ကိုးရာမဲ့ချိန်

ချိုလှပါတယ်ထင်ခဲ့တဲ့ ဂီတအသံ
နားဝင်ပီယံ မရှိနိုင်တော့။
မြိန်လှပါတယ်ဆိုတဲ့ စားသောက်ဖွယ်ရာ
လျှာပေါ်မှာတောင် မတင်ချင်တော့။
ဝတ်ချင်တတ်ခဲ့ပါတဲ့ အ၀တ်တန်ဆာရတနာ
ဘာဆိုဘာမှ မဆင်မြန်းချင်တော့။
ရှေးကအားထား
သင်ထားခဲ့သမျှ လောကပညာ
ရှာထားခဲ့သမျှ လောကဥစ္စာ
သိထားခဲ့သမျှ လောကဆွေညာ
ကျန်းမာရေးချွတ်ယွင်း
ဖောက်ပြန်ညှင်းပြီဆိုလျှင်
တကယ်ပင်နတ္ထိ
ကိုးစားစရာဟူ၍ မတွေ့ရှိနိုင်တော့။
မိမိလုပ်ခဲ့သမျှ
စိတ်ထဲကလျှောက်တွေး
အသပြာကြေးအတွက်လုပ်ခဲ့သမျှ
ကောင်းလေစွဟုလည်းမထင်မိတော့။
ဘ၀သာယာရေးအတွက်လုပ်ခဲ့သမျှ
ဟုတ်လေစွဟုလည်းမမြင်မိတော့။
တစ်ခုပဲတွေးမိသည်
တတ်စွမ်းသမျှ ဖေးကူမခဲ့တာတွေ
လောကကောင်းကျိုးအတွက်
ဆောင်ရွက်ပေးခဲ့သမျှလေးတွေသာ
ခုချိန်မှာကြေနပ်
အနေမကြပ်အောင်ရှိတော့သည်။
တကယ်သေချိန်ရောက်ခဲ့လျှင်--
အိပ်ယာဖျာကပ်ဘ၀ ရောက်ခဲ့လျှင်--
ကိုယ့်ပြုခဲ့တာတွေကိုယ်ပြန်မြင်ခဲ့လျှင်----
ဘယ်အရာတွေကများ
(မင်းမမှားခဲ့ပါဘူးရယ်လို့)
ကိုယ့်ကိုအားပေးနိုင်မှာလဲ။

0 comments:
Post a Comment