* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, August 7, 2010

*ပြည့်စုံအောင်*

ပြည်တော်ဦးဆရာတော် အရှင်ပဏ္ဍိစ္စ

~~~ဘာပဲလုပ်လုပ် ပြည့်စုံ ပြီးမြောက်အောင်~~~

၁) အာရမ္ဘဝီရိယ- တစ်နေရာရာကနေ သယ်ဆောင်ယူလာသလို စရောက်လာ၊ ရှိလာ၊ ဖြစ်လာတဲ့ အစမှာဖြစ်တဲ့ ဝီရိယမျိုး။ ဒီဝီရိယက ဘုန်းကြီးတို့ လူမျိုးတွေမှာ ယေဘုယျအားဖြင့် အဖြစ်များတယ် လို့ ပြောကြပေမယ့် တကယ်တော့ လူတိုင်းရှိကြတဲ့ အဖြစ်များကြတဲ့ ဝီရိယပါ။ ဒါပေမယ့် အခက်အခဲ တွေ့ရင် တွန့်သွားလို့ ရေရှည်မခံလို့ ဟုန်းခနဲတောက်ပြီး ဝုတ်ခနဲငြိမ်းတဲ့ ကောက်ရိုးမီးလို လုံ့လမျိုးလို့ တင်စား ပြောကြတယ် မဟုတ်လား။ ဒီဝီရိယမျိုးနဲ့တော့ ဘာပဲလုပ်လုပ် ပြည့်စုံ ပြီးမြောက် အောင်မြင်ဖို့ မဖြစ်နိုင်ပါဘူး။

၂) နိက္ကမဝီရိယ- ခါတွက်ထုတ်ပစ်သလို ဆန့်ကျင်ဘက်တွေကို တွန်းလှန်နိုင်တဲ့ သတ္တိမျိုးနဲ့ ပြည့်စုံတဲ့ ကြံ့ကြံ့ခံတဲ့ ဝီရိယမျိုး။ ဘာပဲလုပ်လုပ် အစလောက် ဘယ်ဟာမှ မနိမ့်ပါ မလွယ်ပါဘူး။ တက်လေ မြင့်လေ နက်လေ ခက်လေပါပဲ။ အဲဒီအခါမျိုးမှာ တွန့်မသွားဘဲ အကြောက်တရားကို ကိုင်လှုပ် ခြောက်ခြားနိုင်တဲ့ အခက်အခဲကို ကြံ့ကြံ့ခံနိုင်တဲ့ ဒီ နိက္ကမဝီရိယမျိုးရှိမှ လုပ်သမျှကို ခရီးရောက်အောင် လုပ်နိုင်ကြမှာပါ။ ဒီဝီရိယမျိုးကျတော့ ဘုန်းကြီးတို့ လူမျိုးတွေမှာ သိပ်မရှိကြဘူး။ အဖြစ်နည်းတယ်ပေါ့။ ဒါကြောင့် တစ်ခုခုကို ခရီး ရောက်အောင် လုပ်နိုင်တဲ့သူက လူနည်းစု ဖြစ်နေဦးမှာပါ။

၃) ပရက္ကမဝီရိယ- ရှေ့ဆုံးက စဖြစ်လိုက်တဲ့ အာရမ္ဘဝီရိယကနေ (ကောက်ရိုးမီးလို မဟုတ်ဘဲ) နောက်နောက် အစဉ်မပြတ် အဆက်မပြတ် တရစပ် အားထုတ်နိုင်တဲ့ ဝီရိယမျိုး။ စွဲစွဲမြဲမြဲ လုပ်နိုင်တဲ့ သတ္တိရှိလို “စွဲ” လို့ ပြောရာက “ဇွဲ” ဆိုတဲ့စကား ဖြစ်လာတယ်လို့ ဆိုကြပါတယ်။ အဲဒီဇွဲဆိုတဲ့ ပရက္ကမ လုံ့လဝီရိယမျိုး အထိ ဝီရိယ သုံးမျိုးလုံး စုံမှ အရာရာ ခရီးရောက် ပေါက်မြောက် အောင်မြင်ကြမှာပါ။ ဘာပဲလုပ်လုပ် ပြည့်စုံအောင် ဝီရိယ သုံမျိုး အစုံဆောင်ရပါလိမ့်မယ်။

အာရမ္ဘ၊ နိက္ကမ နဲ့ ပရက္ကမ တဲ့ သုံးဖြာ
များသတ္တာ သိဒ္ဓိပြီးအောင် ပွားကြစေရာ
တို့အမျိုးသား ရွှေမြန်မာ
ကိုးကွယ်တာ ရတနာသုံးပေမို့
လောင်းမြတ်စွာ ပါရမီခရီးကို
စံပြုကာ နည်းယူမှီး ကြပါစို့ကွယ်
ပွားစေရာ ဝီရိယသုံး ကို
စိတ်ကြီးဝင် အားကုန်ရုန်းမယ်
“ကျုံးလိုက်ရွှေဘုန်း”။

ပြည်တော်ဦး ဆရာတော် အရှင်ပဏ္ဍိစ္စ ဘလော့ဂ်မှ ကူးယူဖော်ပြ မျှဝေပါသည်။

ဒါကတော့ ၂၀၀၇ ခုနှစ် ဗိုလ်တစ်ထောင် ဘုရားပွဲမှာ ကျင်းပပြုလုပ်တဲ့ တရားပွဲကနေ မှတ်သားဖြစ်ခဲ့တဲ့ ဆရာတော့်ရဲ့ အဆုံးအမလေးပါ။ ပြည့်စုံအောင် ဒီအဆုံးအမလေးပါ ထပ်မှတ် လိုက်နာ ကျင့်ကြံလိုက်ပါဦး။

လောကီရေး ဖြစ်ဖြစ်၊
လောကုတ္တရာရေး ဖြစ်ဖြစ်၊
ရွပ်ရွပ်ချွံချွံကို လုပ်မှ၊
ပျင်းတာဖျင်းတာ၊ အစွမ်းအစနည်းတာ၊
သူရဲဘောကြောင်တာ လိုလို၊ ရောင့်ရဲတာလိုလို၊
သံဝေဂလိုလို ဘာလိုလိုနဲ့
ရောမချဖို့ သိပ်အရေးကြီးတယ်။

အင်း.. ဘာပဲပြောပြော မှတ်ပုံတင်ပေါ်က ကျွန်တော့်နာမည်က ပြည့်စုံအောင် ဆိုတော့ ပြည့်စုံအောင်ရေ ဒီအဆုံးအမတွေနဲ့ ပြည့်စုံအောင် အရင်ဆုံး ဖြည့်ကျင့်ရမှာက မင်းကိုယ်တိုင်ပဲလို့ ကိုယ့်ကိုယ်ကို အထပ်ထပ် သတိပေးရင်း..

လေးစားရိုသေစွာဖြင့်
ဖိုးသား
8/7/2010, SAT:, 9:41:32 AM

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP