့် နံ နက်စောစော အချိန်များမှာတော့ ရေမြေလေ သဘာဝတွေက သန့်ရှင်းလတ်ဆတ်နေသေးတာရယ်၊ ပန်းရနံ့လေးတွေကို ခိုးယူတတ်တဲ့ အခြားအညစ်အကြေး လေဆိုးတွေနဲ့ ပန်းရနံ့ကို မျှဝေ မယူရသေး တာရယ်ကြောင့် ဖြစ်မယ်။ အိမ်ရှေ့တွေမှာ စိုက်ထားတဲ့ ပန်းလှလှလေးတွေရဲ့ ညင်းဆဆပေမယ့် သင်း မြမြ ရနံ့လေးတွေကို ပြည့်ပြည့်ဝဝ ရလေ့ရှိတယ်။ ဒီသင်းမြမြ ရနံ့လေးတွေနဲ့အတူ မြက်ခင်း စိမ်းစိမ်း တွေကို ဖျန်းပက်ပြီးစ ရေငွေ့နဲ့အတူ ပါလာတတ်တဲ့ မြက်စိမ်းရနံ့လေးတွေကိုလည်း ရှိုက်ခွင့်ရတယ်။ ဒါကြောင့် စိတ်ကိုလန်းဆန်းတက်ကြွ ဖြစ်စေရတယ်။
မကြာခဏ လျှောက်ဖြစ်တတ်တဲ့ ရပ်ကွက်လေးတစ်ခုရှိတယ်။ ဒီရပ်ကွက်လေးထဲမှာပဲ တစ်ကွင်းလုံး စိမ်းလန်းနေတဲ့ မြက်ခင်းပြင်တစ်ခုနဲ့ ပန်းခြံလေးတစ်ခုလည်းရှိတယ်။ နံနက်စောစော အချိန်များမှာ ကားရှင်းရှင်း လူရှင်းရှင်းမို့ထင်ရဲ့။ လမ်းမဘေး ရပ်ကွက်ပန်းခြံထဲက ရှဥ့်ငယ်လေးတွေက လမ်းမပေါ် ထွက်ထွက်လာတတ်တယ်။ တခါတရံများမှာဆို လမ်းမအလယ်တည့်တည့်မှာ ဆောင့်ကြောင့်ထိုင်ပြီး လက်နှစ်ဖက်နဲ့ကိုင်ကာ သစ်သီးလေးတွေကို အားရပါးရ စားနေ တတ်တာကို တွေ့ရတတ်တယ်။ တစ်ကောင်မက နှစ်ကောင်မက၊ အကောင်များစွာ။ လိုက်တမ်းပြေးတမ်း ကစားနေ တတ်တဲ့ ရှဥ့်ငယ်လေးတွေကို ငေးပြီးတောင် ရပ်ကြည့်နေမိတဲ့အခါရှိတယ်။ ကိုယ့်လိုပဲ ရပ်ကြည့်နေတတ်တဲ့ အဖိုးအဖွားအို စုံတွဲကိုလည်း အမြဲနီးပါး တွေ့ရတတ်တယ်။ ဒီအရပ်မှာက ရှဥ့်လေးတွေကို ရန်မူမဲ့သူ၊ အနှောင့်အယှက် ပေးမည့်သူ ဘယ်သူမှ မရှိဘူးလေ။ လမ်းလျှောက်နေသူတွေဟာ သူတို့ကို ရန်မူမည့်သူတွေ မဟုတ် ဘူးဆိုတာ ရှဥ့်လေးတွေကလည်း သိနေတဲ့အတိုင်းပဲ။ တခါခါမှာတော့ လက်တစ်ကမ်းလောက်အထိ ရောက်လာတတ်တယ်။ ထိုင်နေ ရပ်ကြည့်နေတဲ့ သူကိုတောင်မှ ပတ်ခြာဝိုင်းကာ လိုက်တမ်းပြေးတမ်း ကစားနေတတ်သေးတယ်။ တခါတရံမှာတော့လည်း ရှေ့တည့်တည့်ကိုရောက်လာပြီး ဆောင့်ကြောင့် ထိုင်ကာ မျက်နှာကိုစေ့စေ့ကြည့်လို့ ကွိကွိကွကွနဲ့ စကားဆို နေတတ်ကြသေးတယ်။ သူတို့ပြောတာ နားလည်နိုင်ဖို့ သူတို့ဘာသာစကားကိုတောင် လေ့လာရမလို ဖြစ်နေပြီလို့တောင် ကြံကြံဖန်ဖန် အတွေးပေါ်မိတတ်တယ်။
ရပ်ကွက်ထဲနေသူအချို့ကတော့ နားလည်ဟန်ပါ။ ဒီအနီးအနားရောက်တာနဲ့ ကားကိုအရှိန်လျော့ပြီး ဖြေးဖြေးသာသာ မောင်းတတ်ကြတယ်။ ရှားရှားပါးပါး ပေါ်လာတတ်တဲ့ ရပ်ဝေးကရောက်လာတတ်သူ တွေကတော့ ဒီလမ်းပေါ်က ရှဥ့်ငယ်လေးတွေကြောင်း မသိကြလို့ ကားကိုပုံမှန်အရှိန်နဲ့ မောင်းတတ်ကြ တယ်။ ဒီအခါမျိုးမှာ လမ်းပေါ်ထိုင်နေတတ်တဲ့ ရှဥ့်ငယ်လေးတွေကိုများ တိုက်မိလေမလားလို့ မနေနိုင် မထိုင်နိုင် ပူပင်မိရသေးတယ်။ သို့ပေမယ့် နှစ်ပေါင်းတော်တော်ကြာလာတဲ့အထိ တစ်ခါမှ ရှဥ့်ငယ်လေး တွေကို ကားတိုက်မိတာ မတွေ့မိဘူး။ လမ်းမပေါ်က ရှဥ့်ငယ်လေးတွေကို မြင်တာနဲ့ ကားအရှိန်ကို လူတိုင်းက လျော့မောင်းကြတာကြောင့်လည်း ဖြစ်မယ်ထင်တယ်။ ကြင်နာတတ်သူတွေဆိုတာက ကိုယ့် ပယောဂကြောင့် သတ္တဝါလေးတစ်ကောင် သေကြေပျက်စီးရမှာမျိုးကိုပင် မလိုလားတတ်ကြပါဘူး။
ဒီမနက်မှာတော့ မင်္ဂလာနဲ့ အမင်္ဂလာဖြစ်ရတဲ့ မြင်ကွင်းနှစ်ခုကို ပူးတွဲတွေ့ခဲ့ရတယ်။ ပုံမှန်ထက်နဲနဲပြင်းတဲ့ အရှိန်နဲ့ ကားတစ်စီး ကိုယ့်ဘေးကနေ ဖြတ်ကျော်သွားတယ်။ တစ်ခုခု အရေးကြီးနေမှန်း ခန့်မှန်းမိ တယ်။ ရှေ့ကိုက် ၂ဝဝ လောက်မှာ ရှဥ့်လေးတွေရှိနေတတ်လို့ သူတို့အတွက် စိတ်ပူမိလိုက်တယ်။ ကိုယ့်အပူမှ မဆုံးသေးဘူး။ ရုတ်တရက်ပဲ ဖြတ်မောင်းသွားတဲ့ကားရဲ့ ဘရိတ်အုပ်သံပြင်းပြင်း ကြားလိုက်ရတယ်။ နောက်ပြီး မောင်းနေတဲ့ ကားဦးကို ဘယ်ဖယ် ယိမ်းလိုက်၊ ညာဖက်ယိမ်းလိုက်နဲ့ ကား မောင်းသူ အလုပ်များနေတာကို မြင်ရတယ်။ လမ်းပေါ်က ရှဥ့်တစ်ကောင်ကို ရှောင်တိမ်းမောင်းနေမှန်း သိလိုက်တယ်။ ကားဦးက ဘယ်ဖက်ယိမ်း၊ ရှဥ့်လေးကလည်း ကြောက်လန့်တကြား ဘယ်တိမ်း။ ဒီတော့ ကားဦးက ညာယိမ်း၊ ရှဥ့်လေးကလည်း ညာတိမ်းနဲ့ ကားနဲ့ရှဥ့်လေးက ထုတ်ဆီးတိုး ကစားတဲ့ အတိုင်း ဖြစ်နေတယ်။ ကားက ရှေ့ကိုနည်းနည်း တိုးသွားလိုက်။ ကားတိုးတဲ့ဖက် ရှဥ့်လေးက တိမ်း တာကြောင့် ကားက နောက်နည်းနည်း ပြန်ဆုတ်လိုက်နဲ့ တမင်ကစားနေသလို ဖြစ်နေတယ်။ နှစ်ကြိမ် လောက်စီ ဘယ်တိမ်း ညာယိမ်း၊ ရှေ့တိုးနောက်ငင်ဖြစ်နေချိန်မှာပဲ လမ်းဘေးပလက်ဖောင်းပေါ်က ရှဥ့်လေးတစ်ကောင်က ပြေးထွက်လာတယ်။ ကားနောက် ပိုင်းဖြစ်နေတာမို့ ကားမောင်းသူ မြင်လိုက် ဟန် မတူဘူး။ ဒါကြောင့် နောက်ပြန်ဆုတ်လိုက်တဲ့ ကားဘီးနဲ့ ရှဥ့်လေးကို ကြိတ်မိသွားတယ်။ နောက်နားကိုရောက်နေတဲ့ စာရေးသူက ဒီမြင်ကွင်းကို ကွက်ကွက်ကွင်းကွင်း မြင်လိုက်ရတယ်။ ဒီ အတွက် ရှဥ့်လေးအတွက် စိတ်အတော် ထိခိုက်မိတယ်။ ရှဥ့်ကလေးကို တက်နင်းလိုက်တာကိုတော့ ကားမောင်းသူ သိသွားဟန်ရှိတယ်။ ကားကို လမ်းဘေးမှာရပ်ပြီး ဆင်းလာတယ်။ ဒီတော့မှ ကား မောင်းသူ မိန်းမငယ်တစ်ဦးဖြစ်မှန်း သိရတယ်။
သူမ ဘာများလုပ်လေမလဲလို့ ကြည့်နေစဉ်မှာပဲ ရှဥ့်သေလေးဘေးမှာ သူမဒူးထောက်ထိုင်လိုက်တယ်။ လက်နှစ်ဖက်နဲ့ ရှဥ့်သေလေးကို ကောက်ပြီး သူ့လက်ဝါးနှစ်ဖက်ထဲမှာ ရှဥ့်လေးကို ယုယုယယထည့် ကာ ရှဥ့်သေလေးရဲ့ နှုတ်သီးဖျားကို သူ့နှုတ်ခမ်းနဲ့ တို့ထိနမ်းလိုက်တယ်။ ပါးပြင်ပေါ်မှာလည်း မျက်ရေ တွေ သွင်သွင်စီးကျလို့။ နောက်ပြီး ရှဥ့်သေလေးကို စေ့စေ့ကြည့်ကာ ရှိုက်ရှိုက်ငင်ငင် ငိုချလိုက်တာကို မြင်လိုက်ရတယ်။ တကယ့်ကိုမှ ဝမ်းနည်းတဲ့ အသွင်အပြင်နဲ့ပါ။
မင်သက်ပြီး ရပ်ကြည့်နေမိတဲ့ စာရေးသူလည်း ရှိုက်ကြီးတငင် ငိုကြွေးနေသူအတွက် တစ်ခုခုတော့ ပြောမှ တော်မယ်ဆိုတာ သိလိုက်တယ်။ ဒါကြောင့် မင်းမှာ အပြစ်မရှိပါဘူး။ မမြင်လိုက်လို့ ဖြစ်ခဲ့တာပဲ။ မင်းမြင်ရတဲ့ ရှဥ့်လေးအတွက် မင်းရှောင်တိမ်းမောင်းနေတာကို ကိုယ်မြင်နေရတာပဲ။ ဒီတော့ သူမက မဟုတ်ဘူး။ သူအရေးတကြီး အမြန်မောင်းတဲ့အတွက် အခုလိုအဖြစ်ဆိုး ဖြစ်ရတာ။ အပြစ်မဲ့တဲ့ သတ္တဝါလေးသေဆုံးရတာ။ သူဘဝတစ်လျောက်လုံးမှာ သူ့ကြောင့် သတ္တဝါတစ်ကောင်တလေမှ မသေကြေစေခဲ့၊ အနာတရ မဖြစ်စေခဲ့ဖူးဘူး။ ခုတော့ သတ္တဝါတစ်ကောင် သေဆုံးသွားရပြီမို့ သူ့မှာ အလွန်ကြီးတဲ့ အပြစ်ရှိသွားပြီ။ ဒီအတွက် သူ့ကိုဘုရားသခင်က အပြစ်ကြီးကြီးပေးတော့မှာ သေချာ တယ်တဲ့။ ဒီတော့ စာရေးသူက မပူပါနဲ့၊ ဘုရားသခင်ရှေ့ရောက်လျင် မင်းမှာ ဘာမှအပြစ်မရှိတဲ့ အကြောင်း ငါသက်သေခံပေးပါ့မယ်လို့ ရုတ်တရက် ပြောမိလိုက်တယ်။ စိတ်သက်သာရာရသွားဟန် ရှိပါတယ်။ တကယ်လားလို့ အားတက်သရော ပြန်မေးတယ်။ တကယ်ပါ။ ဘုရားသခင်ရှေ့ရောက်လျင် ကိုယ့်ကိုသာ လှန်းတမ်းတလိုက်။ ကိုယ်သေချာ အရောက်လာခဲ့မယ်လို့လည်း ပြောလိုက်တယ်။
စိတ်သက်သာရာရစေဖို့ ရိုးရိုးပဲ ပြောလိုက်ပေမယ့် ဒီဖြစ်ရပ်နောက်ဆက်တွဲက ဘုရားသခင်ရှေ့ ရောက်တယ်ဆိုဦး။ သူက ကိုယ့်ကိုဘယ်လိုအနေနဲ့ တမ်းတမယ်၊ ကိုယ်ကလည်း ဘယ်လို အရောက် သွားနိုင်မယ်ဆိုတာ သူလည်းစဉ်းစားမိမှာ မဟုတ်သလို ပြောလိုက်စဉ်ကတော့ ကိုယ်လည်း သတိ မထားမျလိုက်ပါဘူး။ ဒါပေမယ့် သူကတော့ လုံးဝစိတ်ချ ယုံကြည်သွားဟန်တူတယ်။ လာမယ်ဆိုတာ တကယ့်ကတိနော်လို့ သေချာအောင် ထပ်မေးခဲ့ပါသေးတယ်။ ကတိပါလို့ ကိုယ်ကလည်း ထပ်မံ ကတိ ပြုလိုက်ပါတယ်။ သူ ဘယ်ကလာလို့ ကိုယ်ဘယ်နေမှန်းမသိ၊ အချင်းချင်းတွေရဲ့ နာမည်တွေကိုတောင် မသိကြတဲ့သူနှစ်ဦးရဲ့ ကတိပေး ကတိယူ စကားတွေက တွေးကြည့်မယ်ဆိုလျင် ရယ်ဖွယ်ရာပါ။ သို့ပေ မယ့် ဒီအချိန်မှာ သူမနဲ့စာရေးသူတို့ နှစ်ဦးကြားမှာ သတ္တဝါတစ်ဦး ဆင်းရဲဖြစ်နေတာကို မကြည့်ရက် နိုင်၊ မမြင်ဝံ့ရက် ဖြစ်နေတဲ့ ကရုဏာစိတ်၊ အသီးသီးရဲ့ရင်မှာ တူညီညာ ဖြစ်နေတယ်ဆိုတာကိုတော့ နှစ်ဦးစလုံး ကောင်းကောင်းသိနိုင်ကြပါတယ်။
ရှဥ့်ကလေးကို ကားပေါ်မှာပါလာတဲ့ အဝတ်စလေးနဲ့ ကျကျနန တယုတယထုတ်ပြီး ခွင့်ပြုပါဦးဆိုကာ သူမထွက်သွားတယ်။ ကားတံခါးဖွင့်ပြီး ကားပေါ်မတက်မီမှာ ဘုရားသခင်ရှေ့ကို လာဖြစ်အောင် လာ နော်ဆိုပြီး အထူးမှာကြားသွားသေးတယ်။ လာခဲ့ပါမယ်။ စိတ်ချပါလို့ ပြောလိုက်တယ်။ ပြောပြီးပြီးခြင်း ရုတ်တရက်ပဲ ဟေး ဟေး မင်းအလှ ခဏငှါးနိုင်မလားလို့ နှုတ်ကအလိုလို ထုတ်မေးမိတယ်။
ဘာကိုဆိုလိုမှန်း သူဘောပေါက်ဟန်မရှိဘူး။ ဒီလိုပါ၊ မင်းရဲ့သတ္တဝါ တွေအပေါ် ကြင်နာတတ်တဲ့ နှလုံး သားအလှမျိုးကို တို့နိုင်ငံက လူအချို့ဆီမှာ ခဏဖြစ်ဖြစ် ပြောင်းတတ်ပေးချင်လို့ ခဏငှါးချင်လို့ပါလို့ ပြောလိုက်မှ သူသဘောပေါက်သွားပုံရတယ်။ ဒီတော့မှ သူက မင်းဘယ်ကလဲလို့ မေးတယ်။ ငါ မြန် မာနိုင်ငံကပါဆိုတော့ အို သူကောင်းကောင်းသိတယ်။ မကြာမီက မုန်တိုင်းဒဏ်ခံလိုက်ရတဲ့ နိုင်ငံ မဟုတ်လားတဲ့။ မင်းနိုင်ငံသားတွေအတွက် သူအကြိမ်များစွာ ဆုတောင်းပေးခဲ့ပါတယ်တဲ့။ နောင်လည်း ဆက်လက်ဆုတောင်းပေးပါ့မယ်။ သူဆုတောင်းပေးတဲ့ အကြောင်းကိုလည်း သူတို့တွေကို ပြောပေးပါ။ သူဒီသတင်းကြားရတော့ ယူနီဆက်ကဆင့် အလှူငွေထည့်ဝင်ခဲ့ပါသေး တယ်လို့လည်း ပြောပါတယ်။ ကိုယ့်ပြည်သူပြည်သားတွေအရေးကို အားပေးကူညီသူဖြစ်တာကြောင့် သူ့ကိုလည်း ပိုမိုလေးစားမိရတယ်။
မင်းအချိန်နောက်ကျနေပြီ။ သွားဖို့အချိန်တန်ပြီလို့ သတိပေးလိုက်မှ ကားကိုဖြေးဖြေး မောင်းထွက် သွားတယ်။ ကားမထွက်မီမှာ “ခဏငှါးလို့ ရမယ်ဆိုလျင် သူ့အလှကို ရာထောင်သိန်းသောင်းမက မိတ္တူပွားပြီး ငှါးပေးချင်ပါ တယ်’ဆိုတဲ့ သူ့စကားထဲမှာပဲ ကရုဏာအလှတွေ ပြည့်လျမ်းနေတာကို ထပ် တွေ့လိုက်ရတယ်။ သူ့ကားမြင်ကွင်းက ပျောက်သွားတဲ့အထိ မလှုပ်ရှားမိပဲ အံ့သြငြိမ်သက်စွာ ရပ် ကြည့်နေမိတယ်။ မိနစ်ပိုင်းလေးမျှ တွေ့ရပေမယ့် သိမ်မွေ့တဲ့ သူ့စကား၊ လှပတဲ့သူ့မျက်နှာ၊ ကြင်နာ တဲ့သူ့နှလုံး၊ မျက်ဝန်းမှာထင်နေတဲ့ နက်ရှိုင်းတဲ့ သူ့ရဲ့ကရုဏာ ပုံရိပ်ကြောင့် ငါလူသားတစ်ဦးနဲ့တွေ့ရ တာမှ ဟုတ်ရဲ့လားလို့ ကိုယ့်ကိုယ်ကို ပြန်မေးလိုက်မိတယ်။
ဒီဃနိကကယ်၊ သီလက္ခန္ဓ၀ဂ္ဂ ၊ သာမညဖလသုတ်မှာ ဖခင်ကိုသတ်ထားတဲ့ အမှားကြောင့် မအိပ်နိုင် မစားနိုင် အပူမီး လောင်မြိုက်ခံထားရတဲ့ အဇာတသတ်မင်းသား ဗုဒ္ဓထံပါး ဖူးမြော်ရန်ရောက်လာတဲ့ အကြောင်း မိန့်ကြားထားတယ်။ ပြည့်ဝန်းနေတဲ့လမင်းကြီးနဲ့အတူ ကြယ်တာရာတွေ အစုံခနေတဲ့ တန်ဆောင်မုန်းလပြည့်ညမှာ မြတ်စွာဘုရား သီတင်း သုံးနေတဲ့ ရာဇဂြိဟ်မြို့အနီးက ဇီဝကရဲ့ သရက် ဥယျာဉ်အတွင်းရှိ ကျောင်းတော်ဆီကို အဇာတသတ်မင်း ရောက်လာ ခဲ့တယ်။ ထောင်ကျော်တဲ့ရဟန်းတော်တွေ ဘုရားရှင်ရှိရာဖက် မျက်နှာလှည့် လက်အုပ်ချီကာ ငြိမ်သက်စွာ ထိုင်နေကြတာ။ အေချမ်း တည်ကြည်စွာ။ အဇာတသတ်နဲ့ ရာပေါင်းများစွာသော ပရိတ်သတ်တွေ ရောက်လာတာကိုပင်၊ အမှတ်မပြု ၊ မရှုမကြည့်။ ပကတိအေးချမ်းမှု အပြည့်။
ဆိတ်ငြိမ်အေးချမ်းတဲ့ ပရိတ်သတ်အသွင်အပြင်ကိုမြင်ရတော့ အဇာတသတ်က သူချစ်ရတဲ့သား ဥဒယ ဘဒ္ဒမင်းသား ကို သွားသတိရတယ်။ သူ့သားတော်ရဲ့ရင်ထဲမှာလည်း ရဟန်းတော်တွေ ငြိမ်သက်နေသ လို ငြိမ်သက်နေစေချင်လိုက်တာ။ ရဟန်းတော်တွေ အေးချမ်းနေသလို သူ့သားတော်လေးလည်း အေး ချမ်းနေစေချင်လိုက်တာ။ မြင်ကွင်းလှလှမြင်ရတော့ ချစ်ခင်သူတွေကိုလည်း ကိုယ့်လိုပဲမြင်စေချင်တာ။ အသံသာသာ ကြားရတော့ တွယ်တာသူတွေကိုလည်း ဒီလို အသံသာလေး သောတနား ဆင်စေချင် တာ။ အစားကောင်းကောင်းစားရတော့ မြတ်နိုးရသူတွေကိုလည်း ဒီလို အရသာကောင်းလေး မြည်း စမ်း စားစေချင်တတ်တာ။ ဒါက လောကသဘာဝ မဟုတ်လား။
တမင်သက်သက်လုပ်တာ မဟုတ်ပါပဲ တိုက်ဆိုင်မှုအရ မတော်တဆဖြစ်သွားခဲ့တဲ့ ရှဥ့်ငယ်လေးတစ် ကောင် အသက်ဆုံးပါးသွားတာကိုကြည့်ပြီး ရှိုက်ကြီးတငင် ငိုကြွေးတဲ့ မိန်းမငယ်တစ်ယောက်၊ မိုင် ပေါင်းထောင်ချီဝေး ကွာတဲ့အရပ်က လူသားတွေရဲ့ ဒုက္ခကို စာနာနားလည်ပြီး ဆုတောင်းနေပါတယ်၊ ကူညီခဲ့ပါတယ်ဆိုတဲ့ မိန်းမငယ် တစ်ယောက်။ ဒီလို နှလုံးသား နူးညံ့သူတွေ၊ စာနာသနားတတ်သူတွေ၊ ရိုင်းပင်းကူညီတတ်သူတွေကို တွေ့ရတော့ ဆင်းရဲဒုက္ခ ရောက်နေကြတဲ့ ကိုယ့်ပြည်သူတွေကို သတိရမိတယ်။ ကိုယ့်ပြည်သူပြည်သားတွေကိုလည်း ခုလိုနှလုံးသား နူးညံ့တဲ့၊ စာနာထောက်ထားတတ်တဲ့၊ ရိုင်းပင်းကူညီတတ်တဲ့ မိသားစုဝင်တွေ၊ အုပ်ချုပ်သူတွေ၊ မိတ်ဆွေသူငယ်ချင်းတွေ၊ အိမ်နီးနားချင်း ကောင်းတွေနဲ့ အများကြီး အများကြီးပဲ ဆုံစေ တွေ့စေချင်လိုက်တာ။ သူတို့ ဒုက္ခတွေက အလွန်ပဲ ကြီး လွန်း လှ သလို အလွန်မှပဲ ရှည်ကြာလွန်းလှတယ် မဟုတ်လား။ ကမ္ဘာလောကသား အားလုံးအဖို့၊ အထူးသဖြင့် ဆင်းရဲကြီးစွာ တာရှည်လွန်းလှတဲ့ ကိုယ့်ပြည်သူပြည်သားတွေအဖို့မှာက ဒီလိုစိတ်ထား ကောင်းရှိသူတွေ၊ ကရုဏာရှင်တွေ၊ ဖေးဖကူညီမည့်သူတွေ အများကြီး အများကြီး လိုအပ်နေတယ် မဟုတ်ပါလား။ ။

0 comments:
Post a Comment