ဆရာတော်ဘဒ္ဒန္တပဒုမ၏ ထေရုပတ္တိ (နိဂုံး)
သာသနာ့တာဝန်များကို ကိုယ်ကျိုးမဖက် အနစ်နာခံကာ ကြိုးစားဆောင်ရွက်တော်မူခဲ့ကာ နောက်ပိုင်းနှစ်များတွင် နေထိုင်မကောင်းမှုများ မကြာခဏဖြစ်ခဲ့ပြီးနောက် ဆရာတော်ဦးပဒုမသည် (၁၃၇၀)ခုနှစ် တပေါင်းလဆုတ် (၉)ရက်၊ (၁၉-မတ်-၂၀၀၉) ကြာသပတေးနေ့ ညနေ (၄း၂၀) မိနစ် အချိန်တွင် ပဲခူးမြို့၊ အောင်မင်းခေါင်ကုန်းမြေ၊ ကသစ်ဝိုင်ဓမ္မရိပ်သာကြီး၌ တစ်ဘဝခန္ဓာ ဇာတ်သိမ်းတော်မူခဲ့ပါသည်။
တင့်တယ် လျှောက်ပတ် ပူဇော်ကြ
ဆရာတော်ကြီး၏ ဥတုဇရုပ်လောင်းစံကျောင်းတော်၌ သီတင်းသုံးစဉ် ဓမ္မကထိကများ ပင့်ဆောင်၍ တရားပွဲကြီးကို သုံးညတိုင်တိုင် ကျင်းပပြုလုပ် ပူဇော်ကြပါသည်။ ဆရာတော်ကြီး၏ ဥတုဇရုပ်လောင်းတော်ကို (၁၃၇၀)ခုနှစ် နှောင်းတန်ခူးလဆန်း (၂)ရက်၊ (၂၇-မတ်-၂၀၀၉) သောကြာနေ့တွင် ကြီးကျယ်ခမ်းနားစွာ တပည့်သံဃာ သီလရှင် ယောဂီ ဆွေတော်မျိုးတော်၊ မြို့သူ မြို့သား ပရိတ်သတ်တို့သည် ဆရာတော်ကြီး၏ ဇာတိချက်ကြွေ မွေးရပ်မြေဖြစ်သော သနပ်ပင်မြို့ အောက်စုရပ်ကွက်ရှိ သုဿန်၌ လျောက်ပတ်တင့်တယ်စွာ မီးသင်္ဂြိုလ် ပူဇော်ခဲ့ကြပါသည်။
(၁၃၇၀)ခုနှစ်၊ နှောင်းတန်ခူးလဆန်း (၁၃)ရက်၊ (၇-ဧပြီလ-၂၀၀၉) အင်္ဂါနေ့တွင် ရန်ကုန်တိုင်း ဦးတင်လှိုင်+(ဒေါ်ခင်စန်းကြည်)မိသားစုတို့မှ ဦးဆောင်မတည်၍ တပည့်ဒါယိကာ ဒါယိကာမများက မန်းကျောင်းတိုက် ဓမ္မရိပ်သာ၌ ဘုရားအမှူးရှိသော ထေရ်သံဃာအရှင်မြတ်များနှင့် ဧည့်ပရိတ်သတ်တို့အား ဆွမ်းအစရှိသော ဒါတဗ္ဗဝတ္ထုအစုစုတို့ကို လှူဒါန်းကြပြီး ဓမ္မာနုဂ္ဂဟ အမျှတန်းပေးဝေကာ တရားဖြင့် ကျေးဇူးဆပ်ပူဇော်ကြပါသည်။
နေ့ (၁)နာရီ အချိန်တွင် စစ်တောင်းမြစ် မြစ်လက်တက် တူးမြောင်း သနပ်ပင်ချောင်းတွင် ခမ်းခမ်းနားနား တင့်တယ်စွာ စုပေါင်း၍ သရီရဓာတူဒက အရိုးဓာတ်ပြာရေမျှော ပူဇော်ပွဲကို ကျင်းပပြုလုပ်ခဲ့ကြပါသည်။
ကျေးဇူးတော်ရှင် ဆရာတော်ဘုရားကြီး၏ တစ်ဘဝနိဂုံး ပြီးဆုံးပါသော်လည်း ဆရာတော်ဘုရားကြီး၏ အရိပ်၊ ဆုံးမသြဝါဒ၊ ပြုခဲ့သော သာသနာအပေါ် ကြည်ညိုဖွယ်ရာ ကောင်းလှပါပေသည်။ သရီရဓာတူဒက အရိုးဓာတ်ပြာရေမျှောပူဇော်ပွဲ စည်ကားသိုက်မြိုက်ဖြစ်မြောက်အောင် ဦးဆောင်မတည်ပေးသော ဆရာတော်၏ တပည့်များဖြစ်သော ရန်ကုန်မြို့မှ ဦးတင်လှိုင်+ဒေါ်ခင်စန်းကြည် မိသားစုတို့နှင့် တပည့်ဒကာ ဒကာမများအားလုံး၏ ကျေးဇူးသိတတ်မှုကို မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။
သနပ်မြို့၊ မန်းကျောင်းတိုက်အတွင်းဝယ် ဆရာတော်ဦးပဒုမ သီတင်းသုံးနေထိုင်ခဲ့သော ကျောင်းဆောင်။

0 comments:
Post a Comment