* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, August 28, 2010

ပါးပြင်မှာ မျက်ရည်စက်တွေနဲ့


နာဂတောင်ပေါ်ဒေသရှိ နာဂတိုင်းရင်းသူ တိုင်းရင်းသားများသည် စားဝတ်နေရေးအတွက် နေပူမိုး
ရွာမရှောင် အလုပ်လုပ်ပါမှ နပ်မှန်သည့်ဘဝသို့ ရောက်ကြရသည်။ ပြည်မနှင့်ဆက်သွယ်မှု အားနည်းသော
ဒေသ ဖြစ်တာကြောင့် ဆင်းရဲသူကများ၍ ချမ်းသာသူက နည်းပါးသည်။
ကွန်ပျုတာနှင့် အင်တာနက်အကြောင်းကို ပြောပြလျှင် သူတို့ဘဝမှာ ဒဏ္ဍာရီလားဟုပင် သို့လော
သို့လော တွေးတောနေတတ်သည်။ ရေခဲသေတ္တာ၊ အဲယားကွန်း စသော သိပ္ပံပညာနှင့်ပတ်သက်သည့် အ
ကြောင်းအရာများကို ပြောပြသည့်အခါများမှာလည်း သူတို့ဘဝမှာ မကြားဖူး။ မမြင်ဖူးသည့်အတွက် ပုံပြင်တစ်ခုလိုပင် ဖြစ်နေတတ်သည်။ တောင်ယာလုပ်ငန်းနှင့်ပင် အသက်မွေးဝမ်းကျောင်း ပြုနေကြရသော
တောင်တန်းပျော်တောင်ပေါ်သားတို့ဘဝမှာသိပ္ပံအကြောင်းကို စိတ်မဝင်စားဘဲ မိရိုးဖလာတောင်ယာအလုပ်
ကိုသာ စိတ်ဝင်စားကြသည်။ တောင်ယာအလုပ်၌ပင် နစ်မြှုပ်နေကြ၏။ တောင်ပေါ်နာဂဒေသတွင် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာယဉ်ကျေးမှုများတိုးတက်မှုအားနည်းသေးသောကြောင့်အခက်အခဲတစ်စုံ
တစ်ခုနှင့် ရင်ဆိုင်တွေ့ကြုံရပြီဆိုလျှင် ဆောက်တည်ရာမဲ့ ဖြစ်နေကြရသည်။
တစ်နေ့ဝယ် “အနိုး”ဆိုသူသည် လက်မကို ဓားနှင့်ခုတ်မိ၍ သွေးများပန်းထွက်ကာ ဘုန်ကြီးကျောင်းသို့ ရောက်လာခဲ့သည်။စာရေးသူထံသို့ တိုက်ရိုက်မလာရဲဘဲ ကျောင်းခြံဝလမ်း တံခါးပေါက်
နားမှာ တအီးအီးအော်၍ ထိုင်နေသည်။အော်သံကြား၍ ထွက်ကြည့်သောအခါလက်မမှာကား ပြတ်လုလုပင်
ဖြစ်နေပေသည်။ လက်ဝါးပြင်တစ်ခုလုံးမှာလည်း သွေးများပေကျံနေ၏။ ဤသို့ ရောက်ရှိလာခြင်းမှာ စာရေးသူကို အလွန်အားကိုးတကြီးဖြင့် ရောက်ရှိလာခြင်း ဖြစ်ပေလိမ့်မည်။
ထိုလူနာအား စာရေးသူအနေဖြင့် ဆေးကုသပေးနိုင်စွမ်းမရှိခဲ့လျှင် “ငါ့တို့ကိုးကွယ်နေတဲ့ ပုဂ္ဂိုလ်ကြီး
ဟာ အလကားပဲ၊ ဘာတစ်ခုမျှ အားကိုးမရပါလား”ဆိုတဲ့ အတွေးဝင်သွားမည်မှာ သေချာနေပါသည်။ ထို့ကြောင့် ထိုလူနာကို ကျောင်းထဲသို့ခေါ်သွင်းပြီး အတတ်နိုင်ဆုံး ဒဏ်ရာကို ရေနွေးဖြင့် ဆေးကြောပေးပြီး
ဆေးရည်များ ထည့်ပေးရသည်။
ဤကဲ့သို့ ဆေးကုသပေးသည့်အခါ လူနာ၏စိတ်အစဉ်မှာ ရွှင်လန်းနေပြီး ဝမ်းလည်း ဝမ်းသာနေပါ
သည်။ စာရေးသူအနေဖြင့် ဤသို့ဆေးကုသရသည်မှာ ဆေးပညာကို တတ်ကျွမ်းထားသောကြောင့် မဟုတ်ပါ။ စာရေးသူ၏ ဒကာ၊ ဒကာမများက တောင်ပေါ်သို့အသွားမှာ အင်္ဂလိပ်ဆေး၊ ဗမာဆေးများ လှူဒါန်းပေးလိုက်ပြီး ဆေးပေးပုံပေးနည်းများကိုလည်း စာရွက်ဖြင့် ရေးပေးလိုက်သောကြောင့် ဖြစ်သည်။ ထို
လူနာကို သောက်ဆေး၊ လိမ်းဆေးများပေးပြီး သုံးလေးငါးရက် ကုသပေးလိုက်သောအခါ ထိုသူ၏ဒဏ်ရာမှာ
သက်သာသည်ထက် သက်သာလာပြီး ၁၂-ရက်လောက်အကြာတွင် လုံးလုံးကောင်းသွားပါသည်။ အနာ
ကောင်းသွားသောအခါ စာရေးသူကို ကျေးဇူးတင်လို့မဆုံးပါ။ ထိုသူက စာရေးသူကို “ကြမင်းပူ-ငါတို့ရွာမှာ
အမြဲနေပါ”တဲ့။ “ကြမင်းပူ-ရှိနေတော့ ငါ့တို့မှာလည်း အားကိုးရတာပေါ့။ ကလေးတွေကလည်း ကြမင်းပူကို
နှစ်သက်ကြတယ်။ကြမင်းပူ ပြန်သွားရင်ငါ့တို့မှာ မလွယ်ဘူး
”စသည်ဖြင့် နာဂစကားဖြင့် ပြောကြားပါသည်။ ကြမင်းပူဆိုတာဟာ နာဂလို ဘုန်းကြီးလို့ခေါ်တာပါ။
(၁၅) ရက်လောက်အကြာတွင် “ကျေးဇူးဆပ်တာပါ” ဆိုပြီး ကြက်ဥတစ်လုံး လာပေးသည်။ သူ့အနာကိုပျောက်အောင် ကုပေးလိုက်သောကြောင့်ဟု ထင်မိသည်။ စာရေးသူကို အလွန်ခင်မင်သွား၏။ထို
ပုဂ္ဂိုလ်သည် ဗုဒ္ဓဘာသာဟု အမည်ခံထားသော်လည်း သူတို့၏ရိုးရာနတ်ကို အစွဲအလမ်းကြီးစွာ ကိုးကွယ်နေ
သူဖြစ်သည်။
သူသည်ယခင်က ဘုန်းကြီးကျောင်းသို့ တစ်ကြိမ်တစ်ခါမျှ မလာဖူးပါ။အနာကောင်းသွားသည့်နောက်
ပိုင်းမှာ ဘုန်းကြီးကျောင်းသို့ အမြဲလာလေ့ရှိသည်။ တောင်ယာမှာ ပြောင်းဖူးစဖူးပြီ၊ ဟင်းသီးဟင်းရွက်များ စသီးပြီဆိုလျှင် ဦးဦးဖျားဖျား အမြဲလှူဒါန်းလေ့ရှိသည်။ ထိုပုဂ္ဂိုလ်ကျောင်းသို့လာတိုင်း “ရောဂါဖြစ်လျှင် နတ်မ
တင်ရဘူး။ အနာရှိက ဆေးရှိတယ်”စသည်ဖြင့် လောက၊ ဓမ္မနှစ်ထွေသောစကားတို့ဖြင့် မကြာခဏဆိုသလို
ပြောပြသောအခါ နတ်ကိုးကွယ်အယူဝါဒကို စွန့်လွတ်လိုက်ပြီး သူ့စိတ်ဓာတ်သည်လည်း ယခင်ကထက်ပိုပြီး
သိမ်မွေ့လာသည်ကို တွေ့ရသည်။
ကျောင်းသို့လာတိုင်းကျောင်းဝေယျာဝစ္စကိုလည်းကြုံ၊ကြုံသလိုလုပ်ပေးလေ့ရှိသည်။ဘုရားအကြောင်း
တရားအကြောင်းများနှင့် ပြောဆိုဆုံးမလျှင် သူသဘောပေါက်နားလည်သည်။ သူနှင့် စာရေးသူသည် ရှေးဘဝက ရေစက်ကြောင့်ဟုထင်မိသည်။ ဒကာ၊ ဆရာသဖွယ် စာရေးသူအပေါ်မှာ အလွန်ခင်မင်ရှာသည်။
စာရေးသူသည် တောင်တန်းမြေမှာ သာသနာပြုတာဝန် ထမ်းဆောင်ပြီးလို့အံ့ပေါ်ရွာမှ အပြီးပိုင်ထွက်ခွါလာ
တဲ့နေ့မှာ “ခင်မင်သူတစ်ယောက် ငါ့တို့မြေမှ ထွက်ခွါသွားတော့မယ်”ဆိုတဲ့ အသိဖြင့် သူဟာ စာရေးသူကြည့်ရင်း ဝမ်းနည်းလျက် ညှိုးငယ်နေသော မျက်နှာ၏ မျက်စိအစုံမှ ပါးပြင်ပေါ်သို့ တလိမ့်လိမ့်ကျဆင်းလာနေသော မျက်ရည်စက်တွေကို စာရေးသူမကြည့်ရက်နိုင်ခဲ့ပါ။
သစ္စာရောင်ခြည်
(၂၇-၈-၂၀၁၀)

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP