*ဘ၀ပညာ*
0 အကြံပြုပါသည်။ Posted in: မျှဝေခြင်း
04.08.2010 ထုတ် Weekly Eleven ဂျာနယ်မှာပါတဲ့ဆောင်းပါးရှင် အရှင်သံဝရာလင်္ကာရ (ဓမ္မပိယဆရာ တော်)ရေးသားသော“ဘ၀ပညာ” ဟူသောဆောင်းပါးကို ဓမ္မမိတ်ဆွေသူတော်ကောင်းတို့အား ပြန်လည်၍ မျှဝေလိုက်ခြင်းဖြစ်ပါတယ်။
ပညာဟုဆိုလိုက်လျှင် အတန်းပညာ၊ ကျောင်းပညာကိုသာ ပြေး၍ မြင်ကြ၏။ အမှန်စင်စစ် ပညာဟူသည်မှာ အလွန်တရာပင်ကျယ်ပြန့်လှ၏။ ဘ၀ပညာဟူသည်မှာအတန်းပညာ၊ ကျောင်းပညာနှင့်မလုံလောက်၊အဆင့် မြင့်ပညာတွေတတ်မြောက်၍ မဟာဘွဲ့၊ပီအိပ်ခ်ျဒီစသည်တွေရစေဦးတော့ ပညာပြည့်စုံပြီဟူ၍မဆိုနိုင်သေး ချေ။ကျောင်းငယ်၊ကျောင်းကြီး၊ တက္ကသိုလ်အသီးသီးတို့မှရသော ပညာသည်ဘ၀ပညာ၏ နိဒါန်းမျှသာရှိပါ သေး၏။
ဘ၀မှာအနေတတ်ဖို့ အရေးကြီး၏။ အနေတတ်နည်းပညာသည် ဘ၀ပညာပင်ဖြစ်၏။ ဘ၀ကိုဘယ်လိုထူ ထောင်မလဲ။ဘ၀ကိုဘယ်လို အကောင်အထည်ဖော်မလဲ။ ဘ၀ကို ဘယ်လိုအသုံးပြုမလဲ။ ဘ၀မှာအနှစ်သာ ရရှိရှိဘယ်လိုနေထိုင်မလဲ။ ဘယ်လိုနေမလဲ။ ဘယ်လိုသေမလဲ။ နေနည်းသေနည်း နှစ်ခုလုံးကိုနားလည် သောပညာသည် ဘ၀ပညာဖြစ်သည်။ ဘ၀ပညာသည် ဒဿနိကပညာတစ်မျိုးဖြစ်သည်။ စာပေပညာအပြင် ကိုယ်ပိုင်ဘ၀ကပေးသော ကိုယ်ပိုင်အတွေးအခေါ်၊ ကိုယ်ပိုင်အယူအဆဟူသော ဒဿနိကပညာဟုဆိုက ပို၍နီးစပ်၏။
ကိုယ်ပိုင်အတွေးအခေါ်ဟု ဆိုသော်ငြား စင်စစ်အားဖြင့် စာတွေ့လေ့လာ၍ ကိုယ်တွေ့နှင့်ညှိနှိုင်းပြီးမှ ထွက်ပေါ်လာသော အတွေးအခေါ် အယူအဆပင်ဖြစ်၏။ သိပ္ပံပညာ၌သော်မှ တီထွင်မှုဟူသည်ရှိပြီး အကြောင်းအရာ ပစ္စည်းပစ္စယတို့ကို အကြောင်းခံ၍ ဆောင်ရွက်မှုမျှသာဖြစ်၏။ ထိုကဲ့သို့ပင် အတတ်ပညာ၊ အသိပညာတို့ကို ဆည်းပူးပြီးမှ မိမိ၏ ဘ၀ကပေးသော သင်ခန်းစာတို့ဖြင့် နှိုင်းချိန်ယူရသော ပညာသည် ဘ၀ပညာဖြစ်၏။ 'မနတိ ဇာနာတီတိ မနုေဿာ' ဟူသော ၀ိဂြိုဟ်အရ သိတတ်သူကို လူဟုခေါ်သည်။ အရစ္စတိုတယ်ကလည်း 'လူသည် သဘာဝအားဖြင့် သိလိုသော ဆန္ဒရှိသည်' ဟုဆိုသည်။လူသည်သိချင်စိတ် တတ်ချင်စိတ်ရှိသော သတ္တ၀ါမျိုးဖြစ်သည်။ ထိုစိတ်အရင်းခံကြောင့်ပင် သိလာ၊တတ်လာသည်။ ထိုသို့သိလာ တတ်လာခြင်းကြောင့်ပင် လူနေမှုအဆင့်အတန်း တိုးတက်လာခဲ့သည်။ အသိတွေမြင့်လေ၊အတတ်တွေမြင့် လေလူနေမှုဘ၀တွေ မြင့်လေမြင့်ခဲ့သည်။
လူသားသည် သိချင်စိတ်ရှိသည့်အလျောက် လေ့လာစူးစမ်းနေသောကြောင့် 'အသိ' ကိုရရှိလာသည်။အသိ ရှိလာသောကြောင့် 'အတတ်'တွေရရှိလာသည်။ အသိကြောင့် အတတ်တွေ ပေါ်လာသလို အတတ်ကြောင့် လည်းအသိတွေ ပေါ်လာသည်။အသိကို 'အသိပညာ'၊ အတတ်ကို 'အတတ်ပညာ'ဟုဆိုကြသည်။ သို့သော် အသိချည်းလည်း ပညာမဟုတ်သေး။ အသိနှင့်အတတ် ပေါင်းစပ်ပြီးနောက် ထိုပေါင်းစပ်မှုကို အခြေပြုကာ တွေးခေါ်မြော်မြင် ဆင်ခြင်သုံးသပ်ပြီးကာမှ ရရှိလာသောအဆီအနှစ်သည်သာ 'ပညာ' ဟု ခေါ်ရလေသည်။
သိပ္ပံပညာ၊ ၀ိဇ္ဇာပညာစသည်ဖြင့် အတတ်များစွာကို ပညာတတ်၍ ခေါ်ကြသည်ကို မကန့်ကွက်လိုသော် လည်းအကောင်းအဆိုး၊ အကျိုးအပြစ်ကိုခွဲခြမ်းစိတ်ဖြာ ဝေဖန်နိုင်စွမ်းရှိသော ဉာဏ်သည်သာပညာဖြစ်သည်။ ထိုပညာသည် ဘ၀ပညာဖြစ်သည်။ 'ကျွန်ုပ်၏ အတွေ့အကြုံအရဆိုရပါမူ ကျောင်းသင်ပညာရေးသည် သာမန်မျှသာဖြစ်သည်။ ပို၍အရေးပါသည်မှာ တစ်သက်ပတ်လုံး မိမိကိုယ်မိမိ ပြန်လည်သင်ပေးခြင်းဖြစ် သည်'ဟုအမေရိကန် စာရေးဆရာကြီး ဂျိန်းစ်အေမစ်ချနားက ဆိုခဲ့လေသည်။
အမေရိကန် ရေတပ်ဗိုလ်ချုပ်ကြီး ၀ီလျံကောလ်ဟုန်းကလည်း 'ကျွန်ုပ်သည် ကျောင်းဆရာ၊ စီးပွားရေးလုပ် ငန်းရှင်စစ်သား၊ခရီးသည်၊စာရေးဆရာဟူသော အလုပ်အမျိုးမျိုးကိုလုပ်ခဲ့သည်။ထိုလုပ်ငန်းများအတွက်မည် သည့်တက္ကသိုလ်ကမှ အခြေခံပညာကို မပေးနိုင်ခဲ့ချေ။ ကျွန်ုပ်ကိုကျွန်ုပ် ပြန်လည်ပညာသင်ကြားပေးမှုဖြင့် သာထိုလုပ်ငန်းဆောင်တာတို့ကို လုပ်ခဲ့ရလေသည်'ဟုဆိုခဲ့လေသည်။
'လူတိုင်း၌ ပညာသင်ယူမှုနှစ်မျိုးရှိ၏။ ပထမပိုင်းက သူတစ်ပါးကမိမိကို သင်ကြားပေးခြင်းဖြစ်၏။ ဒုတိယပိုင်းက မိမိကိုယ်ကိုမိမိက သင်ကြားပေးခြင်းဖြစ်၏'ဟု ဗြိတိသျှသမိုင်းပညာရှင် အက်ဒွပ်ဂစ်မန်းက ဆိုခဲ့သည်။
ဘ၀ဟူသည် သင်ခန်းစာပေါင်း မြောက်မြားစွာပို့ချနေသော တက္ကသိုလ်ကျောင်းတော်ကြီးဖြစ်သည်။ ထိုဘ၀ တက္ကသိုလ်ထဲက ပညာရပ်တွေကို နေ့နေ့ညည သင်ယူနေရမည်။ ထိုပညာရပ်တွေသည်သာ ဘ၀အတွက် လက်တွေ့အသုံးဝင်သော ဘ၀ပညာတွေဖြစ်သည်။
တချို့ကဘွဲ့လေးတစ်ခုရ ကျောင်းပြီးပြီဟုဆိုကြသည်။ ကျောင်းပြီးတာတော့ မှန်ပါသည်။ ပညာရေးကတော့ အခုမှစလုံးရေစသာ ရှိသေးသည်။ ဘ၀ပညာသည် 'တစ်သက်တာပညာရေး' ဖြစ်သည်။ ကျောင်းသင်ပညာရေးသည် 'လူ့ဘ၀ခရီးလမ်းကို အကြမ်းသဘော ခင်းပေးလိုက်ရုံမျှသာ ရှိသေးသည်။ လမ်းချောမဟုတ်သေးပေ။ လမ်းချောအောင် အမြဲတစေသင်ယူ ဖြည့်ဆည်းပေးနေရမည်။
ကျောင်းသင်ပညာကို အခွင့်မသာ၍ သင်ကြားခွင့် မရသူတို့မှာ ပညာရေးနှင့်စပ်၍ စိတ်ပျက်နေဖို့မလိုပါ။ စိတ်အားငယ်နေဖို့ မလိုပါ။ ဘွဲ့ရမှပညာတတ်သည်ဟူသော အယူအဆအစွဲအလမ်းကို ခေါင်းထဲကထုတ်ပစ် လိုက်ပါ။ကမ္ဘာကျော်ပုဂ္ဂိုလ် အများစုကျောင်းစာမတော်ခဲ့ကြပါ။ ကျောင်းမပြီးခဲ့ကြပါ။ ယခုခေတ် သားသမီးကို ကျောင်းစာမေးပွဲ အဆင့်တစ်ရမှ၊ အဆင့်နှစ်ရမှဆိုသောမိဘများ အထူးသတိပြုစေလိုပါသည်။ အောင်မြင်မှုကတောင်းဆိုသည်မှာ ပထမတန်းစား ဉာဏ်ရည်ဉာဏ်သွေးမဟုတ်။ ပထမတန်းစား ဇွဲဟူသော ပညာရှိတို့စကား မှတ်သားဖို့လိုပါသည်။
ဘ၀အောင်မြင်ရေးအတွက် သိချင်စိတ်၊တတ်ချင်စိတ်၊ဆည်းပူးချင်စိတ်၊သုံးသပ်နှလုံးသွင်းချင်စိတ်၊အောင် မြင်ကြီးပွားချင်စိတ်တို့ကိုသာ ရှင်သန်အောင်မွေးမြူပြီး ကိုယ့်အားကိုယ်ကိုး 'တစ်သက်တာပညာ' ဆည်းပူး ရေးတွင်ကောင်းစွာဆောင်ရွက်ပါက အောင်မြင်သောဘ၀ဖြစ်နိုင်ပါသည်။ သင်ယူမှုကို ဘယ်သောအခါမှ ရပ်မပစ်လိုက်ပါနှင့်ဟု ပညာရှိတို့ကဆိုပါသည်။
အသက်အရွယ်ကြီးရင့်သူတို့၌ အတွေ့အကြုံများသဖြင့် ဘ၀ပညာနှင့်ပြည့်စုံနေကြသည်။ သူတို့တစ်သက် တာဘ၀ပညာကို လူငယ်လူရွယ်များအား ပေးလှူနေသော လူကြီးသူမတို့များစွာရှိကြသည်။ ဘ၀ပညာကို လိုလားသူ လူငယ်လူရွယ်တို့သည် ထိုလူကြီးသူမတို့ထံမှ ဘ၀ပညာကို ဆည်းပူးရယူနိုင်သည်။ ခေါင်းသုံးလုံး ရှိသောအဘိုးအိုကို ဆည်းကပ်ပါဟူသည်မှာ ဤအဓိပ္ပာယ်ဖြစ်၏။
ဘ၀ပညာသည် အလှပညာဖြစ်သည်။ ဘ၀ပညာသည် ကိုယ့်ဘ၀ကိုလည်း ရုပ်ဆိုးကျည်းတန်မဖြစ်စေရ။ သူများတကာတွေ ဘ၀ကိုလည်း ရုပ်ဆိုးအကျည်းတန်မဖြစ်စေရ။ အတ္တပရဘ၀နှစ်မျိုးလုံးကို အလှဆင်သော ပညာသည် ဘ၀ပညာဖြစ်သည်။
ဘ၀ပညာသည် အတ္တအတွက်လည်း ဒုက္ခကိုရှောင်ရှား၊ပရအတွက်လည်း ဒုက္ခတွေဆောင်မထားဘဲ အတ္တပရ နှစ်ဦးနှစ်ဝသုခနှင့်ပြည့်စုံအောင် ဆောင်ရွက်သောပညာဖြစ်သည်။ ဘ၀ပညာသည် မည်သူ့ကိုမျှ စိတ်ကသိ ကအောင့်မဖြစ်စေဘဲ မည်သူကိုမျှအနှောင့်အယှက်မပေးဘဲ ကူညီရိုင်းပင်းမှုကိုသာပေးသောပညာဖြစ်သည်။
တတ်သိသူနှင့်သိတတ်သူနှစ်မျိုးတွင် တတ်သိသူသာပေါများ၍ သိတတ်သူရှားပါးသတဲ့။ ဘ၀ပညာသည် တတ်သိခြင်းမဟုတ်။ သိတတ်ခြင်းသာဖြစ်သည်။ မိဘအပေါ်လည်း သိတတ်သည်။ ဆရာသမားအပေါ်လည်း သိတတ်သည်။ ကျေးဇူးတရားကိုလည်း သိတတ်သည်။ တာဝန်ကိုလည်း သိတတ်သည်။ ၀တ္တရားကိုလည်း သိတတ်သည်။လူမှုရေးလည်း သိတတ်သည်။ ပြောစရာ၊ဆိုစရာ၊သင်စရာမလိုဘဲ အသိတရားက သူ့အလိုလို ရှိသူဖြစ်သဖြင့် အရာရာ၌သိတတ်ခြင်းသည် ဘ၀ပညာဖြစ်သည်။
တချို့စည်းကမ်းတွေသည် သီးသန့်သတ်မှတ်ထားခြင်းမဟုတ်။ ကိုယ့်အသိတရားနှင့်ကိုယ် လိုက်နာကြရခြင်း ဖြစ်သည်။ အလိုက်သိ၊အလိုက်တသိဟူသော ဝေါဟာရနှင့်သဘောတရားသည် နေရာတိုင်း၌လိုအပ်သည်။ ထိုအလိုက်သိမှု၊ အလိုက်တသိရှိမှုသည် ဘ၀ပညာဖြစ်သည်။ လောကမှာ အလိုက်သိမှုတစ်ခုမရှိမဖြစ်လို အပ်သည်။အလိုက်မသိသူနှင့် ပေါင်းသင်းဆက်ဆံရ၊ နေထိုင်ရတာလောက် ဆင်းရဲတာဘာမျှမရှိ။ ထို့ကြောင့် အလိုက်သိတတ်မှုလေး တစ်ခုတော့လူတိုင်းမှာ ရှိစေချင်သည်။ထိုဘ၀ပညာဖြစ်သော အလိုက်သိတတ်မှုမှ နေ၍ကိုယ်ချင်းစာတရားဆိုတာပေါ်လာသည်။အားနာတတ်မှု၊ကူညီရိုင်းပင်းတတ်မှု၊ထောက်ထားမှု၊စာနာမှု၊ ငဲ့ညှာမှု၊ဦးစားပေးမှုစသော မြန်မာ့ယဉ်ကျေးမှုများ ပေါ်ပေါက်လာရသည်။
တစ်ဖက်သားကို အားနာတတ်မှုသည် နူးညံ့သောစိတ်ထား၊မွန်မြတ်သောစိတ်ထားမှလာသည်။ နေရာတိုင်း၌ အားနာဖို့မလိုသော်လည်း အားနာတတ်သော မြန်မာ့ယဉ်ကျေးမှုလေးတစ်ခု မပျောက်ကွယ်သင့်ပေ။ လူတို့ကြား၌ အရေးတကြီးလိုအပ်သော ကိုယ်ချင်းစာတရားသည် အားနာမှုမှလည်းလာသည်။ငဲ့ညှာမှု၊ စာနာမှု၊ထောက်ထားမှုတို့မှလည်းလာသည်။ ထိုကောင်းမြတ်သော အမူအကျင့်တို့သည် ဘ၀ပညာမှနေ၍ လာကြသည်။
ကျက်ဉာဏ်၊မှတ်ဉာဏ်တို့သည် အတတ်ပညာရပ်တို့နှင့်ဆိုင်သော်လည်း စဉ်းစားဉာဏ်၊ဆင်ခြင်ဉာဏ်၊ထိုး ထွင်းဉာဏ်၊သဘောဉာဏ်၊တင်္ခဏုပ္ပတ္တိဉာဏ်၊ဟာသဉာဏ်စသည်တို့ကား ဘ၀ပညာရပ်နှင့်ဆိုင်သွားသည်။ ကာလဒေသပုဂ္ဂလကို ခွဲခြားနားလည်မှု၊ဌာနာ ဌာနကောသလ္လဉာဏ်တို့မှာလည်း ဘ၀ပညာရပ်မှသာရရှိ နိုင်သည်။
ဘ၀တွေပိုင်ဆိုင်ထားသူ ဘ၀ပိုင်ရှင်တိုင်းကတော့ ကိုယ့်ဘ၀ကိုယ်လှချင်ကြသည်။ လှတပတဖြစ်ချင်ကြ သည်။ဘ၀တွေလှဖို့အတွက် အဓိကလိုအပ်တာကတော့ 'ဘ၀ပညာရပ်'သာဖြစ်သည်။
အရှင်သံဝရာလင်္ကာရ (ဓမ္မပိယဆရာတော်)
အားလုံးသောဓမ္မမိတ်ဆွေများလည်း အသိဥာဏ်ပညာများတိုးပွားကြပါစေ။


0 comments:
Post a Comment